ဒီပိုစ်လေးကတော့
(30.09.09) ဗုဒ္ဓဟူးနေ့ထုတ် (WEEKLY ELEVEN) မှာပါတဲ့
လူထုစိန်ဝင်းရေးသားတဲ့ ဆောင်းပါးလေး တစ်ပုဒ်ဖြစ်ပါတယ်။
ကျွန်တော်ဖတ်နေရင်းနဲ့ စိတ်ထဲမှာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့
စာဖတ်သူများကို သိစေချင်တဲ့ဆန္ဒနဲ့ မူရင်းအတိုင်း
ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဆောင်းပါးလေး အမည်ကတော့-
အိမ်ဦးနတ်အစွဲနဲ့ရောင်းကုန်စိတ်ဓာတ်ဒီခေတ်ဂျာနယ်၊
မဂ္ဂဇင်းတွေ ဖတ်ရတာ တော်တော်အကုသိုလ်ဖြစ်ပါတယ်။ မြန်မာမိန်းခလေးတွေရဲ့
ဝတ်ပုံစားပုံ လော်လီတာတွေကို ကြည့်ပြီးစိတ်ထဲက “ဆတ်ဆလူးမလေးတွေပဲ” အစချီတဲ့
ဖရုဿဝါစာမျိုးတွေနဲ့ အသံမထွက်ဘဲ ကောက်ချက်ချမိပါတယ်။ ဒီတော့အလကားနေရင်း
အကုသိုလ်မဖြစ်ဘဲ ဘယ်နေတော့မလဲ။ လွန်လွန်းနေပြီ ကဲပုံတွေလည်းကြည့်ဦးလေ။
ကျောတစ်ပြင်လုံး ခါးထိအောင် ဟာလာဟင်းလင်းဝတ်လိုဝတ်၊ အပေါ်ပိုင်းတစ်ခုလုံး
ဗလာကျင်းထားတဲ့ “ရင်ရှား” ၀တ်စုံဝတ်လိုဝတ်နဲ့ သိပ်ကို
နိုင်ငံတကာအဆင့်မှီဖြစ်နေကြပါတယ်။ နိုက်ကလပ်လို နေရာမျိုးသွားတဲ့အခါ
ဝတ်ချင်ဝတ်ပါ။ ခုတော့မင်္ဂလာဆောင်တို့ မွေးနေ့ပွဲတို့လို နေ့ခင်းကြောင်တောင်
လူပုံအလယ်မှာ လုပ်တဲ့ပွဲတွေကို တောင်မျက်နှာပြောင်တိုက် ၀တ်ရဲကြတာတော့
တော်တော်အံသြမိတယ်။ မော်ဒယ်ရှိုးတွေမှာ မီးမောင်းထိုးထားပြီး
ကိုယ်ဟန်ပြကြတာလည်း အမြင်ရိုင်းလှပါတယ်။ အဘိုးကြီးမို့ ဒိတ်အောက်ပြီ
“အန်းတစ်” ဖြစ်နေလို့ ပြောတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အစိတ်
သုံးဆယ်လောက်ကတောင် မိန်းခလေးတွေ ဆံပင်တိုတိုညှပ်ပြီး ဘောင်းဘီဝတ်တာကို
အားပေးခဲ့တာပါ။ အခုလည်း ဟစ်ဟော့ဂီတကို နှစ်သက်အားပေးနေသူပါ။
တချို့မိန်းကလေးတွေ အထူးသဖြင့် ဖျော်ဖြေရေးနယ်ပယ်က မိန်းကလေးတွေ
(အနုပညာရှင်လို့ မပြောချင်ပါဘူး) ကတော့ လွန်လွန်းအားကြီးနေပြီလို့
ထင်ပါတယ်။
မြန်မာမျက်စိနဲ့ကြည့်တာ
ဒါထက်ဆိုးတာရှိပါသေးတယ်။
အဲဒီနယ်ပယ်က မိန်းခလေးတွေပါပဲ။ လူရှေ့ သူရှေ့ မရှက်မကြောက်
တစ်ယောက်ပြိးတစ်ယောက် “ထည်လဲ” တွဲပြလိုက်ကြ၊ ကွဲပြလိုက်ကြနဲ့
မြန်မာမိန်းကလေးတွေ မဟုတ်ကြသလိုပါပဲ။ နက်ဖြန်ယူတော့မှာလိုလို၊ သန်ဘက်ခါ
ယူတော့မှာလိုလိုနဲ့ နောက်လုံးဝမယြူုဖစ်တော့ နစ်နာကျန်ရစ်ရတာက ဘယ်သူလဲ။
သူတို့တတွေက “နိုင်ငံတကာအဆင့်မီ” တွေမို့ ရှက်ရကောင်းမှန်းမသိပေမယ့်
