စာရေးပျင်း အနုပညာ (သို့) ကျွန်တော် စာမရေးရခြင်း အကြောင်း
စာဖတ်နိုင်ကြသူများထဲတွင် စာရေးသူများအနည်းငယ်တွေ့ရသည်။ သူတို့ ဘာကြောင့် စာရေးခြင်းကို ကျွန်တော် မသိရပေမယ့် စာရေးသူအနည်းငယ်မျှသာ စာဖတ်နိုင်ကြသူများထဲမှ ပေါ်ထွက်လာခြင်းကို ကြည့်ခြင်းဖြင့် စာရေးရန် အတွက် လုံလောက်သော အားထုတ်မှု လိုအပ်သည်ကို သိရှိနိုင်သည်ဖြစ်သည်။ရေးချင်၍ရေးသူ ရှိသလို၊ရေးရန်လိုအပ်၍ ရေးသူများလည်း ရှိမည် ဖြစ်သည်။သူတို့ ရေးလျှင် ကျွန်တော်က ဖတ်မည်သာ ဖြစ်သည်။ စာရေးသူသည် စာများများဖတ်ရန် လိုသည်ဟု ဆိုကြသဖြင့် စားများများဖတ်ထားသူများ စာရေးသင့်သည်ဟု ဆိုလျှင် ညီမျှခြင်းချကြည့်၍ မှန်မည် မဟုတ်ပေ။
စာရေးရန် လက်ချောင်းကလေးများ မရှိသော်လည်း ရေးချင်သူအဖို့မှာ ခြေချောင်းများဖြင့် အားထုတ်ရှာသည်။ မျက်စိမမြင် သော်လည်း ဖောင်းကြွ သင်္ကေတဖြင့် ရေးကြပြန်သည်။ စာရေးလိုစိတ် ပြင်းပြခြင်းကို အံ့သြမိသည်။
မိမိစာကို ဖတ်သည်ဖြစ်စေ ၊ မဖတ်သည် ဖြစ်စေ နေ့စဉ်ရေးသားနေကြသူများ ရှိကြသေးသည်။ မနေနိုင်၍ ပဲ ရေးရေး ၊ ရေးချင်၍ပဲ ရေးရေး စာရေးဖို့ အချိန်ပေးရခြင်း၊ လက်ချောင်းများညောင်းအောင် နှိပ်စက်ရခြင်းဖြင့် ကြိုးစားအားထုတ်နေကြသည်ကို ကျွန်တော်တို့က ဖတ်ရှုပေးခြင်းဖြင့် ချီးမွမ်းဂုဏ်ပြုကြသေးသည် ဟု ယူဆသည်။
စာရေးရာတွင်လည်း မိမိတို့ သန်သလို ကဗျာ၊ ၀တ္တု၊ အလင်္ကာ၊ ရသ၊ ဟာသ၊ အချစ်၊စွန့်စား၊ထူးခြား၊ သိပ္ပံ စသည်ဖြင့် ရေးကြသလို ဆောင်းပါ၊ အတ္ထုပတ္တိ၊ ဓမ္မ၊ ကြော်ငြာ မျိုးစုံသော ပုံစံဖြင့်ရေးသည် ကို တွေ့ရသည့်အပြင် နို့တစ်စာ ၊ခြိမ်းခြောက်စာ၊ ဆင့်ခေါ်စာ၊ ရည်းစားစာကဲ့သို့သော စာများအပြင် အပေါ့ အလေသွားရင်း လက်ကိုနေရာမထားတတ်သောကြောင့် နံရံတွင် ဟိုခြစ် သည်ခြစ်ဖြင့် အယားဖြေတတ်သော စာရေးသူများကိုလည်း တွေ့ရသည်။
အကြောင်းအရာကို ဖြစ်စေ၊ အတွေးအခေါ်ကို ဖြစ်စေ၊ သတင်းအချက်အလက်ကို ဖြစ်စေ၊ တင်ပြလိုသည့် အကြောင်းအရာကို ပုံစံမျိုးစုံဖြင့်လည်း ရေးသားတင်ပြတတ်ကြသေးသည်။ ထိုကဲ့သို့ လူမျိုးပေါင်းစုံ စာပေါင်းစုံများကို ရေးဖွဲ့ပုံ ပုံစံမျိုးစုံဖြင့် ရေးသားနေကြသည်ကို တွေ့ရသော်လည်း ထိုအလုပ်အပေါ် အားကျသော စိတ် မိမိထံတွင် ရိုးတိုးရိတ်တိတ်မျှပင် မဖြစ်ခဲ့ပေ။
အပေါင်းအသင်းများကလည်း စာရေးရန် တိုက်တွန်းခြင်း မရှိပေ၊ ရှိပါကလည်း အပေါင်းအသင်းကို အားနာ၍ ရေးဖြစ်မည် မထင်ပါ။ ရေးစရာ အကြောင်းအရာမရှိ၍လည်း မဟုတ်ပါ။ ရေးစရာ အဆင်သင့်မရှိ၍ လည်းမဟုတ်ပါ။ အထင်မကြီး၍လည်း မဟုတ်၊ ၀ါသနာ မပါ၍လည်းမဟုတ်ပါ။ ဘာမှမဟုတ်ရင်လည်း မရေးနဲ့ပေါ့ဟု ဆိုလျှင်လည်း မရေးဘဲ နေမည်သာဖြစ်သည်။ စာရေးရမည်ထက်စာလျှင် ပါးစပ်ဖြင့်ပြောလိုက် ခြင်းက လိုချင်သော အကြောင်းအရာနှင့် အချက်အလက်ကို အားပါးတရ တင်ပြနိုင်သည်ဟု ယူဆသည်ကလည်း တစ်ကြောင်း၊ စာရေးထားခြင်းသည် ကာလတစ်ခုအထိ တည်ရှိနေနိုင်သော သဲလွန်စ အထောက်အထားကဲ့သို့ ခြေရာလက်ရာမျိုး မကျန်ခဲ့စေချင်သည်က တစ်ကြောင်း။ (မယုံလျှင် မိမိတို့ ရည်းစားစာများကို ပြန်ဖတ်ကြည့်လျှင် တွေ့ကြရလိမ့်မည်။) ( မိမိကိုယ်တိုင် ထိုခြေရာလက်ရာများကို ယခုထိ မျက်နှာ ပူရဆဲဖြစ်သည်)
အဓိက အချက်မှာ စာရေးရမှာကို ပျင်းလွန်းခြင်းကြောင့် မရေးခြင်းဖြစ်သည်။ အနည်းဆုံး အက္ခရာတစ်လုံးကိုပင် လေထဲတွင် “ ၀ ” ဖြစ်အောင် မ၀ိုင်းဘူးပေ။ ငယ်စဉ်ကတည်းက စာရေးလျှင် “ သည် ” တစ်လုံးကို အဆုံးတွင် ရအောင် ကပ်ရေးပြီး နောက်တစ်ကြောင်းဆုံးတိုင်း ထိုသည် အောက်မှပင် တူညီအမှတ်လေး အဖြစ် တုတ်ချောင်းတစ်ချောင်းသာ ဆွဲခဲ့သည်ကို အမှတ်ရမိသေးသည်။ တူနေသော ၀ါကျပါလျှင်လည်း ထိုအတိုင်းပင် ကြက်ခြေပြခဲ့ရာ စာမေးပွဲဖြေချိန်တွင် ဘာသာရပ်တိုင်းလိုလိုကို ပြန်ကူး ခဲ့ရပေါင်းများလှပေသည်။
မရေးမဖြစ် ရေးရလျှင်တောင် သုံးကြောင်းထက်ပိုလျှင် ပုဒ်မတောင် မချချင်တော့လောက်အောင် ပျင်းခဲ့သည်။ မိဘ နှစ်ပါးက ကြေးနန်းဌာနတွင် အလုပ်သွင်းပေးမည် တကဲကဲဖြင့် ကျွန်တော့် အကျင့်ကို ထောပနာ ပြုခဲ့ဖူးသည်။ သူငယ်ချင်း တစ်ယောက်က ပြောဖူးသည်။ မင်း သူများကို ဆဲချင်ရင် ပါးစပ်နဲ့ပဲဆဲတဲ့၊ စာရေးပြီးဆဲကြည့်ပါလား တစ်သက်လုံးမင်းကို အယုတ္တအနတ္တကောင်ဆိုပြီး လူတိုင်းသိအောင် လျှောက်ပြမှာပေါ့တဲ့။ နမူနာကောင်းကို မှတ်တတ်သော ကျွန်တော့်အကျင့်က ထိုအတွေး အခေါ်ကို မှတ်ယူထားလိုက်သဖြင့် စာရေးရမှာလည်း ကြောက်လာပါသည်။
ချွင်းချက်အနေဖြင့် တစ်ခါတော့ စာရေးချင်စိတ် ဖြစ်ခဲ့ဖူးသည်ဟု ၀န်ခံပါသည်။ မည်သည်အကြောင်းဟု ဆိုရသော်.....................
ကျွန်တော့်ရည်းစား လင်နောက် ကောက်ကောက်ပါသွားချိန်ကဖြစ်သည်။ သစ်စိမ်းချိုးဆိုတော့ ထိုအချိန်က ဒေါသ တော်တော်ဖြစ်မိသည်။ ဒင်းစာတွေကို ပြန်ဖတ်ပြီး သူ့အစားရော ကိုယ့်အစားပါ ရှက်ပြီး မီးရှို့ရန် ကြံစည်ပြီးမှ ဒင်းစာတွေ စာမျက်နှာပေါ်တင်ပြီး အရှက်ခွဲလျှင် အင်မတန်မှ သင့်လျော်မည်ဟု တွေးမိပြီး မဂ္ဂဇင်းများကို ပို့သေးသည်။ သို့ရာတွင် သူများရည်းစားစာပေါ်တွင် ညွှန်းစာလေး တစ်ကြောင်း နှစ်ကြောင်းဖြည့်ပြီး ပို့ခြင်းဖြစ်ရာ အယ်ဒီတာတိုင်း ဒေါသထွက်ဖူးခဲသဖြင့် မည်သည့် မဂ္ဂဇင်းကိုမျှ မည်သည့် အကြောင်းဖြင့်ပင် ဖြစ်စေ ယနေ့တိုင် ခြေဦးမလှည့်ရဲတော့ပါ။
ထိုအချိန်လောက်ကပင် စာတို တစ်ကြောင်း နှစ်ကြောင်း ရေးခဲ့ဖူးပါသည်။ နောင်တွင်လည်း ရေးမည်မဟုတ်ပါ။ စာရေးရမှာ ပျင်းသော ကျွန်တော့်အတွက် မည်သည့်အကြောင်းအရာဖြစ်စေ စာလုံးအဖြစ် ပြောင်းလဲစေမည် မဟုတ်ပါ။ သူငယ်ချင်းများ ပြောခဲ့သလို ပါးစပ်ဖြင့်သာ ဆဲပါမည်။ မကြားနိုင်သူများ အဖို့ ကျွန်တော်သည် လူကောင်းဖြစ်နေမည်သာ ဖြစ်သည်။ စာတစ်ကြောင်း နှစ်ကြောင်း ကြောင့် တစ်သက်လုံးခေါ်မဖော် နိုင်သော ဘ၀ထက်စာလျှင် လုံးဝ စာရေးပျင်းသော၊ လုံးဝ စာမရေးဘူးသော ဘ၀က ပို၍ အဆင်ပြေစေ မည်ဟု ထင်သည်။ ထို့ကြောင့် ကျွန်တော် စာလုံးဝမရေးရခြင်းဖြစ်သည်ဟု အသိပေးလိုက်ရပါသည်
မှတ်ချက် ။ ။ စာမရေးရခြင်း အကြောင်းထဲမှာ လက်ညောင်းတာလည်းပါတယ်။
ဂြိုလ်ကော်
ဟားခလုတ် (3) မှ
ဗောဓိရွှေကျောင်း
အသက်အရွယ် သီသီကြီးစွန်းလာတော့ ငယ်ဘ၀တွေကို ပိုအောင်းမေ့တတ်တာ လူ့သဘာဝများလား မသိပါ။ တစ်ခါတစ်ခါတော့ စိတ်က ငယ်ဘ၀တွေဆီရောက်သွား တတ်သည်။ ကျွန်မငယ်စဉ်က အဘ၊အမေကြီးတို့နှင့်အတူ တောကျေးလက်မှာ နေခဲ့ရသော ငယ်ရိပ်တွေကို ပြန်တွေးရင်း လွမ်းရသည်လည်း ရှိပါ၏။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အ၀တ်တွေ ထိုးသိပ်ထည့်ရင်း ရွာအရောက်ပြန်ရသည့် အပျော်မျိုးကို ဘယ်အပျော်ကမှ မမှီ။ ရွာရောက်ပြီဆိုသည်နှင့် အဘက ကျွန်မ အစ်ကို နှစ်ယောက်ကို ဘုန်းကြီးကျောင်းခေါ်သွားကာ သင်္ကန်းဆီးပေးနေကျ။ ကိုရင်ဘ၀ဖြင့် ဘုန်းကြီးကျေင်းမှာပဲ ကျောင်းအိပ်ကျောင်းစား ပို့ထားသည် ဆိုသော်လည်း အိမ်နှင့်ကျောင်းက သိပ်မဝေးလှပါ။ ရွာမှာက နွေရာသီ ကျောင်းပိတ်ရက် ရောက်သည်ဆိုလျှင် ကလေးတွေကို ဘုန်းကြီးကျောင်း တွင်တွင်ပို့ကာ လောကုတ္တရာ စာပေများ သင်အံလေ့ကျက်စေခြင်း သည်ပင် ရွာဓလေ့ထုံးစံလို ဖြစ်နေပြီ။ ရွာကတော့ လောကုတ္တရာစာကို မပြောကြပဲ ဘုန်းကြီးစာဟု ခေါ်ကြ၏။ ကျွန်မသည်လည်း ရွာကလေးများ ထုံးစံ ဘုန်းကြီးကျောင်းကို မရောက်မဖြစ်ရောက်ရကာ ဘုန်းကြီးစာနှင့် မလွတ်ခဲ့။
“ညည်းတို့ အတန်းကျောင်းဆိုသာက လောကဓတ်စာပဲတတ်တာ ငါမြေးရဲ့၊ ဘုန်းကြီးကျောင်းကမှ ဘုရားစာ၊ တရားစာသင်သာ။ ဘုန်းကြီးစာက ဘုရားရှိခိုးတတ်သယ်၊ လိမ္မာရေးခြားရှိသယ်၊ဆိုပီ နားကြားရှိသယ်၊ ကိုယ့်ဘာသာ တရားနဲ့ နီးစပ်တော့ အကုသိုလ်လည်း ကင်းသယ် ”
အမေကြီးပြောခဲ့ဖူးသည့် စကားတွေကို ကျွန်မ ပြန်တွေးကြည့်တော့ ဘုရားရိပ် ကျောင်းရိပ်ကရသည့် အသိသည်လည်း ဘ၀မှာ အရေးပါကြောင်း ဆိုလိုဟန်တူပါသည်။ ရွာဘုန်းကြီးကျောင်းမှာ စာသင် စာအံခဲ့ရစဉ်က စာသင်ခန်းကလေးကို ကျွန်မ မျက်စိထဲ မြင်ယောင်နေဆဲပဲ ဖြစ်သည်။ သရက်သား ပျဉ်ချပ်ကြီးတွေကို တြိဂံပုံစပ်၍ ထမင်းရည်နှင့် အိုးမည်းကို ပြစ်ပြစ်ဖျော်သုတ်ထားသော သင်ပုန်းကြီးကို ရှေ့မှာထောင်ထားသည်။ ဆရာတော် သို့မဟုတ် ခန်းနေဦးပဉ္စင်း တစ်ပါးပါးက ဘေးမှာ ကုလားထိုင်ကလေးဖြင့် ထိုင်ကာ စာချပေးသည်။ ကျွန်မတို့ ကလေးများကတော့ ကျောင်းအောက်ထပ် စိမ့်ပေါက်နေသည့် မြေကြီးပေါ်မှာ သစ်သားကွပ်ပျစ်ကြီးတွေ ခင်း၍ စုထိုင်ရင်း စာလိုက်ကြရသည်။ ကျောင်းထိုင်ဆရာတော်ကြီးက ကြိမ်လုံးတစ်လုံးအမြဲတမ်း ကိုင်ထားတတ်သည်။ တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် အသံကုန်ဟစ်၍ အော်ကြတာဆိုတော့ တစ်ကျောင်းလုံး ကျွန်မတို့ စာအံသံများဖြင့် ကျောင်းကြီးသိမ့်သိမ့် တုန်နေတတ်ပါသည်။ ကိုရင်ကြီးတွေက ကျွန်မတို့ ကျောက်သင်ပုန်ုးတွေပေါ်မှာ သံချွန်ဖြင့် လေးကြောင်းမျဉ်းဆွဲပေးပြီး လက်ရေး လှလှရေးပုံ၊ အရစ်အပင့်ဆွဲပုံတွေ သင်ပြသည်။ မြို့ကျောင်းမှာ စာတက်ခဲ့ကြသူတွေ ဆိုသော်လည်း ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းလိုကျင့်ရသည်။
ကျွန်မတို့ရွာမှာ ရှေးကတည်းက ဘုန်းကြီးကျောင်း လေးကျောင်း ရှိသည်။ ရွာနှင့် ကပ်လျက်မှာ နှစ်ကျောင်းရှိကာ ရွာအပြင် တစ်ခေါ်စာလောက်ဝေးသော စိုက်ခင်းစပ်မှာတော့ တောရကျောင်းနှစ်ကျောင်း ရှိသည်။ ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ကျွန်မတို့ ဘိုးဘွားများ လက်ထက်ကတည်းက ရှေးကျောင်းကြီးတွေ ဖြစ်သည်။ ပျဉ်ထောင် ပျဉ်ခင်းနှင့် ကျောင်းတိုင်ကြီးတွေကလည်း လူနှစ်ယောက် ဖက်စာလောက် ရှိသည်။ ကျောင်းအဆင်း လှေကားနှစ်စင်းကလည်း လှေကားခုံ မြင့်မြင့်ကြီးတွေနှင့် တစ်ကယ့် ရှေးပုံမျိုး ဖြစ်သည်။ အညာကျေးလက် ဘုန်းကြီးကျောင်းများပီပီ ဟောင်းမြင်းပုံပေါက်နေသော်လည်း ရွာတက္ကသိုလ်ကြီးတွေ ဖြစ်သည်။ ကျေးရွာလူထု၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်ရာ အဆောက်အအုံကြီးတွေပဲ ဖြစ်၏ ။ အဘိုးအဘွားများ ပြောပြသလောက် ရှေးကတော့ ဘုန်းကြီးကျောင်းမှာပဲ ပညာသင်ယူခဲ့ကြရသည်။ စာဝါလိုက်သည့် ကိုရင်၊ ဦးပဉ္စင်းအပါး နှစ်ရာ သုံးရာလောက်ရှိသည်ဆို၏ ။
ဘုန်းကြီးကျောင်းများတွင် ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့်မရှိ။ မည်သူမဆို အခါမရွေး အခမဲ့ပညာသင်ကြားပေးတော်မူကြရုံမက ယောက်ျားကလေးများ ဆိုလျှင် ရှင်သာမဏေ သွတ်သွင်းပေးရာ သာသနာ့ အဆောက်အအုံကြီးတွေ ဖြစ်သည်။ ရွာဘုန်းကြီးကျောင်းများကို ကြည့်ကာ ရွာစီးပွားရေးကို ခန့်မှန်းနိုင်သည်။ ကျွန်မတို့ရွာမှာတော့ ဘုန်းကြီးကျောင်းလေးကျောင်းစလုံး ကျွန်းတိုင်လုံးကြီးများ၊ ကျွန်းသား အခင်းအကာများကို ရေနံချေးဝအောင် သုတ်ထားသော ကျွန်းသားကျောင်းကြီး တွေချည်းဖြစ်၏။ နှစ်ပေါင်းများစွာ အစဉ်အဆက် လက်ဆင့်ကမ်းကာ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင် စောင့်ရှောက်လာကြခြင်းကြောင့် ရှေးဟောင်း သာသနိက အဆောက်အဦးကြီးတွေ အဖြစ်ရွာက သဘောထားကြသည်။ သည်ရွာက သည်ဆရာနှင့် သည်ဒကာ ဘယ်တုံးကမှ ဝေးကြသည် မရှိ။မြန်မာအိုတော့ ကျောင်းကြို ကျောင်းကြားဆိုသည့် စကားအတိုင်း အသက်ကလေး အိုချင်လာသည်နှင့် ကျောင်းရိပ်ခိုချင်လာကြပြီ။
များသောအားဖြင့် ကျေးလက်ဘုန်းကြီးကျောင်းဝင်း ကြီးတွေက ကျယ်ကျယ်လွန့်လွန့် ရှိကြသည်ဆိုတော့ သစ်ပင်ပန်းပင်တွေ ဝေေ၀ဆာဆာ စိုက်ပျိုးတတ်ကြသည်။ ဥယျာဉ်ပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ မရမ်း၊ ဆီးဖြူ စသည့် သီးပင်ကြီးတွေရှိသလို ပုဏ္ဌရိက်၊ သော်က၊ ပန်းအိ၊ ဇလပ်၊ ဇီဇ၀ါ၊ ညမွှေးပန်း၊ တတိုင်းမွှေးလို ပန်းပင်များလည်း ရှိတတ်သည်။ ကျောင်းဝင်းတွေထဲမှာ ရှိတတ်သော လက်ငင်ရေချိုတွင်းကလေးအနားမှာတော့ ငှက်ပျောပင် အုပ်အုပ်ကြီးတွေလည်း ရှိတတ်ပါသေးသည်။ ရွာထဲမှာ ပူပြင်းခြောက်သွေ့သဘောက် ဘုန်းကြီးကျောင်းတွေမှာ အရိပ်အာဝါသ ကောင်းတတ်သည့်အတွက် အလုပ်ကလေး လက်က ချသည်နှင့် ကျောင်းကို လှူဖွယ်ကလေး ရွက်ကာသွားကြမြဲ ဖြစ်ပါ၏။
ရှေးတုံးကတော့ ပညာရေးအတွက် ဘုန်းတော်ကြီးကျောင်းတွေကပဲ တာဝန်ယူတော် မူခဲ့ကြသည်။ ဆရာဘုန်းကြီးများက သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ အပြင်အောင်ခြင်း ၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ သဒ္ဒါ ၊ သဂြိုင်္ုဟ် စသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက် တပ်အပ် သိအပ်သမျှ သင်ပေးတော်မူကြသည်။ သင်ရိုးညွှန်းတမ်း သဘောရှိသော်လည်း တစ်ဦးချင်း၏ ဥာဏ်အရည်အသွေးပေါ် မူတည်ပြီး စာတက်ပေးလေ့ရှိကြပါသည်။ တချို့ကျောင်းသားတွေကတော့ သည်ကျောင်းမှာ သာမဏေပြု၊ အရွယ်ရောက်တော့ ရဟန်းခံကာ သာသနာ့ဘောင်မှာ သက်ထက်ဆုံး ပျော်မွေ့တော်မူကြသည်။ သာသနာဘောင် မပျော်မွေ့နိုင်ကြသူတွေ ကိုတော့ ရပ်ရေး ၊ရွာရေး၊ လူမှုရေးတွေက အစ အိမ်ထောင်မှု မှာပါ အသုံးတည့်နိုင်သည့် အိမ်ဆောက်၊ မဏ္ဌပ်ဆောက်၊ ဇရပ်ဆောက်၊ နွားတင်းကုပ်၊ ထန်းလက်တဲထိုး၊ ရေအိုးစင်တည်နည်းကအစ နှီးဖြာ၊ ဖျာယက်၊ ကြိုးကျစ်နည်းတွေပါ မကျန် သင်ကြားပေးသည်များလည်းရှိ၏ ။ ကျွန်မတို့ရွာကျောင်းမှာ သျှောင်ကြီးကို တစောင်းဖွဖွ ထုံးလျက်ကျောင်းမှာပဲ ကပ္ပိယကြီး လုပ်နေသော ဘဖိုး (ဦးစိန်ဖိုး) ကို ကျွန်မ မီလိုက်ပါသေးသည်။ ဘဖိုးက ဘုန်းတော်ကြီးများ စာသင်နားချိန်မှာ ကိုရင်တွေ ကျောင်းသားတွေကို သူတတ်ထားသမျှ လူမှုနယ်ပယ်မှ ပညာတွေ သင်ပေးသည်။
စာပေပို့ချသင်ကြားပေးသော ဆရာတော်၏ ၀သီတော် အလျောက် တချို့ကျောင်းများတွင် ဗေဒင်ကျမ်း၊နက္ခတ်ကျမ်း၊ ရာဇသတ်ဓမ္မသတ်ကျမ်း၊ ဆေးကျမ်းများကိုပါ သင်းကြားပေးသည်လည်း ရှိ၏ ။ ရှေးက ပွဲကျောင်းဟု ခေါ်ကြသော ဘုန်းကြီးကျောင်းများမှာတော့ မြင်းစီး၊ လှံထိုး၊ ဓားရေး၊ လေးမြား အတတ်ကအစ လက်ဝှေ့ လက်သိုင်းပညာများကို သင်ကြားပေးကြသည်။ တချို့ကျောင်းများတွင် ဆိုင်းပညာ၊ ပန်းချီပန်းပုပညာ၊ မီးရှူးမီးပန်း ပညာလို သုခမအနုပညာများကို သင်ကြားပေးကြသည်ဆို၏ ။ ကျွန်မတို့ ရွာကျောင်းများကတော့ မီးပုံးပျံလုပ်သည့် အတတ်ပညာ၊ ကျွဲချိုကို အရုပ်ထွင်းသည့် ပညာ၊ စက္ကူကို အရုပ်မျိုးစုံချိုးသည့်ပညာ၊ လှော်လှေ ပြိုင်လှေ များခုတ်သည့် လက်သမားပညာများကိုသင်ကြားပေးတော်မူကြသည်။ ကျွန်မတို့ရွာက ရေ၀င်ရွာမို့ ရေကြီးခါဆိုလျှင် ရေပြင်ကျယ်ကြီးထဲမှာ လက်လှော်လှေကလေးများဖြင့် ကူးကြသန်းကြရသည်။ဘုန်းကြီးကျောင်းတိုင်းမှာ ဆွမ်းခံလှေကလေးတွေ မှောက်ထား တတ်တာကလည်း မြစ်နားကျေးလက်ဘုန်းကြီးကျောင်းများတွင် မြင်ရတတ်သည့် မြင်ကွင်းပဲ ဖြစ်သည်။
မနက်အရုဏ်တက်ချိန်တိုင်လျှင် ဘုန်းတော်ကြီးကျောင်းဆီက အုန်းမောင်းခေါက်သံ တတုံတုံသည် ရွာကျက်သရေဖြစ်သလို တစ်နေ့တာ၏ လုပ်ငန်းစရန်နှိုးဆော်သည့် နရီသံလည်းဖြစ်သည်။ မနက်လေးနာရီ ဆိုလျှင် အုန်းမောင်းခေါက်သံနှင့် အတူ ရွာကလေးသည် နိုးရပြီ။ မီးခွက်ကလေးတွေ ပြန်လင်းကြပြီ။ ဘုရားရှိခိုးသံ၊ မေတ္တာပို့ အမျှဝေသံ၊ ကြေးစည် ရိုက်သံတွေ ဆက်ကာဆက်ကာ ပေါ်ထွက်လာကြပြီ။ သည်အသံတွေကို ကြားရသူတိုင်းက သာဓုခေါ်ကြမြဲဖြစ်၏။
“ နာကိုး၊ တောင်းရှစ်၊ သာဓု တစ်၊ ဟောလစ် အသင်္ချေတဲ့၊ တရားနာရင် ကိုးကမ္ဘာ အပါယ်မလားဘူး။ တရားတောင်းသဲ့ သူများကျ ရှစ်ကမ္ဘာ အပါယ်မလားဘူး။ အမျှဝေသံကြားလို့ သာဓုခေါ်တဲ့ သူများကြတော့ တစ်ကမ္ဘာအပါယ်မလားဘူးသဲ့။ တရားဟော ပုဂ္ဂိုလ်များ အသင်္ချေ အပါယ်မလားဘူးသဲ့ ငါ့မြေးရဲ့ အမျှဝေသံကြားရင် သာဓု သာဓု သာဓုလို့ သုံးကြိမ်သုံးခါ ခေါ်ရသယ် ”
ငယ်ငယ်ကတည်းက အမေကြီးသင်ကြားခဲ့သဖြင့် အမျှဝေသံကြားလျှင် သာဓုခေါ်တတ်ခဲ့ရပြီ။
ရွာကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီးများသည် ရွာသူရွာသားတို့အပေါ် သြဇာညောင်းတော်မူကြသည်။ ရွာရေးရပ်ရေး ရှိလာသည့်အခါ ရွာက အဦးထားကာ တိုင်ပင်မေးလျှောက်ကြရသည်။ မြေးတွေပင်ရနေကြပြီ ဖြစ်သော်လည်း ဆရာတော်က အခေါ်တော်ရှိလျှင် ရောက်ရာအရပ်က သုတ်ကနဲ ထသွားကြရသည်။ အရက်သေစာ သောက်စားမူးရစ် ရမ်းကားသူများဆိုလျှင် အဆုံးအမ၊ အရိုက်အနှက်များပင် ခံကြရ၏ ။ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရိုသေကြရပါသည်။ ကျွန်မတို့ရွာအ၀င်တွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ယှဉ်လျက်ရှိသည်။ ရွာကတော့ ကျောင်းဘွဲ့ကိုမခေါ်ကြဘဲ အရှေ့ကျောင်း အနောက်ကျောင်းလို့သာ လွယ်လွယ်ခေါ်ကြသည်။ ကျောင်းနှစ်ကျောင်းကြား ရောက်ကြပြီဆိုလျှင် ပြောလက်စ စကားကိုပင် ကျယ်ကျယ်မပြောဝံ့။ ဘုရားဝင်းကျောင်းဝင်း မဟုတ်သော ရွာလမ်းဆိုသော်လည်း ကျောင်းရိပ်ကို နင်းရသည်ဆိုကာ ဖိနပ်ချွတ်သွားကြရသည်။ သည်လမ်းကလေးကတော့ ရွာအ၀င်လှည်းလမ်းလည်း ဖြစ်သည်။
ဟိုတုန်းကတော့ ဘုန်းကြီးကျောင်းသားချင်း တစ်ကျောင်းနှင့်တစ်ကျောင်း စာပြိုင်တတ်ကြသည့် ဓလေ့လည်းရှိ၏ ။ တစ်ကျောင်းနှင့် တစ်ကျောင်း ကျောင်းသားချင်း စာပြောင်စာချိုးတွေနှင့် လှောင်ကြ ပြောင်ကြတာမျိုးတွေလည်း ရှိသည်။
“ ညနေ ငပိဖုတ် လှဖေမိချုပ် ”
“ တုံးပေါ်ကြွက်လျှောက် အုံးကျော်လက်ကောက် ”
“ ကြက်ဥကုလားဆွဲ နက်ပုအသားမည်း”
စသဖြင့် တစ်ဦးနှင့်တစ်ဦး စာချိုးဖြင့် စကြနောက်ကြသည်။ သည်လိုစာချိုး စာစပ်တွေ သုံးကာ အော်ကြ ဟစ်ကြသံကြားလျှင် ဆရာတော်များကလည်း ပြုံးတော်မူတတ်ကြ၏ ။ စာအံကြချိန် အာဂန္တု ရဟန်းဧည့်သည်၊ လူဧည့်သည် ရောက်လာလို့ ဆရာတော် ကျောင်းပေါ်ကြွသွားပြီဆိုလျှင် ကျောင်းအောက်မှာ ကျွန်မတို့ ကလေးတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းကြတော့သည်။ စိမ်ပြေးတမ်း၊ ဂုံညှင်းဒိုးပစ်တမ်း၊ ကြက်ခွပ်တမ်း၊ ကစားကြရုံဖြင့် အားမရနိုင်ကြသေးဘဲ သစ်ပင်တက်တမ်းပင် ကစားလိုက်ကြသေး၏ ။
“ ကလေးတကာ့ ကလေးထဲတွင် ဘုန်းကြီးကျောင်းက ကလေးတွေလောက် ဆော့သာ ကြုံဖူးပေါင်တော် ကတည်း လက်ပံပင် ဇရက်ကျလို့ ”
လမ်းပေါ်မှာ ဖြတ်သွားကြသူတို့ပင် ကလေးများ၏ အော်ဟစ်သံကို မခံနိုင်ကြ။ ဆရာဘုန်းကြီးများကတော့ သည်အသံ သည်ဗလံတွေကို သည်းညည်းခံတော် မူနိုင်ရှာကြသည်။ သိပ်လွန်လာလျှင်တော့ ကျောင်းကြမ်းပြင်ကို ကြိမ်ဖြင့် ဖျန်းဖျန်းမြည်အောင် ရိုက်ကာ ဟန့်တားတော် မူကြ၏။
ကျေးလက် ဘုန်းကြီးကျောင်းများတွင် ရှေးဆရာတော်ကြီးများ လက်ထက်ကတည်းက စုဆောင်းခဲ့ကြသောရှေးဟောင်းပစ္စည်းတွေလည်း ရှိတတ်ပါသည်။ ကျွန်မတို့ ဘကြီးဘုန်းကြီးကျောင်းမှာဆိုလျှင် ပန်းချီတော် ဦးချစ်မြဲ ရေးဆွဲထားသော ဗုဒ္ဓ၀င်ဇတ်တော် ပန်းချီကားကြီးများရှိသည်။ ရှေးဟောင်းပေ၊ ပုရပိုက်များထည့်သောကျွန်းစာတိုက်သေတ္တာကြီးတွေကိုရွှေထီးဟောင်းကြီးများ မိုးလျက်သား မြင်တွေ့နိုင်သည်။ ကြေးကမ္မ၀ါများ၊ဘုရားဆင်းတုတော်များ၊ မောင်းများ၊ ရှေးခေတ် အသုံးအဆောင်များနှင့် အတူ ကျောင်းအောက်မှာ ရှေးပြိုင်လှေကြီးများကို ဂုဏ်တစ်ရပ်အနေဖြင့် တုံးဆင့်ကာ လှလှပပ ထားတတ်ကြ၏။ အညာကျေးလက် ဘုန်းကြီးကျောင်းတွေမှာ တွေ့ရတတ်သော အလှူရှင်လောင်းလှည့်ရတွင် နားထွင်း မိန်းကလေးများစီးသည့် လက်ရာမြောက်နားရံ လှည်းယဉ်ကြော့ကလေးလည်း ရှိတတ်ပါသည်။ ဆရာတော် ဟိုရွာသည်ရွာ ကြွတော့လည်း သည်လှည်းယဉ်ကလေးကိုပဲ သုံးတော်မူသည်။ ဘုန်းကြီးကျောင်းတွေအကြောင်း အမေ့ကို မေးကြည့်တော့ အမေက သူမှတ်မိတာကို ပြောပြသည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ အတွေ့အကြုံများဖြစ်သည်။
“ သည်တုံးက တိုင်းရေးပြည်ရေး အခြေအနေကို သိအောင်လို့ ဆိုပြီးတော့ တို့ဘလေး ဦးပဉ္စင်းက မြင်းခြံကို ခြေကျင်ကြွကြွပြီး စနည်းနာရသာအမော။ ဦးဇင်းက ကြားလာသဲ့သတင်း ရဲဘော်တွေကို ညဘက်ကျောင်းအမှောင်ချပြီး ပြန်ပြောရသာပေါ့။ ရွာကတော့ ဂျပန်နဲ့တိုးမှာ ကြောက်လို့ ရွာခရိုးတောင်မကျော်ဝံ့ကြဘူး ။ ဦးဇင်းကတော့ ကြောက်ပေါင် သူတစ်ပါးတည်း ကြွသာပဲ ”
ကျွန်မ ရွာပြန်တိုင်း ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ရောက်အောင်သွားကန်တော့သည့် ဒါန၀တ်ကိုတော့ မပျက်စေရ။ အရိယာ သူတော်စင်တို့၏ ရိပ်သာပတ်ဝန်းကျင်ဆိုတော့ အေးမြလှပါသည်။ ဘ၀အမောများပင် တဒင်္ဂပြေပျောက်ရပါ၏။ ကျောင်းဝိုင်းထဲက တန်ဆောင်းမှာ အဘိုး အဘွား၊ အဖေ အမေတို့၏ ကုသိုလ်စာတန်းကို ဖတ်ရတော့ ၀မ်းနည်းခြင်းနှင့် ကြည်နူးခြင်းကို ရောထွေး ခံစားရပါသည်။ အဘိုး အဘွားတို့၏ ရှေးကုသိုလ်ကိုသာ အောင်းမေ့ရင်း ကုသိုလ်ယူရခြင်းမျိုးမဟုတ်ပါလား။
ခင်ခင်ထူး
(မဟေသီ မဂ္ဂဇင်း၊ ဇွန် ၊ ၂၀၀၇ ခုနှစ်)
ခွေး
အခန်း (၁)
ဆောင်းတွင်းနံနက်ဦးမှာ မြူခိုးတွေ လူးလိမ့်တက်နေသည်။ အကြော်ဆိုင်ကလေးကတော့ ဖွင့်ဖို့ပြင်ပါပြီ။ အဘွားအိုက ဘူးသီးများကို ခွဲစိတ်နေ၏။ အဖိုးအိုက မီးဖိုတည်နေသည်။
သို့ရာတွင် သူ့အလုပ်ကို သူ လွတ်လွတ်ကျွတ်ကျွတ် လုပ်ရခြင်းမဟုတ်ပါ။ ခွေးတစ်ကောင်က သူဆွဲသော ထင်းတုံးများဆိုလျှင် လာရောက် လု လု နေသည်ဖြစ်သည်။
“ ဟေ့ကောင်ကြီး...ငါ့ဘာသာ လုပ်ပါ့မယ်ကွာ ”
ခွေးကြီးက ပြောမရချေ။ အတင်းဆွဲရမ်းနေသည်။ သူ့အားကို မနိုင်သောကြောင့် အဘိုးအို ချပေးလိုက်ရ သည်။ ခွေးကြီးက ထင်းတုံးကို မီးဖိုထဲ သွားဆိုက်၏။ ထင်းတုံးက မီးဖိုထဲမှာ အထာမကျ။ အဘိုးအိုက ထင်းတုံးကို အနေအထားပြင်ပေးရ၏။
အဘွားအို ထံမှ စကားသံထွက်လာသည်။
“ ဒီသားအဖ အလုပ်လုပ်နေတာ ပြီးကြတော့မှာလား ”
“ ဟ.....မင်း သားကြီးက ကူညီတာထက် ရှုပ်တာများနေတာကိုး.....”
“ ရှင် ဘာမှ ပြောမနေနဲ့၊ ကျုပ်သားကြီး ကူညီနေတာကို ကျုပ်တွေ့တယ်..”
အဘိုးအိုကား အဟဲဟဲနှင့်၊ ခွေးကြီးကလည်း ဆောင့်ကြောင့်ထိုင်ကာ လျှာကြီး တန်းလန်းနှင့်၊ မနက် စောစော မှာပဲ ထိုဘူးသီးကြော်ဆိုင်သို့ လူစိမ်းတစ်ယောက် လာရောက် စားသောက်ပါသည်။ အသက် လေးဆယ်ဝန်းကျင်ခန့် မျက်နှာမှာ အမာရွတ်နှင့် အတော်ကြမ်းတမ်းသည့် အသွင်ပေါ်သည်။ ထိုသူသည် ဘူးသီးကြော် ၀ယ်စားပြီးခဏကြာ ဆက်ထိုင်နေသေး၏။ ဆောင်းတွင်း နံနက်ခင်း၏ အအေးဒဏ်ကို မှုပုံမပေါ် အဘိုးအိုနှင့် အဘွားအို ကို မသိမသာ အကဲခတ်ရင်း......
“ အိုး......သူတို့ရှိနေကြ သေးတာကို ”
ထို့နောက် ဘူးသီးကြော် တချို့ကို ပါဆယ်ယူကာ သူ့တည်းခိုခန်းသို့ ပြန်လာခဲ့ပါသည်။
အခန်း (၂)
နောက်ရက်များတွင်လည်း သူသည် ဘူးသီးကြော် လာဝယ်စားနေ၏။ သူ့ကို မြင်သည်နှင့် အဖိုးကြီးက ခွေးကို လှမ်းပြောသည်။
“ ဟေ့ကောင်.... ညိုလုံး ဖောက်သည်တွေလာရင် ဘယ်လိုကြိုရမယ်လို့ မင်းကို မှာထားသလဲ.......”
ညိုလုံးဆိုသော ခွေးကြီးက သူ့ကို ပဒပ်ရပ်ကာ ကြိုဆိုသည်။ လက်ပေးသည်။ ဘူးသီးကြော် ၀င်စားရင်း သူစကားပြောဖြစ်၏။
“ ခွေးကြီးက အတော်လိမ္မာတာပဲနော်...”
အဘိုးအိုကား အဟဲဟဲ ရယ်လျက်.....
“ ခွေးတိုင်းတော့ ဘယ်လိမ္မာမလဲ ၊ ဒီကောင်က သင်ပေးထားတဲ့ ခွေးမို့လို့.....”
သူ့မျက်နှာ တစ်ချက်ပျက်သွား၏။ ကြာကြာဆက်မထိုင်ဘဲ တည်းခိုခန်းသို့ ပြန်လာခဲ့၏။
အမှန်စင်စစ်.....
ထိုအဘိုးအိုနှင့် အဘွားအိုသည် သူ့အဖေနှင့် အမေ ဖြစ်ကြသည်။ သူကား.........တစ်ဦးတည်းသောသား၊ ငယ်စဉ် ကတည်းက သူသည် သွန်သင် ဆုံးမ၍ မရလောက်အောင် မိုက်ရိုင်းရမ်းကား လွန်းလှသည်။ အရပ်ထဲတွင်လည်း အော့ကြောလန်ဖြစ်ခဲ့သည်။ သူ ဆေးစွဲစပြုချိန်တွင် အဖေ့အင်္ကျီအိတ်ထဲမှ ငွေကို အတင်းလုယူ၍
“ ဟေ့ကောင် .... ငါ မပေးနိုင်ဘူး...”
“ ဟာ..... ဒီအဘိုးကြီးဟာ......”