ဒီနိုင်ငံက မြန်မာနိုင်ငံ၊ လူမျိုးက မြန်မာလူမျိုးတွေလေ။
ဒီတော့“နိုင်ငံတကာမျက်စိနဲ့ ဘယ်ကြည့်မလဲ” “မြန်မာ မျက်စိနဲ့” ကြည့်ပြီး
မြန်မာယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ပဲ အကဲဖြတ်ကြမှာပေါ့။ ဒီခေတ်က ပါးစပ်နဲ့
တီးတိုးသတင်းလွင့်တဲ့ ခေတ်မဟုတ်တော့ဘူး။ လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံရော၊
ဗီဒီယိုပါရိုက်ပြီး ချက်ချင်း အင်တာနက်ပေါ်တင်လို့ရတဲ့ ခေတ်ဖြစ်နေပြီလေ။
ဗြောင်လိမ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။
ရှောင်မလွတ်ပုံတွေ
“မမြင်ချင်
မကြည့်နဲ့လို့ ပြောလည်းစာနယ်ဇင်းတွေ မဖတ်ဘဲမနေနိုင်တော့ ၀ယ်ဖတ်ရတာပဲ။
စာနယ်ဇင်းအဖုံးတွေမှာကို အဲဒီလို “ရင်ရှား” ပုံတွေပါနေတော့ မကြည်ဘဲလည်း
မင်နေရပါတယ်။ အတွင်းမှာလည်း ကိုယ်ဖတ်ချင်တဲ့ စာကိုအဲဒီလိုမျက်နှာပြည့်
ရောင်စုံပုံတွေကြားမှာ မနည်းလိုက်ရှာပြီး ဖတ်နေရတာဆိုတော့ ရှောင်လို့ကို
မရနိုင်ပါဘူး။ ဖတ်ရှင်ဆိုတာ ဒီလိုပါပဲ။ ခေတ်စားလိုက်
ပျောက်သွားလိုက်ဖြစ်နေမှာပါ။
ရေးကြီးခွင်ကျယ်
လုပ်ပြောမနေပါနဲ့လို့ ဆိုသူတွေရှိပေမယ့် မပြောဘဲနေဖို့မသင့်ပါဘူး။
ဂျာနယ်မဂ္ဂဇင်းတွေထဲမှာ ပါနေတယ်ဆိုတော့ လူတိုင်းမြင်တွေ့နေရတာဖြစ်တယ်။
ပြီးတော့ ဖျော်ဖြေရေးနယ်ပယ်က လူတွေဆိုတော့ ကလေးတွေက
လိုက်အတုခိုးတတ်ကြပါတယ်။ ၀တ်ပုံစားပုံ အတုခိုးရုံတင်မက စာနယ်ဇင်းတွေထဲ
အမြဲပါနေတဲ့ ဖျော်ဖြေရေးသမားတွေရဲ့ “ထည်လဲထည်ချွတ်” ကိစ္စတွေ
တွဲလိုက်ခွဲလိုက် နောက်တစ်ယောက် ထပ်တွဲလိုက်ကိစ္စတွေကိုပါ အတုမြင် အတတ်သင်
ဖြစ်ကုန်မှာစိုးရပါတယ်။ ဒါကြောင့် ပြောရတာပါ။
ဘီကီနီနဲ့အားကစားဒီလိုအ၀တ်အစား
လော်လီကြတာ မြန်မာမိန်းကလေးတွေတင်မဟုတ်ပါဘူး။ သူတို့
အနောက်နိုင်ငံသူတွေလည်း အတူတူပါပဲ။ ပိုတောင်ကဲပါသေးတယ်။ တစ်လောက
ကျင်းပပြီးစီးသွားတဲ့ နိုင်ငံတကာ ပြေးခုန်ပစ်ပြိုင်ပွဲ တစ်ခုမှာ ၀ါသနာပါတဲ့
မီ(၁၀၀)ပြိုင်ပွဲနဲ့ အမြင့်ခုန် တုတ်ထောက်ခုန် ပြိုင်ပွဲတွေကို
ကြည့်ဖြစ်ပါတယ်။
အဲဒီမှာ
သတိထားမိတာတစ်ခုက ယောက်ျားအားကစားသမားတွေက အားကစားဘောင်းဘီ၊ အင်္ကျီတွေနဲ့
လုံလုံခြုံခြုံဝတ်ကြပေမယ့် အမျိုးသမီးတွေကတော့ အပြေးသမားတွေကလည်း
ဘီကီနီဝတ်စုံနဲ့ အခုန်သမားတွေကလည်း ဘီကီနီဝတ်စုံနဲ့ ချည်းဖြစ်နေပါတယ်။
နောက်တစ်ခါ စောင့်ကြည့်လေ့ရှိတဲ့ ကမ္ဘာ့ပတ်လည် တင်းနစ်ကစားပွဲတွေမှာလည်း