ထို့နောက် အင်္ကျီအိတ်ထဲမှ ပိုက်ဆံအကုန် သိမ်းကျုံးယူကာ လမ်းဘေးမှ အပေါင်းအသင်းများထံ သွားရောက် အောင်ပွဲခံကြ၏။
နောက်ဆုံးအခေါက်တော့ မိခင်ဖြစ်သူနှင့်........
“ သေတ္တာထဲမှာ ရှိတဲ့ ပိုက်ဆံတွေ ကျွန်တော့်ကို ပေးပါ .....”
“ ဘာလုပ်ဖို့လဲ.....”
“ ဘာလုပ်ဖို့ ဖြစ်ဖြစ် ပေးပါ....”
“ ဘာလုပ်ဖို့ ဖြစ်ဖြစ် မပေးနိုင်ဘူး........”
“ဟာ...... ဒီ အဘွားကြီးက ကွာ.....”
ထိုသို့ပြောပြီး မိခင်ဖြစ်သူကို ဆောင့်တွန်းလိုက်သည်။ မိခင်ဖြစ်သူက နံရံနှင့် ခေါင်းနှင့်ဆောင့်ကာ သတိလစ်သွားလေသည်။ ထိုအခါကျမှ သေတ္တာထဲက ငွေများကို အလွယ်တကူ သူ ထုတ်ယူလိုက်သည်။
ထိုငွေကား အိမ်တွင်ရှိသမျှငွေ အကုန်လုံးပင် ဖြစ်တော့သည်။ သူလည်း တစ်ခါတည်း အိမ်မှ ဆင်းခဲ့လေသည်။ တွေးစစ်ကြည့်တော့ အနှစ် နှစ်ဆယ်တိုင်ခဲ့ပြီ။
ထိုအတောအတွင်း သူသည် ထောင်အကြိမ်ကြိမ်ကျခဲ့သည်။ နေရာစုံအောင် ရောက်ခဲ့သည်။ ထိုသို့ဖြင့် ဆေးကတော့ ပြတ်သွားပြီး မိုက်ရည်မိုက်သွေးကတော့ မပျောက်။ ထိုသို့ဖြင့် ကြေးစားလူမိုက် တစ်ယောက်ဖြစ်လာသည်။ ယခုလည်း လက်ခံထားသော အလုပ်တာဝန်တစ်ခုအရ မထင်မှတ်ဘဲ သူ့အဖေနှင့် အမေကို ပြန့်တွေ့ရခြင်းဖြစ်သည်။ အမျိုးမျိုးခက်ထန် ပြောင်းလဲခဲ့ပြီဖြစ်သော သူ့ရုပ်ရည် တို့ကိုကား၊ သူ့အသံတို့ကိုကား အဖေရော အမေရော မမှတ်မိကြတော့။ လူစိမ်းပမာ ဆက်ဆံနေသည်။ သူ့ကတော့ အတွေ့အကြုံ စုံခဲ့ပြီဖြစ်၍ ဆက်ဆံပြီး မကြာမီမှာပင် သူ့အဖေအမေမှန်း မှတ်မိလိုက်ပါသည်။
သို့သော် သားတစ်ယောက်အဖြစ် ခွေးကြီးတစ်ကောင်ကို မွေးထားသည်ကား ရယ်စရာအဖြစ် သူမြင်သည်။
အခန်း(၃)
ဒီမနက် သူသွားသောအခါ အဘိုးကြီး၊ အဘွားကြီးက ပစ္စည်း ပစ္စယတွေ သိမ်းနေ၏။ သူတို့ကား ဘူးသီးကြော် ဆိုင်ကပင် အိမ်ဖြစ်သည်။ သူရောက်တော့ အံ့သြသံဖြင့် မေးလိုက်၏။
“ ဘယ်သွားကြမလို့လဲ....”
“ တစ်နေရာကိုပေါ့ကွယ်....ညိုလုံးကြီးကို ညက ဘယ်သူသတ်သွားလဲ မသိဘူး.... နားအုံပွင့်ပြီး သေနေတယ် ”
သူက ကြိတ်ပြုံးလိုက်သည်။ “ အဲဒါ နားထင်ကို ဆိုက်လင်ဆာ တပ်ထားတဲ့ သေနတ်နဲ့ ပစ်သွားတာပေါ့ အဘိုးကြီးရဲ့ ” ဟု စိတ်ထဲမှ ပြောလိုက်သည်။ အဘွားကြီးက သူတို့ကို မကြည့်၊ မျက်ရည်တွေကျလျက် ပစ္စည်းများကိုသာ သိမ်းနေသည်။ သူက......
“ နေပါဦး အဘိုးကြီးရဲ့..... ဒီခွေးကိုပဲ သားအဖြစ် သတ်မှတ်နေရအောင် အဘိုးကြီးတို့မှာ အခြားသား မရှိတော့ဘူးလား......”
အဘိုးအိုကား အဝေးသို့ ငေးကာ လျော့ရဲရဲဖြေ၏။
“ အင်း..... ဟိုတုန်းကတော့ ခွေးဆိုးတစ်ကောင် မွေးထားခဲ့ ဖူးလေရဲ့.....”
တာယာမင်းဝေ
(“ကျောခိုင်းထားတဲ့ နေမင်း” စာအုပ်မှ)
ဒိုင်ကြောင် မျက်နှာစာ
Sunday, June 05, 2011 8:43 PM
ဘာစွမ်းဆောင်ချက်မှ ဟုတ်တိပတ်တိမရှိသေးတဲ့ လူက ကိုယ့်အတ္ထုပတ္တိကို ရေးသားထုတ်ဝေတယ်ဆိုတာ ကိုယ့်သဘောအလျောက် ဘောင်းဘီချွတ်ပြီး လူရှေ့ထွက်ရပ်ပြတာနဲ့တူတယ်။
ပန်းသီးကြွေကျတာကို မြင်တာတောင် ကောက်စားဖို့သတိမရှိအောင် တွေဝေနေတဲ့သူဟာ နယူတန်ဆိုပြီး သိပ္ပံပညာရှင်ကြီးဖြစ်သွားတယ်။ ကောင်းရော။
မိန်းမနှစ်ယောက်ရှိလို့ တစ်ယောက်ကိုရွေးရခက်နေတယ်ဆိုရင် တတိယတစ်ယောက်ကို ရွေးလိုက်ပါ။
အချစ်ခံရတဲ့လူဖြစ်ဖို့ လှဖို့လိုတယ်။ လှတဲ့လူဖြစ်ဖို့ အချစ်ခံရဖို့လိုတယ်။
အသက် ၇၀ အရွယ်မှာ ၁၈ နှစ်သမီးကို လက်ထပ်တယ်ဆိုတာ သူငယ်ချင်းတွေ ဖတ်ပြမှာပဲဆိုပြီး စာအုပ်ဝယ်တဲ့ မျက်ကန်းနဲ့တူတယ်။
မြန်မာ့ဇာနယ်ဇင်း လောက အံ့မခန်းတိုးတက်လာလိုက်တာ စာမတတ်တဲ့လူတွေတောင် အယ်ဒီတာ ဖြစ်နေပါပေါ့လား။
ကိုက်စရာ ပါးစပ်ပေါက်မပါတဲ့ နဂါးဟာ တီကောင်နဲ့ ဘာမှမခြားဘူး။
၁၆ နှစ်အောက် ကလေး လူကြီးတွေးမတွေးရ။
ကျွန်တော်တို့ရေးတဲ့စာတွေက ရေနဲ့တူတယ်။ တစ်ကယ့်စာရေးဆရာကြီးတွေ ရေးတဲ့စာတွေက အကောင်းစားပြင်သစ်ဝိုင်တွေနဲ့ တူတယ်....ဒါပေမယ့် ရေကို လူတိုင်းသောက်ကြတယ်။
အပျော်ဖတ်စာပေဆိုတာ ပြည့်တန်ဆာလိုပဲ။ လူတိုင်းက ရှုံ့ချကြတယ်။ ဒါပေမယ့် မကင်းနိုင်ကြဘူး။
ဘ၀မှာ မှားခဲ့သမျှ အမှားတွေကို အမှန်ဖြစ်အောင် ပြင်ချင်တယ်ဆိုရင်တော့ အတ္တုပတ္တိသာ စရေးပေတော့။
စာရေးဆရာအချို့ဟာ မူကြိုအရွယ်ကလေးငယ် တွေလိုပဲ၊ စာကိုရေးတော့ ရေးတတ်တယ်၊ ပြန်မဖတ်တတ်ဘူး။
ကြက်ဖ
ကျွန်တော်တို့ ပြိုင်ပွဲအကြောင်းကို မရေးမီ ကျွန်တော်တို့ ရှစ်တန်းနှစ်တွင် ရရှိခဲ့ကြသော အတန်းပိုင်ဆရာ ဦးထွန်းဇော် အကြောင်းကို အရင်ရေးမှ ရမည်ဖြစ်သည်။
ဆရာသည် တရုတ်နည်းနည်းစပ်သည်ဟု ကျွန်တော်ထင်သည်။ အသားဖြူဖြူ၊ အရပ် ငါးပေ ကိုး လက်မခန့်၊ ကိုယ်လုံးကျစ်ကျစ်လျစ်လျစ် တောင့်တင်း၍ ဖြောင့်စင်းသောနှာတံ၊ အတန်ငယ် ထူသော နှုတ်ခမ်းနှင့် မျစ်ရစ်မပါပဲ စူးရှသွယ်လျသည့် မျက်ဝန်းများကို ပိုင်ဆိုင်သည်။ ဆရာ့တစ်ကိုယ်လုံးမှာ အထူးခြားဆုံးမှာ စူးရှသွယ်လျသော မျက်ဝန်းများပင်ဖြစ်သည်။ ဆရာသည် စကားနည်းသည်။ Text Book မကိုင်၊ မြေဖြူခဲ တစ်ချောင်းကို တိုက်ပုံအင်္ကျီထဲ ထည့်ထားသည်။ ဒတ်(စ်)တာ ရှာမတွေ့လျှင် တခြားဆရာတွေလို မတ်တပ်ရပ်ခိုင်းတာတို့၊ ဆူတာပူတာတို့ မလုပ်ဘဲ သူ့တိုက်ပုံ အင်္ကျီလက်နှင့်ပင် ပွတ်ဖျက်ပစ်လေ့ရှိသည်။ ဒါကို ဆရာမတစ်ယောက်က “တပည့်တွေရှေ့မှာ လုပ်တာဆိုတော့ တပည့်တွေကို နည်းကောင်းတွေ သင်ပေးနေတာပေါ့ ” ဟု ခနဲ့သည်ကို ဆရာက.....
“ အရေးမကြီးတာကို အပြစ်မရှာဖို့ရယ်၊လေးဆယ့်ငါးမိနစ်ပဲရတဲ့ အချိန်ထဲမှာ Duster ကို အချိန်မပေး နိုင်တာကြောင့်ပါ၊ ၀တ္ထုဖတ်ပြီး ဆီးထုပ် စားပြတာလောက်တော့ မဆိုးဘူးထင်တာလည်း ပါတာပေါ့၊ ကောင်းတော့ မကောင်းဘူး ပေါ့လေ ” ဟု ပြန်ဖြေခဲ့သည် ဟုဆိုသည်။ ဆရာသည် စကားနည်းပြီး အနေအထိုင် ခွကျသည့်အပြင် မည်သည့်ဆရာနှင့်မျှလည်း မတည့်ဟု ကျန်ဆရာမများက ဆိုကြသည်။ ဆရာက ဒီနှစ်မှ ကျောင်းပြောင်းလာခြင်းဖြစ်ပြီး ရောက်ရောက်ချင်း ရှစ်တန်းတစ်ဆောင်လုံးမှာ အညံ့ဆုံး ဖြစ်သော ကျွန်တော်တို့အတန်းကို အတန်းပိုင်အဖြစ် ရခြင်းဖြစ်သည်။
ဆရာသည် စကားပြောတာတို့၊ အစားအသောက် စားတာတို့ကို ဆူလေ့မရှိပါ။ ကျောင်းစိမ်းမ၀တ်တာ ကိုလည်း ဆူလေ့မရှိပါ။ “ ကျောင်းစိမ်းဝတ်ထားရင် မင်းတို့ကို ကျောင်းသားမှန်းသိမယ်၊ တစ်ခုခု ဖြစ်ရင် အကူအညီပေးမယ်၊ နေရာပေးမယ်၊ ဦးစားပေးမယ်၊ ကိုယ့်အတွက် အတိအကျ အကျိုးပေးမယ့် ကိစ္စကြီးကို မလုပ်ချင်တာတော့ မင်းတော့သဘောပဲ ” ဟု သာ ခပ်ဆတ်ဆတ်ပြောသည်။ ကျွန်တော်တို့ အတန်းသည် ကျောင်းစိမ်းမ၀တ်လျှင် အပေါ်တစ်မတ် အောက်တစ်မတ်ပေးရသော A ခန်းလောက် ကျောင်းစိမ်းပျက်ကွက် မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆရာသည် ဆရာမတွေနှင့် မတည့်တာဟု ပြောသူက ပြောကြသည်။
ဆရာက ကျွန်တော်တို့ကို သိပ်မရိုက်တတ်သော်လည်း ဆရာ၏ သေးငယ်ကျဉ်းမြောင်း စူးရှလှသော မျက်ဝန်းဒဏ်ကို ကျွန်တော်တို့ မခံနိုင်ပါ။ ထို့ကြောင့်ဆရာ့ကို ကြောက်ကြပါသည်။ ဆရာကတော့ သူ့ကိုကြောက်ဖို့ တစ်ခါမျှမပြောဖူးပါ။
အခုကျွန်တော်တို့ဆရာက ကျောင်းတက်ပြီး သုံးလခန့်သာ ရှိသေးသည်။ ကျွန်တော်တို့ အတန်းကို သူ့သဘောနှင့် သူ စာမေးပွဲစစ်ချ လိုက်သည်။ ကျွန်တော်မှတ်မိလောက် တစ်ယောက်မျှ မအောင်ပါ။သို့သော် ဆရာသည် စိတ်လည်းမဆိုး၊ ရိုက်လည်းမရိုက်ပါ။
“ ဒီလို အဖြေမှန်ကို သိရတာ ၀မ်းသာတယ်ဟေ့၊ ငါက ဒါမျိုးမှ ကြိုက်တာ၊ ကဲ....အင်္ဂလိပ်စာ တစ်ဘာသာတည်းကို အမှတ်အများဆုံး ၁၂ မှတ်ရပြီး ကျတဲ့ ပထမရကျောင်းသား ထစမ်းဟေ့ ”
ကျွန်တော့်သူငယ်ချင်း ကျော်ဦးက စပ်ဖြဲဖြဲနဲ့ ထပါတယ်။ ဆရာက ကျေနပ်သလို ပြုံး၍ ခေါင်းညိတ်သည်။
“ ကဲ....ပြီးတော့ ဘာသာစုံကျတဲ့ အထဲမှာ ဘဲဥ နှစ်လုံးရတဲ့ စန္ဒာလင်းလက်ဆိုတာ ထစမ်းဟေ့ မြင်ဖူးထားချင်လို့ ”
ကျွန်တော်တို့အတန်းထဲမှာ ရုပ်အချောဆုံးဟု သိထားသော စန္ဒာက ထရပ်သည်။ သူလည်း ရယ်လျက်ရှိ၏။
“ ကဲ...စန္ဒာလင်းလက်၊ ကျော်ဦးဘေးမှာ သွားထိုင်၊ ကျော်ဦးက အတန်းထဲမှာ အတော်ဆုံးဆိုတော့ အညံ့ဆုံး ဖြစ်တဲ့ စန္ဒာ့ကို ဆရာလုပ်တော့၊ စန္ဒာ စာမရရင် စာမှားရင် စန္ဒာလင်းလက်ကို မရိုက်ဘူး၊ သူ့ဆရာ မင်းကိုရိုက်မယ် ကျော်ဦး၊ ငါပြောတာ နားလည်လား၊ ကဲ...မကြည်မာ ဒုတိယရတယ်၊ ထစမ်း ”
အဲဒီလိုနဲ့ ဆရာက အဆင့်(၁) နဲ့(၅၉) ၊ (၂) နဲ့ (၅၈) စသည်ဖြင့် တွဲပေးသည့် အတွက်ကျွန်တော်တို့ အတန်းထဲမှာ ဆရာတပည့် စုံတွဲ အစိတ်တိတိ ရှိပါသည်။ ဆရာများက တပည့်များကို အနားတွင် ထားကြရသည်။
ဆရာ့စည်းကမ်းက ဆရာမှားလျှင်တစ်ချက်၊ တပည့်မှားလျှင် ငါးချက် ရိုက်လေ့ရှိသည်။ တပည့်မှားလျှင် ဆရာက ၀င်ဆို ၀င်တွက်ပေးပြီး ဆည်ခွင့်မရှိ။ အရိုက်ခံရဖို့သာ ရှိသည်။ ဆရာမှားလျှင် တပည့်က ၀င်ဖြေပေး၊ ၀င်ဆို၊ ၀င်တွက် ပေးပြီး ကယ်၍ ရသည်။ ထိုအခါတွင် တပည့်က ဆရာဖြစ်ပြီး ဆရာက တပည့် ပြန်ဖြစ်ပါသည်။ ထို့ကြောင့်ဆရာ့ကို မကြိုက်သော တပည့်များမှာ ဆရာစာမရတာနှင့် ကြုံသော အခွင့်အရေးကို လက်မလွှတ်ပဲ ဆရာပြန်ဖြစ်ရေးကို မပြတ်ချောင်းနေကြတတ်သလို ဆရာမှ စာမရ၍ တပည့်ပြန်ဖြစ်နေသော တပည့်ကလည်း ဆရာပြန်ဖြစ်အောင် စာကျက်ရလေသည်။
ထိုစနစ်ကြောင့် ကျွန်တော်တို့ ဘိတ်ချေး (အီး) အခန်းမှာ ပထမခြောက်လပတ်တွင် ကျဝံ့သူမရှိ၊ စံချိန်ကို တင်နိုင်ခဲ့လေသည်။ ထိုခြောက်လပတ် စာမေးပွဲတွင်လည်း ဆရာက ထုံးစံအတိုင်း အဆင့်များကို ခေါက်ချိုးချိုးပြီး တွဲပေးခဲ့ပြီး ဆရာတပည့် စုံတွဲ (၂၅) တွဲ စာသင်စေပြန်ပါသည်။ ထိုအတွဲတွင် ကျွန်တော်၏ တပည့်လုပ်ရသူက ရင်ရင်အိဆိုသော ကောင်မလေးဖြစ်သည်။
ထိုရင်ရင်အိမှာ ၀တုတ်မကလေးဖြစ်ပြီး ဥာဏ်ကလည်း ထိုင်းလေသည်။ ရယ်လိုက်လျှင် ကလေးလေးနှင့် တော်တော်တူပြီး ငိုလျှင်တော့ ဘီလူးပေါက်စ ကလေးနဲ့ တူ၏။ထို့ကြောင့် ရင်ရင်အိသည် အမြဲတမ်း ဘီလူးမကလေး ဖြစ်သည်။ မိန်းကလေးမို့ ကျက်စာများတွင် ကျက်အားကောင်းသောကြောင့် မသိသာသော်လည်း တွက်သည့်ချက်သည့် နေရာတွင်မတော့ အတော်လေးကို ဒုံးဝေးပါသည်။ သင်လေမှားလေ မသင်ပဲထားတော့ ဘာမှမသိလေ ဆိုသည့်အထဲတွင် ရင်ရင်အိသည် ထိပ်ဆုံးမှရှိလေသည်။ ထို့ကြောင့် ကျွန်တော်ဒီအခါ ကျောင်းဆရာတွေထက် ပို၍ ကြိုးစားရလေသည်။
ဆရာလုပ်ပေးထားသော system က တပည့်မှားလျှင် ဆရာကို အားရပါးရတွယ်သော system ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ်ထက် သူ့ကို ပို၍ အားထုတ်ရပါသည်။ ထိုအခါတွင် စာတစ်ပုဒ်ကို ကိုယ့်အတွက် အရကျက် ဖို့အပြင် သူနားလည်အောင် ပြောဆိုသင်ပြရသည့်အတွက် ပုံမှန် စာကျက်ခြင်းထက် ငါးဆလောက် အားထုတ်ရလေသည်။ ကျွန်တော်က ဥပမာ ဥပမေယျ မျိုးစုံဖြင့် သူ့ကို သင်ရသည့်အတွက် ထိုစာတစ်ပုဒ်မှာ ကျွန်တော့်အတွက်တော့ ဖွတ်ဖွတ်ညက်ညက်တင်မက ဒွတ်ဒွတ်ဒက်ဒက်ပါ ကြေလေသည်။
“ နင်ကလည်းဟာ လက္ခဏာ တူတာတွေကို မြှောက်ရင် အပေါင်းဟာ ၊ မတူတာကို မြှောက်ရင်အနုတ် ၊ ဒါလေးကို နင်သိထားရင် ဘယ်လိုလုပ် မှားတော့မှာလဲ၊ ဒီမှာ +3 နဲ့ +9 ကို ပေါင်းရင်....”
“ + 12 ”
“ ကဲ...ဟုတ်နေပြီပဲဟာ၊ +7 နဲ့ +4 ကို မြှောက်ရင် ....”
“ အင်း...ဟို....+1 +21 ”
“ OK..OK... - 6 နဲ့ - 8 ကို ပေါင်းရင် ”
ရင်ရင်အိ ပုံစံက တွေဝေသွားသည်။ ကျွန်တော့်ကို တစ်ချက်ကြည့်သည်။
“ဟို...(-) ”
“ ဘာ...”
“ မဟုတ်ဘူး..(+) ”
ကျွန်တော်စိတ်ဓါတ်ကျသွားသည်။ ကျွန်တော်က (-) ကို ဘာ...အော်လိုက်တော့မှ (+) ဖြစ်သွားခြင်း ဖြစ်သည် မဟုတ်လား။ လက္ခဏာ နှစ်မျိုးတည်း ရှိတာမို့ ဒါ ရမ်းသော အဖြေမှန် ဖြစ်ကြောင်း သိရသည်။
“ နင့်ကို ငါပြောထားတယ်ဟာ၊ လက္ခဏာ တူရင် (+) ၊ မတူရင် (-) ဆိုတာ ၊ ဒီမှာ အနုတ် အနုတ်ချင်း တူနေတော့....”
“ အနုတ် ”
ကျွန်တော်လဲသေချင်စိတ်သာ ပေါက်သွား၏။ စာသင်လျှင် ဒေါသနှင့် သင်၍ မရကြောင်း ကျွန်တော်သိသဖြင့် ဒီနေ့ ထူပူအူပြီး ရူးရူးကြောင်ကြောင်နှင့် ရင်ရင်အိကို လမ်းကြောင်း ပြောင်း၍ သင်ရ သည်။ (+) နှင့် (-) ကိစ္စကို မသင်တော့။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ (+) နှင့် (-) ကို သူသိအောင် ဘယ်လို လုပ်ရမလဲ ဆိုသည့်စိတ်က ကြီးစိုးနေခဲ့သည်။
ဆရာက ဘောမှာ တွက်ချက်ပေးသည့်အခါ ကျွန်တော်ကမှန်ပြီး သူက ခဏလေးမှားတာနှင့် ကျွန်တော် ငါးချက် အတီးခံရတော့မည်။ နောက်ဆုံးမှာ (+) နှင့် အနုတ်အတွက် အကောင်းဆုံး ဥပမာကို ရရှိသွား၏။ ကျွန်တာ် အရမ်းပျော်သွားသည်။
“ ကဲ...နင့်ကို ငါ ဥပမာ တစ်ခုပေးမယ်၊ သူငယ်ချင်းကို (+) ဆရာတွေရော အိမ်က အဖေ အမေတွေရောက ခွင့်မပြုတဲ့ သမီးရည်းစားဆိုရင် (-)ဟုတ်ပြီးလား၊ရည်းစားထားရင် အကုန် ဒုက္ခရောက်တာပဲပေါ့၊ ဟုတ်လား ”
“ အေးပါ သိတယ်၊ ဘာတွေ ပြောမှန်းလဲ မသိဘူး ”
“ ခဏလေးပါဟာ၊ ကဲ ...ယောက်ျားလေးတွေကို (+) လို့ သဘောထားပြီး မိန်းကလေးတွေကို (-) လို့ သဘောထားရမယ်၊ ဟုတ်ပြီလား ”
“ အေး...ငါသိပြီ ”
“ ဒီတော့ ကျားကျားချင်း (+) ရင်”
“(+) ပဲရမယ် သူငယ်ချင်း ”
“ မ, မ ချင်း ပေါင်းရင် ”
“ (+) ပေါ့ဟ ၊ သူငယ်ချင်းပဲလေ ”
“ ကျား (+) နဲ့ မ (-) တွေ့ပြီး ပေါင်းကြရင် ”
“ (-) ပေါ့ ၊ သမီးရည်းစား၊ ဒုက္ခရောက်ကြပြီ ”
ကျွန်တော် ရင်ရင်အိလက်ကို အားရပါးရကိုင်ပြီး နှစ်ယောက်သား အားရပါးရ ရယ်ကြ၏။ ကျွန်တော့် ဘ၀မှာ စာသင်ရတဲ့ အရသာကို ပထမဦးဆုံး အရှိန်အဟုန် ကြီးကြီးနဲ့ ခံစားလိုက်ရတာပဲ ဖြစ်သည်။ တပည့်ကောင်း ရှိတဲ့ဆရာဟာ သိပ်ပျော်စရာကောင်းမှာပဲလို့လည်း တွေးလိုက်မိသည်။ ဆရာ၊ဆရာမတွေ ကို တခြားအသုံးအဆောင် ပစ္စည်းတွေနဲ့ကန်တော့တာကတစ်မျိုး၊ အဲဒီ ဆရာ ၊ ဆရာမ ကိုယ်တိုင် တီထွင်ထားတဲ့ နည်းစနစ်တွေနဲ့ သင်ခန်းစာကို အခက်အခဲမရှိ ရယူပြီးတော့ ကျော်ဖြတ်နိုင်တာက တစ်မျိုးဆိုတာကို ကျွန်တော်လုံးဝ သဘောပေါက်သွားခဲ့ပြီး အဲဒီနေ့ကစလို့ ဘယ်ဆရာမဆို စာသင်တဲ့ အခါ ကိုယ်ပိုင် ဟန်ကလေးနဲ့ ဘယ်လိုသင်သလဲဆိုတာကို သတိထားပြီး အဲဒီဟန်ကို အရယူ၊ ကျွန်တော်ကြိုးစား ခဲ့ပါသည်။ ထိုနည်းနှင့် တပည့်တာဝန်ကျေရန် ကျွန်တော်ကြိုးစားခဲ့သည်။
ကျွန်တော်နှင့် ရင်ရင်အိတို့ (+) (-) ကိစ္စတွေ ပြီးသွားတဲ့နောက်ရက်တွေမှာ ကျန်တဲ့ ဘာသာရပ်တွေပါ သင်လို့ ကောင်းလာသည်ကိုသတိ ထားမိလာ၏။ ရင်ရင်အိ ကလည်း တပည့်ကောင်း၏ အရသာကို ခံစားတတ်လာဟန်တူသည်။ တစ်နေ့တော့ ရင်ရင်အိက ကျွန်တော့်ကိုစကား တစ်ခွန်းပြောသည်။
“ ရဲဝင်း...သီရိရဲ့ ပါတနာ ယမင်းက ငါ့ကို စိန်ခေါ်နေတယ်၊ သူနဲ့ ငါနဲ့ပြိုင်မယ်တဲ့ ”
“ ဟင်....ဘယ်လိုဖြစ်လို့ ပြိုင်ရမှာလဲ ”
“ ယမင်းနဲ့ငါနဲ့ ပုစ္ဆာပြိုင်တွက်တော့ ငါကမြန်လည်းမြန်တယ် မှန်လည်းမှန်နေတော့ သူက မကျေနပ်တာက စတာ၊ သူ့က သူ့ Guide ကို သွားခေါ်ပြီး ငါ့ကိုချွတ်တော့ ငါကမြေပုံဆွဲပြီး စက်ရုံ(၂၈) ရုံကို နင့်ကဗျာအတိုင်း ထည့်ပြလိုက်တာပေါ့ ”
“ အဲဒါတော့ နင်မှားတယ်၊ ယမင်းကို နင်ဘာမှသွားပြိုင်စရာ မလိုဘူး၊ ငါနင့်ကို သင်ပေးတာ ဆရာပြောတဲ့အတိုင်း စာမေးပွဲမှာပြိုင်ဖို့ ”
“ သူက လာစိန်ခေါ်တာကိုးဟာ၊ အခုလည်း သူတို့က နင်နဲ့ပြိုင်မလို့တဲ့ ”
“ မပြိုင်ပါဘူး၊ ဘာဖြစ်လို့ ပြိုင်ရမှာလဲ ”
“ အဲဒါတော့ ငါလည်းမသိဘူးဟာ၊ သူက နင်နဲ့ပြိုင်မယ်တဲ့၊ သူရှုံးရင် သူ့ပါတနာ ယမင်းကို နင်နဲ့ထည့်လိုက်မယ် တဲ့ ”
“ ဘာ....ဘာ....ဘယ်လို ”
ကျွန်တော် တအံ့တသြ စကားဆိုတော့ ရင်ရင်အိက ပြုံးလေသည်။ ပြီးတော့ ရင်ရင်အိက တည်ငြိမ်သော မျက်နှာထားနှင့် ကျွန်တော့်ကိုပြောသည်။
“ ဒီလို ရဲဝင်းရာ ၊သူက တပည့် တပည့်ချင်း မပြိုင်ချင်ဘူး၊ ဆရာချင်း ပြိုင်ချင်တာတဲ့ ”
“ ဆရာချင်း”
“ အေး...ငါကလည်း နင့်ဘက်က မခံချင်ဘူးပေါ့ဟာ...၊ သီရိက နင့်လောက်မကျွမ်းဘူးဆိုတာ ငါသိတယ် ရဲဝင်း၊ ပြိုင်ရင်နင်ပဲနိုင်မှာ ”
“ ဟာ...ဒါပြိုင်စရာ ပွဲမှမဟုတ်တာ ”
“ အေး သူကတော့ မုန့်စားကျောင်းဆင်းချိန်မှာ နင်နဲ့တွေ့ချင်တယ်တဲ့၊ ပထမတော့ စာနဲ့ရေးပြီး ချိန်းတာပဲ၊ ဒါပေမယ့် ဘာဖြစ်လို့လဲမသိဘူး၊ စာကို ရေးပြီးမှ ဆွဲဆုတ်ပစ်လိုက်ပြီး ငါ့ကိုပဲ နှုတ်နဲ့ပဲ ချိန်းလိုက်တာ ၊ နင်သွားမယ် မဟုတ်လား ရဲဝင်း ”
ကျွန်တော် တော်တော်လေး စဉ်းစားရသည်။ ကျွန်တော့စိတ်ထဲမှာ အတန်းတူ အသက်တူချင်း ဆရာလုပ်ရတာကို အရသာတွေ့နေသလိုလို ရှိတာကိုတော့ ကျွန်တော်ဝန်ခံရမည် ဖြစ်ပါသည်။ဒါပေမယ့် ကျွန်တော်က သိပ်အတော်ကြီး မဟုတ်ဆိုတာကိုလည်း ကောင်းကောင်းနားလည်ထားသည်။ ဦးနှောက်က မှတ်ရခက်တာလေးတွေကို လွယ်အောင်ဘယ်လိုမှတ်ရမလဲ ဆိုတာလောက်ကိုတော့ ဥာဏ်နီဥာဏ်နက် ကလေးထုတ်ပြီး သုံးတတ်သည် ဆိုတာလောက်ပဲဆိုတာ ကျွန်တော်ကိုယ့် ကျွန်တော်သိပါသည်။
“ဆရာသိသွားရင် မကောင်းဘူးဟ၊ ပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေး၊ ငါမပြိုင်ချင်ဘူး ”
“ နင်ကလည်း....အဲဒါဆို သီရိက နင့်ကို ငကြောက်လို့ ထင်သွားမှာပေါ့ ”
အဲဒီအချိန်တုန်းက ထိုစကားသည် ကျောင်းသားတိုင်းကြောက်ကြသော စကားဖြစ်သည်။ ကျောင်းသားများ သည် သိတ္တိရှိသည် ဆိုခြင်းကို ဆန့်ကျင်ဘက် ကျောင်းသူများ သိစေချင်ကြသည်။ထို့ကြောင့် ကျောင်းရှေ့ အုတ်ခုံမှာထိုင်ရင်း တစ်ဖက်နှင့်တစ်ဖက်ရန်ဆောင်ပြီး ရိုက်ကြနှက်ကြသည်။ ရန်ဖြစ်ကြသည် ။ စိန်ခေါ်ထိုးပွဲတွေ၊ အုပ်စုလိုက်ချိန်းပွဲတွေ တာစားကြသည်။
ကျောင်းသူများကလည်း ထိုကဲ့သို့ ဆိုးမိုက်နေသူ ကျောင်းသားများကိုမှ ချစ်ကြသော၊ ရည်းစားထားကြသော ခေတ်ဖြစ်၏။ ရုပ်ရှင်ကားတွေကလည်း “မိုက်တယ်ဆိုတာ လွယ်ပါတယ် ” ၊ “ စိန် သို့မဟုတ် စိမ် ” ၊ “ ဗန်ဒိုလူလေးနဲ့ သူဇာ ” စသည့်ကားတွေ အောင်မြင်နေကြချိန်ဆိုတော့ ထိုအရှိန်တွေလည်း ပါမည်ထင်သည်။
ဒီတော့ ကျွန်တော်လည်း ငကြောက်ဆိုသော စကားကိုတော့ ဘာပဲဖြစ်ဖြစ်၊ အခေါ်မခံနိုင်ပါ။
“ငါက ကြောက်လို့မှ မဟုတ်တာ ၊ သူက မိန်းကလေးမို့ မပြိုင်ချင်ဘူးပြောတာပဲ ”
“ အင်း....အဲဒါလည်း ငကြောက်ပဲ၊ ပြိုင်လိုက်စမ်းပါဟာ ”
“ သူက ဘာပြိုင်မှာလဲ ”
“ စာပဲ နေမှာပေါ့ဟ ”
“ ဘယ်စာကို ဘယ်လိုပြိုင်ကြမှာလဲ ၊ဘယ်စာဆိုတာကို ဘယ်သူက ထုတ်ပေးမှာလဲ၊ ဒိုင်က ဘယ်သူလဲ၊ ဒီကိစ္စက လွယ်လွယ်ကလေးမှ မဟုတ်တာ ”
“ အဲဒါကြောင့်မို့ သီရိက ချိန်းတာနေမှာပေါ့ဟ၊ နင်မသွားရင်တော့ ငကြောက်ပဲ ရဲဝင်း ”
“ သွားမယ်ဟာ ၊ သူက ဘယ်ကိုလာရမှာတဲ့လဲ ”
“ မုန့်စားဆင်းရင် ဆယ်တောင်ပြည့် ဘုရားဝင်းထဲကို လာခဲ့တဲ့ ”
သီရိဆိုသည့် ကောင်မလေးသည် ကျွန်တော်တို့ အတန်းထဲမှာ ကျွန်တော့်လိုပဲ ဘယ်နေရာမှာမှ ဘာသံမှ မထွက်သော ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူ့ကို ကျွန်တော်သိသည် ဆိုသည်ကလည်း သာမန်ကျောင်းသူ တစ်ယောက်လို သိခဲ့ခြင်းမျိုးဖြစ်သည်။ သူနဲ့ကျွန်တော် အပြိုင်အဆိုင်မရှိ၊ မုန်းတီးမှု မရှိ၊ ရင်းနှီးမှုလည်း မရှိခဲ့ပါ။
အခုမှ သူက ကျွန်တော့်ကို အရေးတယူ သဘောထားပြီး ပြိုင်တာတွေ ဘာတွေလုပ်ချင်နေရသနည်း။ ကျွန်တော်စဉ်းစားသော်လည်း အဖြေမရပါ။
မုန့်စား မဆင်းခင် အတန်းထဲမှာ တွေ့ကြတော့လည်း အရင်က အတိုင်းပဲ ထူးခြားမှု ဘာမျှမရှိပါ။ ကြားထဲက ကျွန်တော့်တပည့် ရင်ရင်အိပဲ တမင်ချွန်တာလားဟု ကျွန်တော်ထင်လိုက်သေသည်။ သို့သော် မုန့်စားကျောင်းဆင်းလို့ ကျွန်တော်ကဘာရယ်မဟုတ် ၊သူ့ကို စူးစိုက်ပြီးကြည့်တော့ သူက တစ်ချက် မဲ့ပြုံးကလေး ပြုံးပြီးမျက်နှာကိုမော်၍ လွှဲထွက်သွားသည်ကို တွေ့ရသည်။
“ သွားမယ်လေ ရဲဝင်း ၊ သီရိက သွားနှင့်နေပြီ ”
“ နင့်ဟာက သူချိန်းတာ သေချာတယ်နော် ”
“ ဘာလဲ၊ နင်က ငါ့ကိုမယုံလို့လား၊ ငါ့က နင့်ကို ဘာကိစ္စနဲ့လိမ်ရမှာလဲ၊ ဒီလို ကိစ္စမျိုးကို ”
“ အေးပါဟာ.....ဟုတ်ရင် ပြီးရောပေါ့၊ သီရိကို ကြည့်ရတာက ဘာမှ မထူးဆန်းလို့ပါ”
ဆယ်တောင်ပြည့်ဘုရားဝင်းထဲကို ရောက်တော့ သီရိကို ယမင်းနှင့်အတူ ဒေးဗစ်ချန်း ဆီးထုပ်စားရင်း တွေ့ရသည်။ ကျွန်တော့်ကိုတွေ့တော့ ဘာသဘောလဲတော့မသိ။ သီရိက ဆီးထုပ်ထဲမှ ဆီးစေ့ကို နှုတ်ခမ်းထိပ်တွင် စုထားပြီး အားနှင့်မှုတ်ထုတ်ပစ်လိုက်သဖြင့် ဆီးစေ့က ကျွန်တော့ပခုံးပေါ်မှ ကျော်၍ ထွက်သွားသည်။ သူကတော့ မသိ။ ကျွန်တော်ကတော့ သီရိနှုတ်ခမ်းကလေး စုထားသော အိုက်တင်ကို သဘောကျနေမိသည်။
“ မဆိုးပါဘူး၊ သတ္တိတော့ ရှိသားပဲ ”
“ငါက ဘာဖြစ်လို့ သတ္တိမရှိရမှာလဲ၊ ငါမသိတာက ဘာကြောင့် ဘာကို ပြိုင်ချင်တာလဲ ဆိုတာကို မသိတာ ”
“ မကျေနပ်လို့ပေါ့ ”
“ ဘာကို မကျေနပ်တာလဲ ”
“ ဆရာကြီးလုပ်လို့ ”
ကျွန်တော်က နှုတ်ခမ်းတွေစုပြီး ကျွတ်ခနဲ အသံမြည်အောင် စုတ်လိုက်ပြီး ခေါင်းကို နောက်ဘက်သို့ လှန်ပစ်လိုက်၏။ အဲဒီစတိုင်လ်က အဲဒီအချိန်တုန်း ကတော်တော်လေးခေတ်စားသည်။ နောက်ပြီး ကျောပေးပြီး စကားပြောတဲ့ စတိုင်လ်လည်း ခေတ်စားသေး၏။ အဲဒါက ကျော်ဟိန်း လုပ်တာတဲ့၊ အဲဒီလို လုပ်ဖို့ စစ်အင်္ကျီကလည်း ၀တ်ရဦးမယ်တဲ့၊ ကျွန်တော်ကတော့ လုံချည် ခြေဖျားထွေးနဲ့ ခေါင်းမော့၊ နောက်လှန်ကျွတ်...စုတ်ရတဲ့ စတိုင်လ်ကို အကွက်ဝင်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ အမြဲလုပ်တတ်သည်။
ကျွန်တော့်အိုက်တင် ဆုံးတော့ ဆယ်တောင်ပြည့်ဘုရား အုတ်ခုံတန်းပေါ်မှာ တင်ပလွှဲထိုင်နေသော သီရိက ဖျတ်ခနဲ ခုန်ဆင်းသည်။