ဖက်ဒါရာတို့၊ နာဒယ်လ်တို့လို ယောင်္ကျားတွေက ဘောင်းဘီနဲ့ စပို့ရှပ်နဲ့
တင့်တင့်တယ်တယ်ခင်ဗျ။ ၀ီလျံညီအစ်မတို့၊ ရှာရာပိုဗာတို့လို
အမျိုးသမီးတွေကတော့ တင်ပါးကို ဖုံးရုံသာရှိတဲ့ စကတ်တိုနံ့နံ့လေးနဲ့
ချက်ပေါ်ဗိုက်ပေါ် အင်္ကျိမျိုးဝတ်ကြတယ်။ တင်ပါးဖုံးရုံသာဖုံးတဲ့ စကတ်တိုနဲ့
ကုန်းလိုက်ကွလိုက် ဘောလုံးရိုက်တဲ့ မြင်ကွင်းဟာ ဘယ်လိုမှကို မတင့်တယ်ပါဘူး။
မိန်းမဆိုတာရောင်းကုန်မဟုတ်ဒီခေတ်ကြီးမှာ
မိန်းခလေးတွေက ဘာကြောင့်များ ယောင်္ကျားလေးတွေထက် ပိုပြီး
အရှက်နည်းနေရသလဲဆိုတာ စဉ်းစားလို့ကိုမရပါဘူး။ မိန်းမသားများရဲ့
နောက်ဆုံးရည်မှန်းချက် ပန်းတိုင်ဟာ လင်ကောင်းသားကောင်းရဖို့ဆိုတဲ့
ရှေးခေတ်က ဆိုထားပါတော့ နားလည်နိုင်သေးတယ်။ အခုခေတ်က မိန်းမတွေ ပညာသင်
အလုပ်လုပ်ပြီး ငွေရှာနိုင်တဲ့ ခေတ်ဖြစ်နေပြီလေ။ ယောင်္ကျားတွေကို
ဆွဲဆောင်ညှို့ယူဖမ်းစားဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းကုန်ပစ္စည်းလို
ခင်းကျင်းပြသနေဖို့ မလိုတော့ပါဘူး။ မိန်းကလေးတွေ ကိုယ်တိုင်က ဒါကို
သဘောမပေါက်ကြသေးတာလား မပြောတတ်တော့ပါဘူး။ အမျိုးသမီးအခွင့်အရေးတို့
အမျိုးသမီး လွတ်မြောက်ရေးတို့ ကျယ်ကျယ်အော်နေတဲ့ အနောက်နိုင်ငံတွေမှာတောင်
မယ်စကြ၀ဠာပြိုင်ပွဲလို ပွဲကြီးတွေလုပ်နေကြတာ နားမလည်နိုင်တော့ပါဘူး။
ဒီလိုပြိုင်ပွဲတွေကို မြင်တိုင်းမျက်စိထဲမှာတော့ “နွားပွဲ” တွေကိုပဲ
ပြေးပြေးပြီး မြင်နေမိပါတော့တယ်။
ယောင်္ကျားက
အိမ်ဦးနတ်မဟုတ်အမျိုးသမီး လွတ်မြောက်ရေးဆိုတာ သူများဆီက
တောင်းယူလို့မရပါဘူး။ အမျိုးသမီးတွေ ကိုယ်တိုင် သူတို့ခေါင်းထဲမှာ
အမြစ်တွယ်နေတဲ့ “ရောင်းကုန်” စိတ်ဓာတ်ကိုဖယ်ရှား သုတ်သင်ပစ်ရပါမယ်။
ယောင်္ကျားက အိမ်ထောင်ဦးစီး၊ မိန်းမက အိမ်အိမ်ရှင်မဆိုတဲ့ အယူအဆကိုလည်း
စွန့်လွတ်ရပါမယ်။ ဒီခေတ်မှာ လင်ရော၊ မယားပါ အလုပ်လုပ်
ပိုက်ဆံရှာနေကြရတာဖြစ်လေတော့ အိမ်ထောင့်တာဝန်ကိုလည်း
ခွဲဝေယူကြရမှာဖြစ်ပါတယ်။ ယောင်္ကျား အိမ်ဦးနတ်ဆိုပြီး အိမ်ဦးခန်းမှာ
မိန့်မိန့်ကြီးထိုင်ပြီး သတင်းစာ ဖတ်နေလို့မရတော့ပါဘူး။ ရုံးချိန်အမီ
ထမင်းချိုင့်ယူသွားနိုင်အောင် ငရုတ်သီးဝင်ထောင်းဖို့လိုရင် ထောင်းပေး၊
ချိုင့်ဆေးဖို့လိုရင် ဆေးပေးလုပ်ရမှာပါပဲ။ ဒါမှ ရာသက်ပန်သာယာခိုင်မြဲတဲ့
အိမ်ထောင်ဖြစ်မှာပါ။