သို့သော် သီရိ ခုန်ဆင်းသော ခန္ဓာကိုယ်က သီရိဝတ်ထားသော စကတ်က နောက်ဘက်မှာ ဘာနှင့်ငြိနေသည် မသိ၊ သီရိကို ကုတ်ဆွဲထားသလိုဖြစ်ကာ ကျွန်တော့်မျက်နှာကို သူ့ခေါင်းနှင့် ပြေးဆောင့် သလို ဖြစ်အသွားမှာ ကျွန်တော်က အိုက်တင်ခံ၍ နောက်အလှန်နှင့် သွားကြုံသဖြင့် သီရိ အပေါ်ပိုင်း တစ်ပိုင်းလုံးက ကျွန်တော့်ရင်ထဲ ထိုးကျလာသည်။ ကျွန်တော်ကလည်း ထင်မှတ်မထားဘဲ သတိနှင့် တောင့်မထားနိုင်ဘဲ သီရိကို ဖက်ရင်း ပက်လက်လှန် လဲကျလေသည်။ စက္ကန့်နှစ်ဆယ်ခန့် လောကကြီး ဘာဖြစ်သွားမှန်း ကျွန်တော်မသိလိုက်၊ သတိဝင်တော့ သီရိက ကျွန်တော့်အပေါ်မှာ ပိလျက်ကြီး ဖြစ်နေသည်။ ကျွန်တော့်နောက်စေ့က ဆယ်တောင်ပြည့် ဘုရားအောက်ခြေ ပထမဆင့်နှင့် ရိုက်မိပြီး ပူလောင်နာကျင်လေသည်။
ကျွန်တော်တို့ အိမ်ကို ကိုယ်စီပြန်ကြရသည်။
“ ရဲဝင်းကို သီရိက အုတ်ခဲနဲ့ထုလို့တဲ့ကွ ” ဟူသော မှတ်ချက်ကို ကျွန်တော်ပြန်မရှင်းတော့ပါ။ “ ထုမှာပေါ့။ သီရိက စကတ်တောင် ပြဲနေတဲ့ဟာကို ” ဆိုသော စကားကိုသာ ချေပပါသည်။ ကျွန်တော့မျက်စိထဲမှာ စကတ်အပြဲကလေးကို ကိုင်ပြီး ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ရင်း ၀မ်းနည်း၍လား၊ နာကျင်ထိတ်လန့် သွားလို့လားမသိ ငိုနေသော ကလေးလေးကို ပြန်မြင်ရင်း ချစ်နေရသည်။
ကံမကောင်း အကြောင်းမလှစွာပင် ထိုကိစ္စကို ဆရာဦးထွန်းဇော်က သိသွားခဲ့သည်။ ဆရာက ကျွန်တော်တို့ နှစ်ယောက်ကို မတ်တပ်ရပ်ခိုင်းပြီး ဖြစ်ပုံအကျဉ်းကိုမေးသည်။ သူ့ စာမေးပွဲ ကိစ္စလည်း ပါနေသဖြင့် ဆရာက တော်တော်သဘောကျသည်ကို တစ်တန်းလုံးရှေ့တွင်မှာပါ ကျွန်တော်တို့ နှစ်ယောက်ကို ထုတ်ဖော်ချီကျူး ခဲ့သည်။
“ အဲဒါ တရားသော ပြိုင်ဆိုင်ခြင်း၊လှပသော ပြိုင်ဆိုင်ခြင်းလို့ ခေါ်တယ်ကွ၊ ကျောင်းသားဟာ စာမှာပြိုင်တာ ကျက်သရေအရှိဆုံးပဲ၊ငါကတော့ မင်းတို့နှစ်ယောက်စလုံးကို ချီးကျူးတယ်၊ ရဲဝင်း ခေါင်းပေါက်တာနဲ့ သီရိ စကတ်ပြဲ နှုတ်ခမ်းပေါက်တာကတော့ မတော်တဆဖြစ်တာပါ၊ ဆရာဆိုတာ ကျောင်းသားကို နားလည်ပေးရမယ်ကွ၊ ဒါပေမယ့် ကျောင်းဝင်းထဲမှာ မနေဘဲ ဘုရားဝင်းထဲ သွားတာကတော့ အပြစ်ရှိတယ်၊ ဒီတော့ မင်းတို့ကို နှစ်ချက်စီ ရိုက်မယ်ကွာ ”
ဘာကြောင့်မှန်းမသိ ။ ဆရာရိုက်တာကို ခံရတာ မနာဟု ကျွန်တော်ထင်သည်။ ကျွန်တော်တို့တွင် ရှိသော ရိုက်သင့်သည့် အပြစ်ဒဏ်ကို သေသေချာချာ သိလိုက်ရလို့ပဲလား၊ ရိုက်တဲ့ ဆရာကိုက ပျော်ပျော်ရွှင်ရွှင် ကြီးနဲ့ ရိုက်လို့လားတော့ ကျွန်တော် မသိပါ။
သီရကို မေးကြည့်တော့လည်း “ အေးဟ...အဲဒီနေ့က ငါလည်း မနာဘူး ” ဟု ပြန်ဖြေခဲ့သည်။ ရိုက်ပြီး သွားသော်လည်း ဆရာက ကျွန်တော်တို့ ကိစ္စကို ပြီးသွားပြီဟု သဘောမထားခဲ့ ။
“ ကိုင်း ...မင်းတို့ ပြိုင်ကြမယ်ဆိုရင်တော့ မေးခွန်းလိုတယ်၊ စစ်ပေးမယ့် လူလိုတယ်၊ ဒဏ်တပ်မယ့် လူလည်း လိုတယ်မဟုတ်လား၊ အေး....အဲဒီနေရာကို ငါ ကျေကျေနပ်နပ်ကြီး သဘောတူတယ်ကွာ၊ ကဲ....ဘယ့်နှယ်လဲ”
ကျွန်တော်တိုက မကျေနပ်ဘူးလို့ သွားလုပ်လို့ရမှာလား ၊ ဒီတော့ ဆရာက ကျွန်တော်တို့ ဖြေရမယ့် ဘာသာရပ်ကို မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာနဲ့ အထွေထွေ ဗဟုသုတဆိုပြီး ခွဲသည်။ အဲဒီ အထွေထွေ ဗဟုသုတထဲမှာ ပထ၀ီတို့၊ သမိုင်းတို့၊ ဖိဆစ်တို့ကို ရောမွှေပြီး ထုတ်ထားသည်။ ကျွန်တော်ကလည်း ပထမ အစမ်းစာမေးပွဲ အတွက်ပြင်ဆင်ထားတာ ဆိုတော့ တော်တော်များများကို အလွတ်နီးပါး ရနေခဲ့သည့်အတွက် စာပြန်နွေးရုံ စာပြန်လေ့ကျင့်သလို ဖြစ်နေသဖြင့် ကျွန်တော်တို့အတွက် အလွန်အဆင် ပြေခဲ့ပါသည်။
ဆရာက ကျွန်တော်တို့ပြိုင်ပွဲအတွက် နိုင်သူကို Youth ဖောင်တိန်တစ်ချောင်း၊ စာအုပ်တစ်ဒါဇင် နှင့် ကွန်ပါဘူး အသစ်တစ်ဘူး ဆုချမည် ဖြစ်ပြီး ဒဏ်တပ်သည့်အနေဖြင့် ရှုံးသူက နိုင်သူ၏ တပည့်လုပ်ရမည် ဖြစ်သည်။ ကျွန်တော် စာတစ်ပုဒ် ကျက်ပြီးတိုင်း သီရိရော ကျက်၍ ရရဲ့လား ဆိုတာကို စိတ်ပူနေခဲ့သည်။ ကျွန်တော်နေ့တိုင်း သီရိကို ငေးမိနေသဖြင့် သီရိမျက်နှာက ကျွန်တော့်မျက်စိထဲမှာ စွဲနေခဲ့သည်။ စာမေးပွဲဖြေရန် လေးရက်အလိုမှာ ကျွန်တော်သီရိကို ချစ်နေပြီဆိုတာကို စာဖြင့် အသိပေးလိုက်သည်။သို့သော် သီရိထံမှ ဘာတုံ့ပြန်မှုမှ မရခဲ့။ ဒုတိယ၊ တတိယတစ်စောင်တွင်မတော့ ကျွန်တော်က ပြိုင်ပွဲမှာ ကျွန်တော့်ဘက်က အရှုံးခံမည်ဖြစ်ကြောင်း ထည့်ရေးတော့မှ သီရိက အဆုံးရှုံးခံစရာ မလိုကြောင်း၊ ကျွန်တော်က တော်ပြီးသားဖြစ်ကြောင်း ကိုသာရေးသည်။ ကျွန်တော်ခွင့်ပြုချက်အကြောင်းကို ဘာတစ်ခုမှ မပြောခဲ့။
နောက်ဆုံး စာတစ်စောင်ကိုတော့ စာမေးပွဲမဖြေခင် တစ်ရက်မှာ ပေးခဲ့သည်။ သီရိကလည်း ချက်ချင်းပင် စာမေးပွဲဖြေမည့်နေ့မှာ စာပြန်လာသည် ။ မုန်းတယ်တဲ့။ ကျွန်တော့်ရင်တွေ ပူကုန်သည်။ ဒီနေရာ တစ်ခုတည်း ကို ကျွန်တော်လုနေတာ မဟုတ်ကြောင်းကိုလည်း ရှင်းပြသည်။ ကျွန်တော် သီရိကို အရှုံးပေးမယ် စိတ်ကူးတာကလည်း သီရိကို စည်းရုံးတာမဟုတ်ဘဲ အနိုင်သက်သက် ရစေချင်တာ ဖြစ်ကြောင်းတွေကို ပြန်ရေးထည့်လိုက်သည်။ သို့သော် သီရိထံမှ စာပြန်မလာတော့ဘဲ စာမေးပွဲခန်းထဲသို့ ကျွန်တော် ၀င်ခဲ့ရသည်။
သီရိသည် ကျွန်တော် တရားဝင်ရည်းစားစာ ပထမဆုံးပေးခဲ့သော ရည်းစားဦးဖြစ်ပါသည်။ သီရိ မတိုင်ခင်က ဟိုလူ့ကို ကြိုက်သလိုလို ၊ ဒီလူ့ကို ချစ်သလိုလိုတော့ ရှိခဲ့ဖူးသည်။ သို့သော် တရားဝင်အဆင့်သို့ ရောက်မလာ။ သီရိကိုတော့ တစ်ကယ်ချစ်ပြီး စာရေးတဲ့အဆင့်၊ ပေးတဲ့ အဆင့်၊ ယစ်မူး ရင်ခုန်သည့် အဆင့်စသော ရည်းစားဦး အဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းသွားခဲ့ရတာ အမှန်ပဲ ဖြစ်သည်။ ဥပမာ - သီရိကို စာပေးသောနေ့ ဆောင်းမနက်ခင်းကလေးသည် ကျွန်တော့်အတွက် အရမ်းကို ထူးခြားပြီး သိပ်သည်းကျစ်လျစ်သော ခံစားမှုကလေးနှင့် ယခုတိုင်ရှိနေသည်။ ထိုမနက်ခင်းကလေး၏ မွှေးရနံ့မှာ ဘယ်လိုဘယ်ပုံ ရနံ့ဆိုတာ ဥပမာရေးစရာ အရာဝတ္ထုပစ္စည်း ကျွန်တော် ရှာမတွေ့၊ ကမ္ဘလောကတွင်လည်း မရှိပါ။
ထို့ကြောင့် ကျွန်တော်သည် သီရိကို လုံးဝ အရှုံးပေးချင်နေသည်။ ချစ်သူက အနိုင်ရပြီး ချစ်သူ့အနားမှာ ချစ်သူ သင်တာကိုခံချင်သည်။ ချစ်သူ ငါးချက်အရိုက်မခံရအောင် ကာကွယ်ပေးချင်ပါသည်။ ချစ်သူ သင်သမျှနှင့် ကျွန်တော် အတန်းတင်စာမေးပွဲကြီးကို အောင်မြင်အောင် ဖြေလိုက်မည်။ ထိုစာမေးပွဲ ကြီးသည် ချစ်သူနှင့် ကျွန်တော့်အတွက် အမှတ်တရ စာမေးပွဲကြီးကို ဖြစ်ရမည်။ ကျွန်တော့်တွင် တခြားအခြေအမြစ် မရှိလှသော စိတ်ကူးတွေလည်း သီရိနှင့် ပတ်သက်၍ ရှိနေသေးသည်။
အခုတော့ သီရိက ကျွန်တော့်ကို “ မုန်းတယ် ” လို့ ပြန်ရေးလိုက်ပြီ။ ကျွန်တော့်မှာ တိုင်းပြည် ပျက်သလို ခံစားလိုက်ရသည်။ ဘာကြောင့်မှန်းမသိ ငိုချင်နေသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော့်ကို “ မုန်းသည် ” ဟု ပြောသော ရေးလိုက်သော သီရိကိုလည်း ချက်ချင်းပင် မုန်းပစ်လိုက်သည်။ ရည်းစားဦးတွေ ဘာဖြစ်လို့ မခိုင်မြဲကြသလဲ ဆိုသည့် အချက်မှာ ရည်းစားဦးမို့ ခံစားချက်တွေ အားလုံးက အရိုင်းဆန်နေကြတာ အမှန်ပဲ ဖြစ်သည်။ အချစ်ကလည်း အသစ်၊ သံယောဇဉ်၊ စိတ်ကူး၊ တွယ်တာမှု၊ မြတ်နိုးမှု၊ ရင်ခုန်သံ၊ သတိရစိတ်၊ တမ်းတစိတ်၊ အလွမ်း စသည့် ခံစားမှု အားလုံးက အသစ်ကျပ်ချွတ်တွေမို့ ဘယ်သူမှ နိုင်နင်းအောင် မထိန်းတတ်ချေ။ ထို့ကြောင့် ရည်းစားဦးများသည် ပထမဦးဆုံး အသစ်များ၏ ရနံ့ဖြင့် ဆုံးရှုံးခဲ့ရတတ်သောကြောင့် ရည်းစားဦးများကို မမေ့တတ်နိုင်ခြင်း ဖြစ်လေသည်။
ယခု သီရိကတော့ အချစ်ဦးသာဖြစ်သည်။
ကျွန်တော့်ကို ပြန်မချစ်သော ပထမဦးဆုံး “ မချစ်ဦး ” လည်း ဖြစ်ပါသည်။ စာမေးပွဲဖြေသည့် နေ့တွင် ကျွနတော်သည် တစ်စုံတစ်ရာမာနနှင့် ဒေါသအပြည့် ဖြစ်နေခဲ့သည်။ ဆရာဦးထွန်းဇော်တင်မက တစ်တန်းလုံးက စိတ်ဝင်စားကြသော ကျွန်တော်တို့ နှစ်ယောက်၏စာမေးပွဲကို အတန်းထဲမှာ ဖြေကြသည်။
ကျွန်တော်က သီရိကို ကြိုက်နေတာကို တစ်တန်းလုံးက သိထားကြသည်။ ဒီတော့ ကျွန်တော်က အရှုံးပေးလိမ့်မည်ဟု အသံထွက်နေသာ ကြောင့် ဆရာဦးထွန်းဇော်ကိုယ်တိုင် အားလျော့နေသည် ဆိုတာ သိရ၏။
သို့သော် စာမေးပွဲ မဖြေခင် ကျွန်တော်က သီရိအတွက် ရည်စူးဝယ်ထားခဲ့သော BIG ဘောလ်ပင်၊ ချွန်ထားပေးပြီးသား ခဲတံ ၊ ပေတံ၊ ခဲဖျက်နှင့် ကျွန်တော်ပြန်ရခဲ့သော မုန်းတယ်ဆိုသော စာကို ရခဲ့ခြင်းဖြစ်သည်။ ရှင်းခွင့်၊ ငြင်းခွင့် အချိန်မရှိတော့ဘဲ ကျွန်တော် စာမေးပွဲခန်းထဲသို့ ၀င်ခဲ့ရသည်။ သီရိက ဒီလိုဖြစ်အောင် တမင်လုပ်တာဟု ကျွန်တော် သိပါသည်။
သီရိသည် ကျွန်တော့်ကို မဲ့ပြုံးကလေး ပြုံးလိုက်၊ ဖြေလိုက်နှင့် လုပ်နေသေးသည်။ ပထမ ဆယ့်ငါးမိနစ်လောက် ကျွန်တော် ဘာမှ မဖြေနိုင်သေးပါ။ ဘာက စရေးရမည်ဆိုတာ ကိုပင် မရေးတတ်ဖြစ်နေခဲ့သည်။ နောက်တော့ ပူကျွမ်းသည့်ဒေါသနှင့် မခံချင်စိတ်၊ နာကြည်းစိတ်၊ ၀မ်းနည်းစိတ် တို့က ကျွန်တော့်ကို ခဏရူးသွားစေခဲ့သည်။ ကျွန်တော်သည် ရှေ့မှာရှိနေသည့် မေးခွန်းထဲက စာတွေကို ရန်သူတစ်ယောက်လို ဘဘောထားပြီး အကုန်ရေးချပစ်လိုက်သည်။
ဆရာသည်ပင်လျှင် ကျွန်တော့်ကို အံ့အားတွေ သင့်နေသည်။ သီရိကတော့ နားမလည်နိုင် ဖြစ်နေပုံရသည်။ ရင်ရင်အိက ခုန်နေ၏။ ပျော်လွန်းလို့ဟု ဆိုသည်။ သီရိကတော့ ကျွန်တော့်ကိုကြည့်ပြီး စာမေးပွဲကို အထိတ်တလန့် ဖြေလိုက်သေးသည်။ သို့သော် သီရိ နောက်ကျသွားလေသည်။
ကျွန်တော် အမှတ်အပြတ်အသတ်ဖြင့် သီရိကို အနိုင်ရရှိလေသည်။ သို့သော် ကျွန်တော်ကား ပျော်စရာ ဘာမျှ မရှိ။
“ နင် ငါ့ကို တမင်တကာလုပ်တာ မဟုတ်လား ရဲဝင်း ”
“ နင်က မုန်းတယ်ဆို ”
“ ငါက နင့်ကို စာမေးပွဲမဖြေခင် စတာလေ၊ ဒါကို နင်က လုံးဝ သည်းညည်းမခံဘူးပေါ့၊ နင် အရှုံးပေးမယ် ဆိုတော့ ငါက ဘာစာမှ သိပ်မကျက်ထားဘူးပေါ့၊ အမှန်ဆို ငါ နင့်ကို နိုင်တယ် ”
ထိုစဉ်က ဘယ်လောက်ရိုးသည့် ခေါ်ယူချိန်းတွေ့ ပြဿနာ ရှင်းနည်းဖြစ်ပါသနည်း။ “ ငါက စတာ ၊ နင်က တစ်ကယ်ထင်ပြီး နိုင်အောင် ဖြေတယ်ဆိုတော့ နင်ငါ့ကို ဖြူဖြူစင်စင်ချစ်တာတို့၊ မြတ်နိုးတာတို့ ဘယ်မှာလဲ ၊ အဲဒါတွေကို သိရအောင် ငါ တမင်စမ်းတာ ” စသည့် အခြေအနေကို အမိအရ အသုံးချသော ဥာဏ်ကစား စကားလုံးများ မပါရှိခဲ့။
“ ငါ နင့်တပည့် လုံးဝ မလုပ်နိုင်ဘူး ”
“ ဒါကတော့ ဆရာ့ကို ပြောလေ ”
“ ပြောဖို့ မလိုပါဘူး၊ နင်နဲ့ ငါ နှစ်ယောက်တည်း သိတဲ့ ပြိုင်ပွဲတစ်ခု လုပ်မယ်၊ အဲဒီပွဲမှာ ငါ နင့်ကို နိုင်ရင် ငါ နင့်တပည့် မဟုတ်ဘူးဆိုတာ လက်ခံလိုက်ပေါ့ ”
“ ဘာပြိုင် ရဦးမှာလဲ ”
“ ကြက်ဖခွပ် ”
“ ဘာ....”
ထို့ကြောင့် ကျွန်တော်သည် အခု ချစ်သူဦး မဖြစ်လိုက်ရသော ရည်းစားဦး ကလေးနှင့် ကျောင်းအနောက်ဘက် ခုံပျက်ကြီးတွေထားသည့် စတိုခန်းရှေ့ တွင်ရှိသော ကော်ရစ်တာ တွင် ရောက်နေခြင်းဖြစ်သည်။
ကျွန်တော်သည် ယောက်ျားလေးဖြစ်သည့်တိုင် ဘာကြောင့် ဒီကြက်ဖ ခွပ်ပြိုင်ပွဲကို သဘောတူလိုက်ရ သနည်း။ အဖြေကို နတ်ကောင်းနတ်မြတ်များနှင့် ပရိသတ် သိပါလိမ့်မည်။ ပြိုင်ပွဲစတော့ သီရိက သူ့စကတ်စ ကလေးကို ပေါင်ကြားနှင့် ခါးကြားတွင် ညှပ်၍ သေသေချာချာထည့်ပါသည်။ ထိုအချိန်တွင် ကျွန်တော်က သူ့ပေါင်ရင်းတွင် အမာရွတ်ကြီး တစ်ခုကို တွေ့လိုက်ရ၏။ အမာရွတ် နေရာသည် အခြားအသား အရည်များနှင့် မတူပဲ အုန်းသီးပေါင်မုန့်၊ ပဲပေါင်မုန့်တို့ထဲမှ ပဲပေါင်မုန့်ထဲတွင် တွေ့ရလေ့ရှိသော ပဲယိုလို အရောင်မျိုး ဖြစ်ပါသည်။
“ နင့်ဒဏ်ရာက ဘာဖြစ်တာလဲ”
“ ရေနွေးပူလောင်တာ၊ ဘာဖြစ်လို့ ကြည့်နေတာလဲ ”
“ ငါ ကြက်ဖ မခွပ်ချင်ဘူး၊ ငါ နင့်ကိုချစ်တယ် ”
“ အပိုတွေ ပြောမနေနဲ့တော့၊ ကဲ...တစ်...နှစ်...သုံး ”
ပွဲစပြီး နှစ်မိနစ်အတွင်း ကျောင်းနောက် store ခန်းထဲသို့ ကျောင်းသားကျောင်းသူများ တဖွဲဖွဲ ရောက်လာကြသည်။ ယောက်ျားလေးတန်မဲ့ မိန်းမကြီး တစ်ယောက်လို ကြပ်ဖခွပ်နေရသော ကျွန်တော့်ကိုယ် ကျွန်တော် ကားအောက်သို့ ထိုးထည့်ထားလိုက်ချင် နေသည်။
တွေ့သမျှလူအားလုံးက ကျွန်တော့်ကို လှောင်ကြသည်။
“ ဒါက ဘာဖြစ်တာလဲ ”
“ တော်ပြီ၊ ငါအရှုံးပေးလိုက်ပြီ ၊ ငါ မရဘူး ”
“ နင် အကျင့်မယုတ်နဲ့၊ ပြီးတဲ့ အထိ ခွပ်ရမှာ ”
“ အဲဒါ ငါမသိဘူး၊ ငါသိတာ ငါရှုံးပြီ ”
ကျွန်တော့်ကို ခုခံခွင့်မရှိ ပယ်ပယ်နယ်နယ် လှောင်ပြောင်နေကြသည့် လူတွေကြားထဲက ကျွန်တော် ဖြတ်ထွက်လာခဲ့သည်။ ရင်ထဲမှာလည်း ရှက်လိုက်သည့်ဖြစ်ခြင်း ။ ဒီ “ ကြက်ဖခွပ်ခြင်း ” ကို သဘောတူတာက စပြီး ကျွန်တော်မှားခဲ့သည်။ ထို့ကြောင့် ကျွန်တော့်ကို “ ကြက်ဖ ” ဟု ချစ်စနိုး ခေါ်ကြသည်။
ထို့ကြောင့် ကျွန်တော့်ကျောင်းနာမည် အရင်းမှာ “ ကြက်ဖ ” ဖြစ်သွားသည်။ နောင်ကျတော့ လူတွေက ကျွန်တော့်ကို “ ကြက်ဖ ” ဟု မခေါ်ကြတော့ ။ ဘာကြောင့်မှန်း ကျွန်တော်လည်း မသိတော့။ သီရိကတော့ ဆယ်တန်းနှစ်ရောက်တော့ နှစ်ဝက်လောက်သာ တက်ပြီး ကျောင်းပြောင်းသွားခဲ့သော်လည်း ကျွန်တော့် ကို နာမည်လေး တစ်ခုတော့ပေးသွားခဲပါသည်။
အခု ကလေးတွေ “ ကြက်ဖ ” ခွပ်တာကိုမြင်တိုင်း လွမ်းရ၏။တော်တော် ကိုးရိုးကားရား နိုင်သော အစီအစဉ် ဖြစ်သည်။ အခု Rapper လောကမှာ နာမည်ကြီး Hip Hop အဆိုတော်တစ်ယောက်၏ နာမည်က “ ကြက်ဖ ” ဟု ဆိုသည်။
သူကတော့ ဘယ်လို “ ကြက်ဖ ” လဲ ကျွန်တော် မသိ။
ကျွန်တော်ကတော့ ရည်းစားဦး ကပေးခဲ့သာ ရှုံးခဲ့သည့် ကြက်ဖ တစ်ကောင်သာ ဖြစ်ပါသည်။
နီကိုရဲ
ပြောမဆုံး မောမဆုံး ဘောလုံး....ဘောလုံး
Thursday, May 26, 2011 8:36 PM
ရှောမနိပ်ဥုက်က ဘောသမားကြီးပါ။ ငယ်စဉ်ကများဆိုရင် ဘောဆိုလာထား ကန်ပြီးသားဆိုသလို တွေ့သမျှဘော အကုန်ကန်ခဲ့တာ။ ရာဘာဘောလုံး ကော်ဘောလုံးဆိုတာတင်မက ကလေးဆော့တဲ့ ပူစီဖောင်း မကျန် ကန်ခဲ့တဲ့ ဘောသမားအစစ်ကြီးဗျ။
ခု...အသက်လေးက ရလာပြီဆိုတော့ ဘောကိုခြေထောက်နဲ့ မကန်ဖြစ်တော့ဘူး။ ခြေထောက်နဲ့မကန် ဘာနဲ့ကန်သတုန်းဆိုတော့ မျက်လုံးနဲ့ ကန်နေသဗျ။
ဟဲဟဲ .....မျက်လုံးနဲ့ ကန်တယ်ဆိုသဟာက ဘောပွဲကြည့်တာကို ဆိုလိုတာပါ။ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန်ဘွန်းဒက်လီဂါ၊ မြန်မာအမ်အက်ဖ်အက်ဖ် ပါမကျန် မျက်လုံးနဲ့ လိုက်ကန်ဖြစ်နေတာပါပဲ။
အဲသလို အကန်ဘယ်လောက်များခဲ့သလဲဆို ကိုယ့်ဆွေမျိုး နာမည်သာ မေ့ချင်မေ့မယ်၊ ဟိုကောင်တွေ ကျတော့ ဖန်သားပြင်မှာ ယင်ကောင်အရွယ် အစားလေး မြင်ရင်တောင် ပီတာခရော့၊ တော့တီ အလွန်ဆို အိုဆေးဆိုပြီး ဘိုင်ဟတ်ပြောနိုင်သဗျ။
၂၀၁၀ ကမ္ဘာ့ဖလားကြီး တောင်အာဖရိကမှာဖြစ်တော့ လက်ဟောင်းဘောသမားကြီး ရှောမနိပ်ဥုက် ရေငတ်တဲ့ဖား ရေကန်ထဲကျသလို ပျော်ခဲ့ရသပေါ့ဗျာ။
ကမ္ဘာတစ်လွှား ဘောခရေဇီ မိတ်ဆွေများလည်း ရှောမနိပ်ဥုက်ကဲ့သို့ ပျော်ကြမော်ကြရတာပေါ့။ ကဲ....... ပွဲကြီးအောင်မြင်စွာ ပြီးစီးသွားတော့ ပြောမဆုံး မောမဆုံး ဖြစ်နေကြပြန်ပါရော။
ဘောပွဲတစ်လျှောက် ထင်တစ်လုံးနဲ့ ထင်ထားခဲ့တဲ့ မက်ဆီထင်တိုင်းမပေါက်၊ ရွန်းနီညံ့ဖျင်း၊ ကာကာ ခြေမပေါ်၊ စီရော်နယ်ဒို အလုပ်မဖြစ်၊ အီတလီဖျာလိပ်၊ အင်္ဂလန် အရှက်ကွဲ ဆိုတဲ့အကြောင်းတွေ၊ အာဂျင်တီးနားသား ဗိုလ်စွဲရင် ဖင်ချွတ်ပြီး မြို့တစ်ပတ်ပတ်မယ်ဆိုတဲ့ မာရာဒိုနာကြီးရဲ့ အကြောင်း စတာတွေ ပြောမဆုံးဖြစ်ခဲ့ကြတာ စုံနေတာပါပဲဗျာ။
အမယ်...ဥရုဂွေးက မော်ဒယ်လ်မလေးကလည်း မာယာဒိုနာလိုပဲ သူတို့ဂွေးသာ အနိုင်ရရင် လူပုံအလယ် လုံးတီးကမယ်ဆိုပဲ။တော်သေးတာပေါ့ဗျာ။ ဘုရားသခင်က အဲဒီလိုအရှက်နည်းတဲ့သူတွေကို မျက်နှာသာမပေးခဲလို့။ နို့မို့ဆို ခရုဆံကျွတ်တွေကို မတွေ့ချင် မြင်နေလျက်သား ဖြစ်နေဦးမှာ။
ဘောပွဲကြီးမှာ ထင်သူတွေမပေါက်ပဲ မထင်သူတွေ ပေါက်တာလည်းအများကြီးတွေ့နေရသဗျ။ အာဖရိကရဲ့ ဘူးဘူးပလွေဆို ကမ္ဘာကိုကျော်ရော။ အပေါက်တကာ့အပေါက်ဆုံးကတော့ မိတ်ဆွေတို့ သိတဲ့အတိုင်း ရေဘ၀ဲပေါလ်။အနှီကျောရိုးမဲ့ သတ္တ၀ါလေးရဲ့ ခန့်မှန်းချက်တွေက ကွက်တိမှန်ခဲ့တာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဗေဒင်နက္ခတ်အကြားအမြင် ဆရာတွေတင်မက ဘောပွဲတစ်ပွဲ ကြိုင်တင်ခန့်မှန်းသူ ပညာရှင်တွေ၊ ဘောကလောင်ရှင် စာနယ်ဇင်းဆရာကြီးတွေပါ ပက်လက်လန်ကုန်ရောပဲ။
ဟယ်.....တိရစ္ဆာန်ကလူထက်မှန်သဟဆိုတဲ့ အကြောင်းကလည်း ပြောမဆုံး မောမဆုံး ဖြစ်ရပြန်သပေါ့ဗျာ။ ရေဘ၀ဲပေါလ်ကို ဈေးကြီးပေးပြီး ဟိုလူဝယ်မယ် ဒီလူဝယ်မယ်ဆိုတဲ့ သတင်း။ တချို့နိုင်ငံတွေက ဂုဏ်ထူးဆောင်လက်မှတ်ပေးပြီး ဂုဏ်ပြုကြတဲ့သတင်း စုံနဖာစေ့ နေတာပါပဲဗျာ။ ၏
နောက်တစ်ယောက် ပေါက်ခဲ့တာကတော့ ရှာကီရာ။ ဒီကောင်မလေးက နဂိုကတည်းက ကမ္ဘာကျော်ပြီးသားပါ။ ကျော်သော်ငြား ဂီတလိုက်စားသူများသာ သိခဲ့ကြတာပါ။အခု ဘောလုံးပွဲကြီးရဲ့ အဖွင့်သီချင်းဆိုလိုက်မှ ကမ္ဘာမြေအနှံ့အပြား တောကြိုတောင်ကြား မကျန် ကလေးအစ ခွေးအဆုံး သိကြတာပေါ့ဗျာ။
ခွေးအဆုံးဆိုတာ တကယ်ပြောတာဗျ။ အိမ်မှာမွေးထားတဲ့ ခွေးကြီးအောင်နက်ဆို ရှာကီရာရဲ့ ၀ါကာ ၀ါကာဆိုတဲ့ အသံကြားတာနဲ့ ပြေးလာပြီး အမြီးနှံ့နေတာပဲဗျ။ ရှာကီရာ သီချင်းဆုံးလို့ တခြားအဆိုတော် ၀င်လာရင် ၀ုတ်ဝုတ်ဝုတ်ဆိုပြီး မကျေနပ်သလိုလုပ်တာ....အံ့ရော။
ကောင်မလေးကလည်း မြင်တဲ့အတိုင်းပဲ။ ရုပ်ကလေးကလှ၊ အသံကလည်းကောင်း ၊ ကအုပ်ကလေးချီပြီး က တော့ချစ်စရာ၊ ဟော အာဖရိကန်လို ခုန်ပေါက်တော့လည်း စွဲမက်စရာလေးကိုဖြစ်နေတာကိုး ။
ဝါကာ ၀ါကာက စိတ်ချမ်းသာစရာပါ။ ကမ္ဘာမှာ ၀ါကာ ၀ါကာ မြန်မာမှာလည်း ၀ါကာ ၀ါကာ ၊ ကြော်ငြာနှစ်ခု သုံးခုပြိုင်ပြီး ထွက်လာကြတာ ၀ါကာဝါကာ၊ ဘောဆို အသေကြိုက် ဘောမှန်သမျှ ပါးစပ်နဲ့ ကန်ခဲ့တဲ့ စတီရီယိုခေတ် အဆိုတော် အန်တီကြီးကလည်း ၀ါကာ ၀ါကာ ၊ ရှောမနိပ်ဥုက်ကိုက ၀ါကာဝါကာ အေ့အေ့ ဖြစ်နေကမင့်ဟာ၊ ဘာပြောကောင်းမလည်း ၊ ပျော်စရာကြီးပေါ့။ သြော်...... ဒါကလည်းပြောမဆုံးပါပဲ အရပ်ကတို့။
ဥက္ကာမင်းဆက်
ဟားခလုတ် (၃)စာအုပ်မှ
မိန်းမနှစ်ယောက်
Monday, May 23, 2011 5:44 PM
အိမ်ထဲမှာနေ၊ တောင်းတဲ့အချိန်ပေး
သစ္စာအရောင်နဲ့ ဝေးနေတဲ့ ဖျော်ဖြေခံ သက်ရှိရုပ်က
ပုဝါကိုခွာ သစ္စာကိုရှာ၊
တစ်ဆယ့်လေးနှစ်သမီးက အိမ်ထောင်ကိုထိန်းဖို့ခက်တယ်လို့
ကျမ်းကိုမျက်ကွယ်ပြု အမှန်တရားကိုရှာဖွေနေမှုပြုတယ်။
မိစ္ဆာရဲ့ မယားလုပ် အ၀ိဇ္ဇာတရားမပြုတ်တဲ့ မာတုဂါမ
သစ္စာတရားကိုမျက်ကွယ်ပြုပုံများ ဆင်ကန်းတွေ တောတိုးသလို
အမှောင်ကမ္ဘာကို သွားဖို့များ ပုံတော်ကို ချနင်းရက်တာ
ကိုယ့်မှာ အံ့သြလို့မဆုံး။
သံသရာကိုမကြောက်လို့ တစ်ဘ၀ကို ရင်းရက်တာများ
ကိုယ်ကတစ်ဖက်သားကို ဒေါမနဿတွေပွားလို့
အရင်းစစ်တော့အမြစ်မြေက ကိုယ့်ဘက်က တာကျိုးတာ
ကိုယ်ညံ့လို့ကိုယ်ခံရတာ၊ သူတို့မှာဆို အဲလိုမြင်ရဖို့ခဲယဉ်းလိုက်တာ။
အင်္ဂါဟူး (23.5.11)
ဘလော့ဂ်ရေးသူများသို့စာလေးတစောင် - နုနုရည်(အင်းဝ)
Monday, May 09, 2011 11:31 PM
သန့်စင်၍ မရနိုင်သောအရာ
မျက်လုံးကလေးများစွေ၍ နေခြင်းကပင် မိမိမျက်စိထဲတွင် တစ်မျိုးယဉ်နေသည်။ အတွေးနက်လာသည့် အခါပို၍ စွေလာတတ်သည်။ထိုစွေနေသော မျက်လုံးများတွင် ကြင်နာရိပ်တွေ ထင်ဟတ်နေသည်ဟု မိမိ ယုံကြည်သည်။
မြတ်နိုးကြင်နာရသည့် ငွေလှိုင်။
မျက်လုံးစွေ ကလေးများနှင့် အလှပေါ်အယဉ်ဆင့်သည့် ငွေလှိုင်။ ယခုတော့ ကြင်နာရိပ်တွေ သန်းလေ့ရှိသော ငွေလှိုင်၏ မျက်လုံးစွေကလေးများ မိမိကြောင့် စွတ်စိုရီဝေခဲ့ရလေပြီ။
လောကတွင် အကျည်းတန်ဆုံးသော အရာကို ပြစမ်းပါဟု မိမိကိုစေခိုင်းလျှင်ဖြင့်ဆေးလိပ်ခွက်ကို လက်ညှိုးထိုး၍ ပြမိမှာပါပဲ။ဆေးလိပ်ခွက် အကျည်းတန်ပုံက အချိန်နှင့်လိုက်၍ ပြောင်းလဲနေသေးသည်။ ညအချိန်ထက် နံနက်အိပ်ရာ ထချိန်တွေ့ရသော ဆေးလိပ်ခွက်က ပို၍ အကျည်းတန်သည်။
ဆေးပေါ့လိပ်တိုတွေ၊ စီးကရက်တိုတွေနှင့် ပြည့်နေသည်။ ဆေးလိပ်ပြာတွေနှင့် ပေကျံနေသည်။ အနံ့အသက် မျိုးစုံက နံနက်ခင်း၏ လေပြည်ကို ညစ်ညမ်းစေသည်။
ထိုအကျည်းတန်သော မြင်ကွင်းက မနေ့ညက မိမိဘာတွေလုပ်ခဲ့သည်၊ ဘာတွေဖြစ်ခဲ့သည်ကို သတိရစေသည်ပဲပေါ့။
ထိုကြောင့်ပင် မိမိအိပ်ရာ ထထချင်း ပထမဆုံးလုပ်ဖြစ်သည့် အရာမှာ ဆေးလိပ်ခွက်ကို သွန်၍ သန့်စင်မိခြင်း ပါပဲ။
------------------------- ------------------------------- -----------------------------------
လောကတွင် မိမိအလေးစားဆုံး တန်ဖိုး အထားဆုံးအရာကို ပြစမ်းပါဟု ဆိုလျှင်တော့ တည်ငြိမ်နေသော မျက်လုံးအစုံကလေးများကို ပြမိလိမ့်မည်။
နံနက်ခင်း၊ နေ့လည်ခင်း အချိန်များတွင် တည်ငြိမ်နေသော မျက်လုံးအစုံများကို မိမိမဆိုလိုပါ။ ထိုမျက်လုံးများကိုလည်း အထူးတလည် မိမိစိတ်မ၀င်စားပါ။
ထိုအချိန်များတွင် မိမိမျက်လုံးများလည်း တည်ငြိမ်နေသည်ပဲ မဟုတ်လား။
သို့ပေမယ့် ညနေခင်းနှင့် ညဦးပိုင်းအချိန်များတွင် တည်ငြိမ်နေသော မျက်လုံးများအား ပိုင်ဆိုင်သူများကိုဖြင့် မိမိအထင်မကြီးဘဲ မနေနိုင်။
သူတို့ မျက်လုံးလေးတွေ တည်ငြိမ်နေကြသည်။ သူတို့လှုပ်ရှားမှုများ ဖျတ်လတ်နေကြသည်။ သူတို့စကားလုံးများ လေးနက်နေကြသည်။ သူတို့သည် ရယ်ဖွယ်မကောင်းသော ဟာသများကို ပြောဆို၍ ရယ်မောနေတတ်ကြသူများလည်း မဟုတ်ပါ။
ထိုကဲ့သို့ ညဦးပိုင်းအချိန်များတွင် မိမိမျက်လုံးများ မတည်ငြိမ်နိုင်ကြပါ။ ရီဝေနေကြသည်။ အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေကြသည်။ သို့ဖြစ်၍လည်း အပုပ်ချိန်ဟု ခေါ်ဆိုကြသည့် ညဦးပိုင်း အချိန်များတွင် မျက်လုံးများတည်ငြိမ်နေကြသည့် ပုဂ္ဂိုလ်များကို မိမိလေးစားမိခြင်းပါပဲ။
“အငယ်လေး”
မိမိနှင့် တစ်ရုံးတည်း၊ မိမိထက်အဆင့်ငယ်သူ လုပ်ဖော်ကိုင်ဖက် တစ်ဦး၏ ဇနီး။
လှသည်၊ နုပျိုတောင့်တင်းသည်။ မြူးကြွသည်။ သွက်လက် ချက်ချာလွန်းသည်။
မိမိတို့ရပ်ကွက်ထဲတွင်နေသည်။ မိမိနှင့် သုံးအိမ်ကျော် လေးအိမ်လောက်တွင် နေသည်။
လကုန်ရက်များတွင် မိမိထံသို့ ငွေလာလှည့်လေ့ရှိသည်။ ကြည်ကြည်ဖြူဖြူနှင့် ချေားငှားမိခဲ့သည်ပါပဲ။ ကြည်ဖြူ သည်မှ တစ်ခါတစ်ခါ အကြွေးပြန်တောင်းဖို့ပင် မေ့နေတတ်သည်။ မိမိအပေါ် အစ်ကိုအစ်ကို နှင့် အငယ်လေး အချွဲပိုလာခြင်းမှာ ထို့ကြောင့်လည်းဖြစ်နိုင်သည်။
တစ်ညနေတော့ အငယ်လေးရုပ်ရှင်မသွားမီ မိမိနှင့် ရုတ်တရက် အကြည့်ခြင်းဆုံမိကြသည်။ အငယ်လေး အကြည့်ကတော့ ပြည်တီတီနှင့် “ ရှင် လူအ” ဟု ဆိုနေသယောင်ပင်။
မိမိရှေ့တွင် ဖြတ်သွားစဉ်က မိမိနှာခေါင်းဝသို့ တိုးဝင်ခဲ့သည့် အငယ်လေး၏ မွှေးရနံ့ မိမိရင်ခုန်သံကို တဒုန်းဒုန်းမြည်စေသည်။သည်အထဲ အငယ်လေးက သမင်လည်ပြန် လှည့်ကြည့်သွားသေးသည်။