လုပ်အားခွဲဝေမှုမိန်းမတွေက
သူတို့စိတ်ထဲက “ရောင်းကုန်” စိတ်ဓါတ်ဖျောက်ပစ်ဖို့ လိုသလို၊
ယောင်္ကျားတွေကလည်း “အိမ်ဦးနတ်” ဆိုတဲ့ အစွဲကြီး ဖျောက်ပစ်ဖို့လိုပါတယ်။
ဒီနေ့ ကမ္ဘာတစ်ခုလုံးမှာ ရှေးကလို “ရာသက်ပန်ရိုးမြေကျ” ဆိုတာမျိုးကိုတော့
သိပ်အလေးမထားကြတော့ဘဲ လင်မယားကွားရှင်းတာကို ထမင်းစား ရေသောက် သဘောထားပြီး
ကွာလိုက်ကြ၊ ထပ်ယူလိုက်ကြ၊ ထပ်ကွာလိုက်ကြဆိုတဲ့ ကိစ္စမျိုးတွေ
အလွန်အင်မတန်ကို များပြားနေပါတယ်။
အများအားဖြင့်တော့ အိမ်ထောင်ရေးမှာ“လုပ်အားခွဲဝေမှု” (Division of Labor) မရှိတဲ့အတွက် ဖြစ်ကြရတာလို့ယူဆပါတယ်။
မကြိုက်ရင်သွားလို့ရတယ်
ဘယ်လို
အကြောင်းကြောင့်ဖြစ်ဖြစ် သူတို့ အနောက်လူ့အဖွဲ့အစည်းတွေမှာတော့
အိမ်ထောင်ရေးကိစ္စတို့၊ ဖိုမကိစ္စတို့ဆိုတာ ထမင်းစားရေသောက် ကိစ္စလောက်ဘဲ
သဘောထားကြတာ ဖြစ်လေတော့ ဘယ်သူ့ဘယ်သူမှ အပြစ်တင်မနေကြတော့ပါဘူး။
သူကြိုက်တာသူလုပ်၊ ကိုယ်ကြိုက်တာကိုယ်လုပ်ပဲလေ။ ဒါပေမယ့်
မြန်မာနိုင်ငံမှာနေတဲ့ မြန်မာလူမျိုးဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု
ဓလေ့ထုံးစံတွေကို ပစ်ပယ်လို့မရပါဘူး။ မကြိုက်လည်း လိုက်နာရမှာပါပဲ။
မလိုက်နာနိုင်ဘူးဆိုရင်လည်း ရပါတယ်။ ကြိုက်တဲ့ နေရာသွားပြီး
နေချင်သလိုနေပါ။ ခုခေတ် ပတ်စပို့ရဖို့ မခက်ပါဘူး “ရည်းစားတစ်ထောင်
လင်ကောင်တစ်ယောက်” ဆိုတဲ့ မြန်မာစကားက အမျိုးကောင်းသမီးများကို
ပြောတာမဟုတ်ဘူးဆိုတာတော့ မြန်မာပြည်မှာနေရင် သိထားကြဖို့ လိုတယ်လို့
သတိပေးလိုက်ချင်ပါတယ်။
ကျွန်တော်က
ဘယ်သူကိုမှ နစ်နာစေလိုသော ရည်ရွယ်ချက်နဲ့ ဤပိုစ်ကို
တင်လိုက်ခြင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ
ဗုဒ္ဓသာသနာထွန်းကားပြီး ယဉ်ကျေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် အနောက်တိုင်းကို
အတုခိုးမမှားဘဲ ယဉ်ကျေးသိမ်မွေ့သော မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်သော
မြန်မာလူမျိုးများဖြစ်စေလိုသော ရည်ရွယ်ချက်နဲ့ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
ဤဆောင်းပါလေးအား ပြန်လည်ကူးယူခွင့်ကို စာရေးဆရာကြီး အဘလူထုစိန်ဝင်းနဲ့
WEEKLY ELEVEN ဂျာနယ်တိုက်ကို ဒီပိုစ်နဲ့ဘဲ ခွင့်တောင်းလိုက်ပါတယ်။
ဤဆောင်းပါးလေးမှအနှစ်လေးများကိုထုတ်ယူနိုင်ကြပါစေ။
0 comments:
Post a Comment