သည်ညတော့ ပိုင်ပြီ။
တိုက်တိုက်ဆိုင်ဆိုင် ငွေလှိုင်ကလည်း သူ့အမေအိမ်ပြန်နေသည်။ အငယ်လေး ခင်ပွန်းကလည်း ခရီးယာယီ ထွက်နေရသည်။ သည်ညတော့ အငယ်လေးတို့အိမ်မှာ အငယ်လေးတစ်ယောက်တည်း။ အငယ်လေး ရုပ်ရှင်ရုံမှ အပြန်ကို မှောင်ရိပ်ခို၍ စောင့်ရသည်။ အင်္ကျီအိတ်ထဲတွင် ပါလာသော ပုလင်းပြားကိုလည်း ဖွင့်ရသေးသည်။ ရေ နှင့် ရမ် အသင့်ရောစပ်လာခဲ့ခြင်းပါပဲ။
အငယ်လေး ရုပ်ရှင်မှပြန်လာပြီး အိမ်တံခါးသော့ဖွင့် နေသည်ကို အေးဆေးစွာ မိမိစောင့်ကြည့်နေသည်။ ထို့နောက် အိပ်ခန်းအတွင်းသို့ အငယ်လေးနောက်မှ ပေါ့ပါးစွာ လိုက်ဝင်သွားမိသည်။
“ စောင့်လိုက်ရတာ အငယ်လေးရယ် ”
“ အမလေး......လန့်လိုက်တာ ”
အာမေဋိတ်သံနှင့်အတူ နောက်သို့ ရုတ်တရက်လှည့်လာသော အငယ်လေး၏ ကိုယ်ခန္ဓားလေးကို စွေ့ခနဲ နေအောင် မိမိထွေးပိုက်မိသည်။ နွေးထွေး အိစက်ပါဘိခြင်း၊ မွှေးရနံ့တွေ သင်းပျံ့ပါဘိခြင်း။ နောက်ခဏ အကြာမှာတော့ စိန်ပွင့်ကလေးများ ငွေကြယ်ကလေးများ......။
--------------------------------- --------------------------------- ------------------------------
တရှုပ်ရှုပ် ငိုကြွေးနေသော ငွေလှိုင့် ရှိုက်သံကြောင့် အိပ်ရာမှနိုးလာရသည်။ သံတိုင်များအကြားမှ ဒုက္ခသည် သားအမိကို လှမ်း၍မြင်ရသည်။
ကလေးငယ်ကို ကျောတွင်ပိုးလွယ်ပြီး နို့ညှာကို လက်မှ ဆွဲကိုင်၍ မလှုပ်မယှက် ရပ်နေသော ငွေလှိုင်။ လေးနှစ်အရွယ် သားငယ်ကမ်းပေးသော မွေးပွ လက်ကိုင်ပုဝါအဖြူလေးကို သံတိုင်ကြားမှ လှမ်းယူမိသည်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေသော နဖူးကိုတို့၍ လက်ကိုင် ပုဝါကလေးကို ပြန်ကြည့်မိသည်။ အဖြူလက်ကိုင် ပုဝါပေါ်မှာ အနီရောင် အစွန်းအထင်းကလေးများ။
သည်တော့မှ သတိထားမိသည်။ မိမိနားအုံတွေ နာကျင်နေသည် ။ မိမိမျက်လုံးတစ်ဘက်က အမြင်မှုန်ဝါး နေသည်။
“ရှက်လိုက်တာမောင်ရယ်၊ ငယ်သံပါအောင် အငယ်လေး အော်နေတာတောင် မောင်ကမလွှတ်ဘူးဆို၊ ကိုယ့်ကိုကိုယ် လူမှန်းသူမှန်းမသိအောင် သောက်ရတယ်လို့ မောင်ရယ် ”
ဆယ်နှစ်ကျော်သာ ကွားဝေးသေးသော်လည်း ထိုအတိတ်ကို မိမိသဲကွဲစွာ မမှတ်မိ။ ပြန်စဉ်းစား ကြည့်တော့လည်း မှုန်ဝါးဝါးသာ။
“ ကိုဘမောင်ကြီးကလဲ ဒေါသကြီးလိုက်တာ၊ ဘေးအိမ်ကလူတွေ အဆွဲမြန်လို့သာပေါ့၊ မဟုတ်ရင် မောင့်ကို အသက်ရှင်လျက်တောင် ငွေလှိုင်တွေ့ရမှာ မဟုတ်ဘူး ”
အငယ်လေးတို့အိမ်နှင့် တစ်အိမ်ကျော်မှ အငယ်လေး၏ အစ်ကိုအရင်း ကိုဘမောင်၏ တုတ်ခိုင်သော လက်မောင်းများကို မျက်စိထဲတွင် မြင်လာမိသည်။
ပြောရင်းနှင့် ငွေလှိုင် တရှုပ်ရှုပ် ငိုနေပြန်သည်။
“ မောင် အလုပ်ပြုတ်သွားလဲ ငွေလှိုင်အရေးမစိုက်ပါဘူး၊ အကြော်ရောင်းပြီး မောင့်ကို ငွေလှိုင်ကျွေးထားနိုင် ပါတယ်။ ဒါပေမယ့် ကလေးတွေ သိတတ်တဲ့အရွယ်ရောက်ရင် ငွေလှိုင်ဘယ်လို ရှင်းပြရမလဲ၊ ဒီတစ်ခု အတွက်ပဲ ငွေလှိုင်ယူကျုံးမရ ဖြစ်မိတာပါမောင်ရယ် ”
ဟုတ်ပါတယ် ငွေလှိုင်ရယ်၊ လူ့ကျင့်ဝတ် သိက္ခာဆိုတာ နှင်းပွင့်ပမာ ဖြူဖွေးသန့်စင်နေဖို့ အမှန်တကယ် လိုအပ်ပေတာပဲ။
ငွေလှိုင့် စကားကြောင့် မိမိငယ်စဉ်က ဖေဖေမကြာမကြာ ပြောဖူးလေ့ရှိသော စကားတစ်ခွန်းကို ဖျတ်ခနဲ သတိရမိသည်။
“ သား.....လူလေး၊ လောကမှာ လူဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ် တော်တော်များများကို မလုပ်မိရင်၊ သိပ်မသိသာဘူး၊ ဒါပေမယ့် .........မလုပ်သင့် မလုပ်ထိုက်တာ တစ်ခုကို လုပ်လိုက်မိတာနဲ့ ဘ၀မှာ တစ်ခါတည်း ကိစ္စပြတ်သွားတတ်တယ် ”
ရဲစခန်းအတွင်းရှိ စားပွဲတစ်လုံးပေါ်မှ ဆေးလိပ်ခွက်တစ်ခွက်ကို မိမိလှမ်းမြင်နေရသည်။ ဆေးပေါ့လိပ်တိုများ၊ စီးကရက်တိုများ။
မိမိသာ အချုပ်ခန်းအပြင်ဘက်သို့ ခေတ္တထွက်ခွင့် ရလျှင်ဖြင့် ထိုဆေးလိပ်ခွက်အတွင်းမှ ဆေးလိပ်တိုများကို အမှိုက်ပုံးထဲသို့ သွန်ပေးမိပေလိမ့်မည်။
ယခင်ကတော့ ဆေးလိပ်မသောက်တော့ဘူး။ အရက်မသောက်တော့ဘူးဟု မကြာမကြာ ဆုံးဖြတ်ခဲ့ဖူးသည်။ သို့သော် ညနေပိုင်းရောက်လာသည်နှင့် အရက်သောက်မိသည်။ ဆေးလိပ်သောက်မိသည်။ ဆေးလိပ်ခွက် ကိုလည်း အဖော် လုပ်ဖြစ်မိသည်။
နောက်တစ်နေ့ မိုးလင်းလျှင် ဆေးလိပ်ခွက်ကို ကြည့်၍ နောင်တရ၍ မဆုံး။ သို့ဖြစ်၍လည်း အိပ်ရာထထချင်း ဆေးလိပ်ခွက်ကို သွန်မိသည့် အကျင့်ပါလာသည်။ မိုးလင်း၍ ဆေးလိပ်ခွက်ကို သွန်လိုက်ရ လျှင် ရင်ထဲတွင် တစ်မျိုးပေါ့သွားသည်။
ယခုတော့ရင်မှာ မပေါ့ပါးနိုင်ပါ။ ခဲဆွဲထားသလို လေးလံဖိစီး နေသည်။ တစ်ကယ်တော့လည်း ဘ၀ဆိုတာ ဆေးလိပ်ခွက်တစ်ခွက်ကို သွန်ပစ်ပြီးသန့်စင်သလို သန့်စင်လို့ရတဲ့ အရာမျိုးမှ မဟုတ်ဘဲလေ။
နီမင်းဆွေ
ချယ်ရီမဂ္ဂဇင်း
၁၉၈၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ
ရေးတော့အမှန်
Sunday, March 27, 2011 12:05 AM
ရေးတော့အမှန်
ဟိုတစ်လောက စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ စာရေးဆရာများကို စာမူခတိုးပေးရေးအတွက် ရေးကြတာ ဖတ်လိုက်ရသည်။ အားတက်သရော ၀ိုင်းပြီးရေးကြ၊ ပြောကြ၊ ဆွေးနွေးကြတာ ပျော်စရာကြီး ဖြစ်၏။
သို့ရာတွင် စာနယ်ဇင်း ထုတ်ဝေသူတွေဘက်ကတော့ စာမူခတိုးပေးရေးအတွက် ဘယ်လိုစီစဉ် ထားပါတယ် ၊ ဘယ်လိုစိတ်ကူးရှိပါတယ် ဆိုတာမျိုး တုံ့ပြန်မှုနည်းပါးတာကိုတော့ စိတ်မကောင်း ဖြစ်ရ၏။ (ကိုယ့်အသိစိတ်ဓါတ်နှင့်ကိုယ် တတ်နိုင်သလောက် စာမူခ တိုးပေးကြရှာသော စာနယ်ဇင်းအချို့ကိုတော့ အားနာပါရဲ့။)
သတင်းစာထဲက လူထုအော်သံ အခန်းမှာ ပါတတ်သည့် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပေးပါ ” ဆိုသော တောင်းဆိုမှုမျိုးကိုတောင် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပြီးဖြစ် ” ဆိုတာမျိုး ဂရုတစိုက် ဖြေရှင်းတတ်ပါသေးသည်။
ကျွန်တော်စဉ်းစားမိတာကတော့ တကယ်လို့သာ ခုလို စာမူခနှုန်းထားနဲ့ပဲ ဆက်ပြီး စခန်းသွားနေကြတယ်ဆိုရင် စာမူခလေးကိုသာ အားပြုပြီး အသက်ဆက်နေရရှာသော စာရေးဆရာများ ခမျာ လာမည့် ၂၀၀၀ ခုနှစ်များတွင် အောက်ပါအတိုင်း လုပ်ကိုင်စားသောက် နေကြရတာကို တွေ့ကောင်း တွေ့မြင်ရလိမ့်မည်။
(၁)
ဘတ်စ်ကားမှတ်တိုင်သို့ ဟိုင်းလတ်ကားတစ်စီး ထိုးစိုက်လာ၏။ နေ့လယ်ပိုင်းမို့ ခရီးသည် နည်းနည်းပါးနေသည်။ စပါယ်ယာက အော်ဟစ်ပြီး လူခေါ်လိုက်၏။
“ ရန်ကုန်....ရန်ကုန် ၊ မင်္ဂလာဈေး၊ ဆူးလေ၊ လာ...ညီမလေး ဖြည်းဖြည်းတက်၊ ခြင်းတောင်း အစ်ကို ကိုင်ပေးထားမယ်၊ ဟိုအဒေါ်ကြီး တည့်တည့်ထိုင်ပါဗျာ၊ တစောင်းကြီး လုပ်မနေနဲ့၊ ဘေးတန်း ခုနှစ်ယောက်ရတယ်၊ ခက်တာပဲ၊ ခဏလေး ဆရာရေ....၊ တစ်ယောက်လိုက်ဦးမယ်၊ သြော်....ဟုတ်ကဲ့၊ မာမူလဲ လိုက်မယ်၊ ချန်မထားနဲ့လား၊ လာ...သွက်သွက်ကလေး”
“ ဟေ့ကောင် နောင်ဝင်းထွန်း၊ အတွယ်အတာ စွပ်တင်မနေနဲ့နော်၊ ရှေ့မှာ လှည့်ကင်းရှိတယ် ”
ရှေ့ခန်းမှ ဒရိုင်ဘာ မင်းခိုင်ဦးက အင်တာကွန်းမှ လှမ်းအော်သည်။
(၁)
ခြေစွယ်ငုတ်တာကို ဖော်ရတာ အလွန်သတိထားရသည်။ နာသွားလျှင် ဖောက်သည်ပျက်မှာ စိုးရသည်။ တကယ်တော့ သူက ဓားကိုင်ကျွမ်းကျင်ပြီးသား။ လုပ်ရာ ကိုင်ရာမှာလည်း သန့်ရှင်းသည်။ ခြေမနှင့်ခြေသည်းကို အရက်ပြန်ရွှဲရွှဲစွတ်ပြီးမှ လုပ်ငန်းစသည်။ ကိရိယာတွေကိုလည်း မီးဖြင့် သေသေချာချာ ကင်သေးသည်။ မကြာခင်မှာပင် စူးဝင်နေသော ခြေစွယ်ကိုဖော်ပြီး လှီးထုတ်ပစ်လိုက်၏။ ပြီးတော့ ဆေးရည်တို့ထားသော ဂွမ်းစဖြင့် အုပ်ပေးလိုက်သည်။
ဖောက်သည်ကြီးသည် ကျေနပ်သွားဟန်ဖြင့် ငွေငါးဆယ်တန် တစ်ရွက်လှမ်းပေးသည်။ လာနေကျ ဖြစ်သောကြောင့် သူ့နာမည်ကိုတောင် သိနေသည်။
“ တစ်ချိန်လုံး စူးပြီး နာနေတာဗျာ၊ အခုပဲ နေသာထိုင်သာ ရှိသွားတော့တယ်၊ ကျေးဇူးပဲဗျာ၊ ကိုဖေမြင့်၊ အင်း.....ရောက်တုန်းရောက်ခိုက် ဇိမ်ခံလိုက်ဦးမှပါပဲ ”
ဟု ပြောပြီး နားဖာကလော်သည့် ကီဝီဆီ လျှောက်သွားသည်။ မောင်သွေးသစ်ကတော့ တရုတ်ကြီးတစ်ယောက်ကို ဇက်ကြောဆွဲ၊ နှိပ်နယ်။
(၃)
မြို့ပတ်ရထားပေါ်တွင် လမ်းလျှောက်ဈေးသည်တွေ ခြေချင်းလိမ်နေ၏။ ခရီးသည်တို့၏ ၀ယ်လိုအားနှင့် အချိုးချကြည့ှ်လျှင် ဈေးသည်အရေ အတွက်ကတောင် များနေသလားထင်ရ၏။ သည်အထဲက တစ်ယောက်သော်ကား.....
“ လျက်ဆားနော် လျက်ဆား၊ ဆရာကြီး ဦးမောင်မောင်ကိုယ်တိုင် ဖော်စပ်တဲ့ လင်းယုန်တံဆိပ် အစာကြေလျက်ဆား၊ ဟစ်တလာတောင် မေတ္တာပွားရတဲ့ လျက်ဆား၊ ချေဂွေဗားရားတောင် လေကြေအောင် စားရတဲ့လျက်ဆား ”
သူက အာဘောင်အာရင်းသန်သန် အော်သော်လည်း ၀ယ်မည့်သူ မရှိ။ သူ့လိုပင် ဈေးရောင်းသူ တစ်ဦးဘေးမှာ လာရပ်ပြီး မေးသည်။
“ ဘယ်လိုလဲ ကိုအောင်ဆွေ ရောင်းကောင်းရဲ့လား”
“ မကောင်းပါဘူး၊ ကိုမြတ်ဆွေရာ၊ ခင်ဗျားကော ဘယ်လိုလဲ ”
“ ဒီလိုပါပဲ၊ အာပေါက်အောင် အော်မှ တန်ကာကျတယ်၊ ကဲ.....သွားဦးမယ် ကိုအောင်ဆွေ ”
ကိုမြတ်ဆွေကလည်း နှုတ်ဆက်ပြီး ထွက်သွားသည်။ နှုတ်မှလည်း သူ့ရောင်းကုန်ကို အော်ဟစ် ကြေငြာသွား၏။
“ တနင်္လာ သားသမီးတွေ ထီပေါက်ကိန်း ရှိတယ်တဲ့၊ အပျိုကြီးတွေ ကလေးမရနိုင်ဘူးဆိုပဲ၊ လာပြီနော် လာပြီ ၊ ဟောဒီမှာ ဆရာရှမ်းဗေဒင် ဟောစာတမ်းတွေ ”
(၄)
“ ဟုတ်မှလဲ လုပ်စမ်းပါ မောင်မောက်ရာ ”
“ မပိုင်ပဲ ပြောပါ့မလား ကိုဇော်နောင်ရယ်၊ ဒီတစ်ခါ ကျိန်းသေပါဗျ ”
“ကျိန်းသေပေါင်းက များနေပြီ၊ ဟိုတစ်ခါလဲ ပွဲသိမ်းပဲ ဆိုလို့ အောလိုက်တာ အုံနာခတောင် ပေးစရာမရှိဘဲ ဖြစ်သွားရသေးတယ်၊ ဒီတစ်ခါကော ဘယ်သူပေးတာလဲ ”
“ ဘိုးတော် ဆရာအောင်ပွင့်ပေးတာ ၊ တည့်တည့်ကြီးပြောတာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော့်ရှေ့မှာပဲ ပဲကြီးလှော်ခြောက်စေ့ကို ညက်နေအောင် ၀ါးစားပြတာ၊ ခြေက်တစ်လုံးကတော့ ကျိန်းသေပဲ ”
“ ကဲ တစ်နေ့ တစ်နေ့ ဒါနဲ့ပဲ ပြီးနေတာပဲ၊ အလုပ်ကော လုပ်စားကြဦးမှာလား၊ ဒီနေ့ ဖတ်စ်ဂိတ် ဘယ်သူလဲ၊ ဒီမှာ ဈေးကွေ့သွားချင်လို့တဲ့ ”
ဦးသင်းခိုင်ကြီးက လှမ်းအော်သည်။ သူတို့နှစ်ယောက် ခရီးသည်ကို လှမ်းကြည့်လိုက်၏။ ပြောင်းဖူးပြုတ်သည် မသန်းမြင့်အောင်ကို တွေ့လိုက်ရသဖြင့် ရှုံ့မဲ့သွားကြ၏။ မသန်းမြင့်အောင်မှာ တုတ်တုတ်ခိုင်ခိုင်နှင့် အလေးချိန်စီးရုံမျှမက သူ့ပြောင်းဖူးပြုတ်တောင်းကလည်း တနင့်တပိုးကြီး။ ပြီးတော့ အချင်းချင်းတွေပဲဟာဆိုပြီး ဈေးဆစ်တတ်သေးသည်။ ထို့ကြောင့် သူတို့က မလိုက်ချင်။
“ ဦးသင်းခိုင်ပဲ လိုက်ပို့လိုက်ပါတော့၊ ဒီမှာ ဂွင်ဆင်းကလေးတွေ ပြစရာရှိသေးလို့ ” ဟု မောင်မောက်က လှမ်းပြောသည်။ ဦးသင်းခိုင်က မျက်စောင်းခဲ၍
“ ဟဲဗီးတွေဆိုရင် င့ါပဲ ခိုင်းနေ ” ဟု ဆူအောင့်အောင့် ရေရွှတ်ရင်း ဆိုက်ကားကို တွန်းထုတ် သွား၏။
(၅)
သူသည် ပင်ကိုက အသားလတ်သူသာ ဖြစ်၏။ ခုတော့ နေပူထဲမှာ ဈေးရောာင်းနေရသဖြင့် အသားတွေ ညိုညစ်ညစ်ဖြစ်ကုန်ပြီ။ သို့ရာတွင် ၀မ်းရေးအတွက်မို့ စိတ်ပျက်မနေနိုင်။ သနပ်ခါးဘဲကြား လိမ်းပြီး အသံကုန် အော်ဟစ် ရောင်းရသည်။ သူကား နုနုရည်။
“ ရေခဲရေ အေးအေးလေး သောက်ချင်ရင် ဒီကိုလာ၊ လင်လိုချင်ရင် အောင်ကျော်တိုးဆီသွား၊ အဲ...ဟုတ်ပေါင် ၊ အိမ်လိုချင်ရင် ကြည်စိုးထွန်းဆီသွား ”
“ ခင်ဗျားလဲ အိမ်ကလူကြီးပဲ အမြဲ သတိရနေတာပဲ ”
ဘေးမှ ကွမ်းယာသည် မောင်သွေးချွန်က ပြောသည် ၊ နုနုရည်က “ အို ...သတိရတာပေါ့၊ ကိုအောင်ကျော်တိုး ခဗျာ ရေစည်လှည်းတွန်းရတာ ဘယ်လောက်ပင်ပန်းတယ် မှတ်သလဲ ”
မောင်သွေးချွန် ရယ်မည်ပြုပြီးမှ ရှုံ့မဲ့သွား၏။ ဗိုက်ကိုနှိပ်လိုက်ပြီး
“ ကျွန်တော့် ကွမ်းယာဘန်းကလေး ခဏလောက် ကြည့်ပေးထားစမ်းပါဗျာ၊ အရေးထဲ ဗိုက်ကနာလာလို့ အိမ်သာပြေးလိုက်ဦးမယ်၊ ဒီနေ့ ဘယ်လိုဖြစ်လဲ မသိဘူး၊ သုံးခါရှိပြီ ”
ပြောရင်း ခပ်သုတ်သုတ် လစ်ထွက်သွား၏။ တစ်ဖက်မှာ ထိုင်နေသော စာကလေးဗေဒင် ဆရာမ မသီတာက......
“ ဖြစ်မှာပေါ့ ၊ ဦးကြူးနစ်ကြီးရောင်းတဲ့ ၀က်သားတုတ်ထိုးတွေ စားတာကိုး ” ဟု လှမ်းပြောသည်။
(၆)
ပလတ်စတစ် အပြာရောင်အမိုး မိုးထားသော်လည်း နေရှိန်သည့် ဒဏ်ကိုတော့ အလူးအလဲ ခံနေရ၏။ သို့ရာတွင် ပူတာ ၊ အေးတာ၊ ဂရုမစိုက်နိုင် ၊ တစ်ချိန်လုံး တကုပ်ကုပ်ရေးနေမှ တော်ကာကျသည်။ ဒါနဲ့လည်း မစားလောက်လို့ အပိုအလုပ်တစ်ခု ထပ်လုပ်ရသေးသည်။ ခုလည်း စာမူ တစ်ပုဒ်ကို အပူလှိုင်းအောက်မှာ သည်းကြီးမည်းကြီး ရေးနေတုန်း လူတစ်ယောက် ရှေ့မှာလာရပ်သည်။ မော့ကြည့်လိုက်တော့ သူက ဂက်စ်မီးခြစ်တစ်လုံးကို လှမ်းပေးသည်။ လက်ထဲက ဘောလ်ပန်ကို ချလိုက်ပြီး မီးခြစ်ကို လှမ်းယူလိုက်၏။ ဘီအိုင်စီ အမျိုးအစား မီးခြစ်ဖြစ်၏။ ဒါမျိုးက လက်ဝင်သည်။ မကျွမ်းကျင်ဘဲ လုပ်လို့မရ၊ ထို့ကြောင့် ရိုးရိုးမီးခြစ်တွေထက် ဈေးပိုယူရသည်။
“ဆယ်ငါ့ကျပ်တော့ ကျမယ်နော် ” ဟု ကျွန်တော်ပြောလိုက်၏။
မင်းလူ
(အလင်းတန်းဂျာနယ်၊ ၂၀-၉-၉၉)
ဆရာနေ၀င်းမြင့် စာပေဟောပြောပွဲ (မလေးရှား တတိယကြိမ်)
Wednesday, March 23, 2011 11:35 PM
ဆရာနေ၀င်းမြင့် (စာပေဟောပြောပွဲ)
တတိယအကြိမ် (ကွာလာလမ်ပူ မလေးရှား)
11
22
33
44
55
ကြိုးနီ
Saturday, March 05, 2011 1:01 AM
ကြိုးနီ
ချစ် စံ ၀င်း
အစိုးရဌာန နှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦးကြီးတစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခု အနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယို ခံရသော ရုံးက ခွေးမွေးထားသောရုံးသို့ “ လူကြီးမင်းတို့ ရုံးမှမွေးထားသော ခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့် ရုံးခန်းအတွင်းတွင် မကြာခဏလာရောက်၍ နောက်ဖေးယိုနေသောကြောင့် နောက်နောင် ထိုသို့မဖြစ်စေရေးအတွက် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ” ဟူသော စာကိုပို့လိုက်၏။
ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံဌာနမှ “ အဆင့်ဆင့် ဆက်လက်တင်ပြသည်၊ ဆက်လက်တင်ပြပါသည် ” ဟူသော မှတ်ချက်ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှတာဝန်ရှိ ပုဂ္ဂိုလ်ထံ သို့ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ ယင်းကိစ္စ ဟုတ်မဟုတ် စုံစမ်းတင်ပြပါ ” ဟူသော မှတ်ချက်တွင် “ အရေးယူ ဆောင်ရွက်ရန်၊ အရေးယူ ဆောင်ရွက်ရန်” ဟူသော ထပ်ဆင့်မှတ်ချက်များနှင့်အတူ အောက်သို့ပြန်ကျလာ၏။
ထိုအခါ ယင်းကိစ္စကို ဟုတ်မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ် အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး စာအမှတ်မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက်သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က ယင်းကိစ္စမှန်ကန်လျှင် မည်သို့ဆောင်ရွက်ရမည်ကို နည်းလမ်းများစုံစမ်းတင်ပြပါဟူသော မှတ်ချက်ဖြင့် အောက်သို့ပြန်ချပေးလိုက် ပြန်၏။ အောက်သို့ကျလာသော အခါ ရုံးအုပ်နှင့်အဖွဲ့သည် မည်ကဲ့သို့ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်က နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ နည်းလမ်းများကို ရှာဖွေကာ အောက်ပါနည်းလမ်းများကို တွေ့ရှိရပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖေါ်ပြပါ နည်း လေးနည်းကို တင်ပြခဲ့သည်။
(က) ယင်းခွေကို သတ်ပစ်ခြင်း။
(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း။
(ဂ)ခွေးဝင်သောအပေါက်ကို လုံးဝပိတ်ထားခြင်း။
(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။
ထိုအခါ တာဝန်ရှိ ပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်းမှတ်ချက်ရေးကာ အဆင့်ဆင့်ပြန်ချပေးလိုက်၏။
(က) နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်ရန်၊ (ခ) နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များရှိနေသည်ဟု သိရ၍၊ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ) နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေး ကိစ္စများကို ထိခိုက်စေသောကြောင့် ယင်းနည်းကိုရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ) နည်းမှာမူ မည်သူ့ကိုမှလည်း မထိခိုက်။ မဇ္ဈိမပဋိပဒါလည်း ကျသောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။
အထက်ပါမှတ်ချက်ဖြင့် စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင်ပြန်၍ တက်လာပြန်၏။ ယင်းစာမှာ “ လူကြီးမင်းရွေးချယ်သော (ဃ) နည်းကို အသုံးပြုရေးအတွက် ခွေးမ၀င်ရ ဟူသော စာကပ်ရန် မည်သည့်ပန်းချီဆရာဖြင့်ရေးရမည်ကို အမိန့်တောင်းခံအပ်ပါသည် ” ဟူ၍ဖြစ်၏။ ထိုအခါ အထက်လူကြီးက သင့်လျော်သော ပန်းချီဆရာနာမည်များ တင်ပြပါဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။ အောက်ပိုင်းမှ တစ်ဖန် ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့် အတူ တင်ပြရာ အထက်မှ ဖြော်ပပါအရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ်(၂) ပန်းချီဆရာကို ရွေးသည်ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။
ရုံးအုပ်နှင့်အဖွဲ့သည် ထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရ ဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။
သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂) လက စာအမှတ် ဘယ်လောက် ဘယ်လောက်ဖြင့် “ လူကြီးမင်းတို့ ရုံးမှခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင်ရန်ပါရန် စာပို့ ခဲ့သော်လည်း ယခုတိုင် ယင်းခွေးသည် နောက်ဖေးယိုနေဆဲဖြစ်၍ ထပ်မံ အကြောင်းကြားအပ်ပါသည် ” ဟူသော စာသည် အတွင်းရေး ဟူသော ထိပ်စည်းနှင့်အတူ ရောက်လာပြန်၏။
ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှ တစ်ဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက “ မိမိသည် ဤ ကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ ” ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက်နောက်ဖေးယိုနေသည်ကို အရေးတယူစုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။
စာအမှတ်မည်မျှဖြင့် “ လူကြီးမင်း၏ ချက်ချင်းအရေးယူ ဆောင်ရွက်ရန် မှတ်ချက်အမိန့်အရ ကျွန်တော်များ ချက်ချင်း အလျင်အမြန်စုံစမ်းကြည့်ရာ ယင်းခွေးသည် စာမတတ်ကြောင်း တွေ့ရှိရပါသည် ”
အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့တက်လျက်ရှိနေ၏။ ယင်းတင်ပြချက် အပေါ်အထက်လူကြီးက မည်သို့မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည် ကတော့ သေချာနေပေသတည်း။
ချစ်စံဝင်း ( ၉-၈-၁၉၆၉)
မော်နီတာ ဂျာနယ်၊ အတွဲ (၁) အမှတ် (၁၁) မှ ကောက်နှုတ်ဖော်ပြသည်။
မဟူရာ အလှူရှင်
Thursday, February 24, 2011 3:19 PM
ငါတို့က မရှိလို့မလှူ မလှူလို့မရှိတာတွေကို
လက်မခံပါဘူးလို့ တွင်တွင်ပြော
ငါတို့က ရှိလို့လှူ လှူလို့ ရှိတဲ့ အမျိုးတွေပါလို့
အားလုံးကြားအောင် အော်အော်ပြော။
သိပါတယ်လှူလွန်းတာက ၊ ခန္ဓာတွေပါ စွန့်ရက်တယ်
မုန့်သာဝေစားတာ မဟုတ်ဘူး၊ ကာမတွေပါ ဝေစားတာ
လက်ဦးသူသေရင် နောက်တစ်ယောက်ကိုလှူ။
အိုဘယ့် အလှူ့ရှင်မ
အလှူရှင် ရှိပြီးသား ရာဂသားကို
အပျိုစင်သမီးများ ထပ်ခါလှူ
မအိုရင် ကောင်းကင်မှာ နေရာမရလို့တဲ့။
ကိုယ်ရေပြားရောဂါ မရှိပဲနဲ့များ တစ်ကိုယ်လုံးမဲမှောင်လို့
ဝတ်စလစ်စလစ် နေခဲ့တာ သိသာလျက်နဲ့ ဖုံးနိုင်လွန်းတယ်။
အမြင်မှန်မရသေးတဲ့ မျက်လုံးတွေကိုပါ
ဇာပုဝါကာထားသေးရဲ့။
နူနာ မရှိတဲ့ လက်တွေကို ရှိသယောင်အစွပ်တွေဝတ်ပြီး
ယားနာရှိတဲ့ ခြေထောက်တွေမှာ ခြေအိတ်အပြည့်။
အမှောင်အသိဥာဏ်ကို မဟူရာ ၀တ်ရုံလွှမ်းပါလို့
ငါတို့သာ ကောင်းကင်ရောက်ကြေးဆို
ကမ္ဘာမှာ လူမိုက်မျိုးဆက်တုံးပေမပေါ့။
အင်္ဂါဟူး (20.2.2011)
ဒေ၀တာမြို့တော်
Monday, February 21, 2011 11:15 PM
ဒေ၀တာမြို့တော်
(ပြီးခဲ့သော ဇတ်လမ်းအကျဉ်း)
စာပေနှင့်ရုပ်ရှင်နယ်တွင် ခြေရှုပ်နေသော မျောက်ညီနောင် လေးဖော်မှ အငယ်ဆုံးကောင် မျောက်လူသည် စာပေလောကသားများကို ဇတ်ကောင်လုပ်၍ “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္တုတစ်ပုဒ်ကို ရေးလိုက်ရာ ဇတ်လမ်းထဲတွင် ပါဝင်သော စာရေးဆရာအချို့က မကျေနပ်သဖြင့် လေထန်ဖုံးတရားရုံးတွင် တရားစွဲဆိုကြ၏။
သုခမိန်ကြီးပေါင်စိန်က အပြစ်ထင်ရှားသည်ဆိုပြီး မျောက်လူကို လိပ်ခေါင်းဓါးစက်ဖြင့် လက်ဖြတ်ပစ်ရန် အမိန့်ချမှတ်သည်။ ဦးရီးတော် ပ၀မ်ကွေးနှင့် ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ်တို့က မေတ္တာရပ်ခံသဖြင့် အူမတက်မချင်း ကလိထိုးကြရန် ပြောင်းလဲအမိန့်ချသည်။ စာရေးဆရာများလည်း မျောက်လူကို ၀ိုင်း၍ ကလိထိုးကြရာ ရယ်ရလွန်းသဖြင့် အူတက်ပြီး သတိလစ် သွားလေ၏။ ( ယခင် အဟောင်း လေထန်ဖုံး ။ )
မပြီးသေးသော ဇတ်လမ်းအကျယ်
သူပြန် သတိရလာ၏။
မရောက်ဖူးသောနေရာတစ်ခု။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပင်လုံးကျွတ်ပွင့်နေသော ကသစ်ပင်များမှ လွဲ၍ ဘာမှမရှိ။ လူသူလည်းတစ်ယောက်မှ မတွေ့ရ။ မြေပြင်တစ်ခုလုံး မီးခိုးငွေ့လိုလို ၊ မြူနှင်းတွေလိုလို ဝေ့၀ဲပိတ်ဖုံးနေ၏။
ဒါဘယ်နေရာလဲဟု စဉ်းစားကြည့်သည်။ မီးခိုးငွေ့တွေရှိပုံထောက်တော့ စတိတ်ရှိုးစင်မြင့် ဖြစ်မှာပဲ တွေးမိသေးသည်။ စတိတ်ရှိုးစင်မြင့်ဆိုလည်း ဒီလောက်တော့ ကြီးမားကျယ်ပြန့်စရာ အကြောင်းမရှိ။ စည်ပင်သာယာကများ အထူးသန့်ရှင်းရေးအတွက် ခြင်ဆေးငွေ့တွေမှုတ်ထားတာလား၊ ဒါလည်းမဖြစ်နိုင်။ မီးခိုးငွေ့တွေ အပေါ်ကို ပျံ့လွင့်တက်မလာပဲ မြေပြင်မှ တစ်ပေလောက်မှာသာ ၀ပ်ဆင်းဝေ့၀ဲနေလေ၏။ သူ အစဉ်းစားရကြပ်လာသည်။ ထို့ကြောင့်
“ဘယ်မှာလဲ မသိတော့ဘူး။ ပြောပါတော့ ပြောပါတော့” ဟု သံကုန်အော်လိုက်၏။
ထိုအခါ ရှေ့ခပ်လှမ်းလှမ်းဆီတွင် မီးခိုးငွေ့အနည်းငယ် ပြယ်သွားပြီး တံတားလေးတစ်စင်းကို လှမ်းမြင်လိုက်ရသည်။ သူ ထရပ်ပြီး တံတားလေးဆီ လျှောက်သွားသည်။
တံတားအောက်တွင် ရေမရှိပဲ ရွှေမှုန်ငွေမှုန်ကလေးတွေသာ တလွင့်လွင့်မျောနေသည်။ တံတား၏ တစ်ဖက်ကမ်းမှာတော့ ကနုတ်ပန်းပွင့်တွေနှင့် ဘောင်ကွပ်ထားသော ဆိုင်းဘုတ်တစ်ခုရှိ၏။
“ ဒေ၀တာ မြို့တော် ”
ထိုအခါကျမှ နတ်ပြည်၏ အ၀င်ဝကို ရောက်နေကြောင်း သိလိုက်ရ၏။ ဒါဆို ငါက သေခဲ့ပြီပေါ့ဟု တွေးလိုက်၏။ ဒီလိုလည်း မဟုတ်သေး။ သူ့ခန္ဓာကိုယ်က အကောင်းပကတိအတိုင်းကြီး ရှိနေသေးသည်။ အရှင်လတ်လတ် နတ်ပြည်ရောက်လာတာမျိုးလားဟု သူ့ကိုယ်သူ အထင်ကြီးမိလိုက်၏။ သို့ရာတွင် သူ့ပုံစံက အရပ်ဝတ်အရပ်စားနှင့်ပဲ ရှိနေ၏။ နတ်ဝတ်တန်ဆာတွေ၊ မကိုဋ်တွေနှင့် မဟုတ်။
နတ်ဆိုလျှင် တန်ခိုးရှိသည်။ လိုတရသည်ဟု ကြားဖူးသည်။ စမ်းကြည့်မှပဲ ဆိုပြီး................
“လက်ဖက်ရည်တစ်ခွက် လာထား”
ဟုခေါ်ပြီး လက်ဝါးဖြန့်လိုက်၏။ ဘာမှမလာ။ ဒါဆိုလျှင်တော့ မဟုတ်သေးဘူး။ ဒါတွေ နောက်မှ စဉ်းစား၊ ခုလောလောဆယ်တော့ ရောက်တုန်းရောက်ခိုက် ၀င်လေ့လာသွားဦးမှပဲ။ ဒါမှ လူ့ပြည်ပြန်ရောက်တဲ့အခါ ဂျာနယ်မှာ ဆောင်းပါးရေးလို့ ရမည်။ ဒါမှ မဟုတ် ဆရာအောင်မောင်းတို့၊ ဆရာကျော်ရင်မြင့်တို့ ၊ ဆရာ ကိုရိုးကွန့်တို့လို ခရီးသွားအတွေ့အကြုံ ဆောင်းပါးတွေ ရေးနိုင်မည်။ ဓန၊မြန်မာ့ဓန၊ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်းတွေက စာမူခကောင်းကောင်း ပေးသည်ဟု ကြားဖူး၏။
သူသည်တံတားလေးပေါ် ဖြတ်လျှောက်လိုက်၏။ အလယ်လောက် အရောက်မှာပင် တစ်ဘက်ကမ်း တံတားထိပ်တွင် ၀ုန်းခနဲ ၀ုန်းခနဲ မီးလုံးကြီးများ ထွက်လာပြီးနောက် လူနှစ်ယောက် ပေါ်လာသည်။
သူတို့သည် အရပ်ခြောက်ပေကျော် ခုနှစ်ပေနီးပါးရှိသော လူထွားကြီးများဖြစ်ကြ၏။ အလွန်တောင့်တင်း သန်မာကြပုံရသည်။ ပုဆိုး ခါးထောင်းကျိုက်ထားပြီး အပေါ်ပိုင်းမှာဘာမှ ၀တ်ဆင်မထားကြ တစ်ယောက်က ခက်ရင်းခွလှံတံကြီး ကိုင်ထားသည်။ နောက်တစ်ယောက်က ပေါက်ဆိန်ကြီးကို ထမ်းထား၏။
တစ်ယောက်က လက်လှမ်းတားပြီး
“ရပ်လော့..၊ ရပ်လော့”
ဟုပြော၏။ မျောက်လူက
“ခင်ဗျားတို့ ဘာလုပ်ကြတာလဲ ၊ ဂိတ်ကြေးတွေ မကောက်ရတော့ဘူးလို့ ညွှန်ကြားထားတယ် မဟုတ်လား”
ဟု ခပ်တည်တည် ပြန်ပြောသည်။ အစောင့်က
“ဘာတွေ လာပြောနေတာလဲ၊ နားမလည်ဘူး၊မင်းနာမည် ဘယ်သူလဲ ”
“မျောက်လူ”
“ရှာကြည့်စမ်းဟေ့”
ဘေးကတစ်ယောက်ကို လှမ်းပြောလိုက်သည်။ အစောင့်တစ်ယောက်က သားရေစာအုပ်ကြီးကို လှန်ကြည့်ပြီး
“မတွေ့ဘူး”
“ကဲ...ဒီကိုလာရမယ့် စာရင်းထဲမှာ မင်းနာမည်မပါဘူး၊ ဒီကပဲ လှည့်ပြန်ပေတော့”
“ဒီလိုပါ၊ ကျွန်တော်က ခဏအလည်လာတာပါ၊ ကြုံတုန်းဝင်ပြီး လေ့လာချင်လို့”
“ဒါဆို ဖိတ်စာပါလား”
ဟိုက်၊ဒီမှာလည်း ဖိတ်စာပြဿနာ ရှိတာပါလား၊ ဘာပဲဖြစ်ဖြစ် ဂျာနယ်သမားတွေနဲ့ ပေါင်းနေတာပဲ၊ ဒီလော်ကတော့ ရပါတယ်ဟု တွေးပြီး ခပ်တည်တည်ဖြင့်
“ကျုပ်က စာရေးဆရာဗျ၊ ဖိတ်စာ မလိုဘူး”
“ဒါ စူပါမားကက် မဟုတ်ဘူး၊ ၀င်ချင်တိုင်းဝင်လို့ ရတယ်မှတ်နေလား”
အင်း.....ဒီလူတွေကြည့်ရတာ လူ့ပြည်မှာတုန်းက ဆေးရုံအပေါက်စောင့် လုပ်ဖူးတယ်ထင်တယ်ဟု တွေးပြီး အင်္ကျီအိတ်ထဲ လက်နှိုက်မည် ပြုစဉ်...
“အံမယ် ကြည့်စမ်း၊ လူ့ပြည်ကအပေါက်မျိုး လာချိုးနေကိုး၊ ဟေ့ သွားမလား ၊ မသွားဘူးလား ”
ဆိုပြီး ပေါက်စိန်ကြီးကို မြှောက်၍ ရွယ်လိုက်၏။ ကိုင်း...ဒီလိုမှ မရရင်တော့ ရတဲ့နည်းကို သုံးရတော့မှာပေါ့။ ထို့ကြောင့် လွယ်အိတ်ထဲတွင် ပါလာသော ပတ္တမြားကျောက်စီပုလင်းကို ထုတ်၍ မြှောက်ပြလိုက်ရလေသည်။
ထိုအခါကျမှ အစောင့်နှစ်ယောက်လည်း ပျာပျာသလဲ ဒူးထောက် ထိုင်ချလိုက်ပြီး.....
“၀မ်းပက်၊ ၀မ်းပက်၊ ၀မ်းဝမ်းပက်”
ဟု ပြိုင်တူအော်၍ အရိုအသေပေးကြလေ၏။
သူတို့ကို ပတ္တမြားကျောက်စီ ပုလင်းထဲမှ နှစ်တစ်ထောင် ရှဥ့်မတက်ဥ စိမ်ထားသော ဘီအီးတစ်ပက်စီ တိုက်လိုက်သော အခါ အစောင့်များလည်း အငမ်းမရ မော့သောက်ကြပြီးနောက်.....
“ဆရာ ဘယ်ကိုသွားချင်လို့ပါလဲ အမိန့်ရှိပါ”
“ကျုပ် စာရေးဆရာတွေရှိတဲ့နေရာ သွားချင်တယ်၊ ကက တစ်စင်းလောက် ခေါ်ပေးစမ်းပါ”
“ ဒီမှာ ကက တော့မရှိဘူး ၊ နနပဲ ရှိပါတယ်”
သူတို့က “ နနတစ်စင်း လာထား” ဟု အော်လိုက်သော အခါ စောစောကလို ၀ုန်းခနဲ မီးခိုးလုံးကြီး တက်လာပြီးနောက် ဇတ်သဘင်တွေထဲမှာ တွေ့ဖူးသော ပန်းရထားလို ယာဉ်တစ်စင်းပေါ်လာသည်။ တစ်ခုရှိတာက ဇတ်ထဲက ပန်းရထားတွေလို ချုပ်ဘီးမျိုးမဟုတ်ပဲ သတ္တုစပ်အလွိုင်းဘီး တပ်ထားခြင်း ပင် ဖြစ်၏။ ပန်းရထားမောင်သူက
“ဘယ်သွားမလဲ အကြည်တော်၊ အဲ... သူငယ်ချင်းက ဘယ်လိုဖြစ်လာတာလဲ၊ လာချိန်လည်း မတန်သေးပဲနဲ့” ကဗျာဆရာ ဇောင်းထက်က မေးသဖြင့် “ ကျွန်တော်ခဏလာလည်တာ ရောက်တုန်းရောက်ခိုက် လေ့လာချင်လို့၊ အဲ နေစမ်းပါဦး၊ ခင်းဗျားက ဒီမှာ တက္ကစီမောင်းနေတာလား”
“ဘယ်ကလာ တက္ကစီရမှာလဲ၊ ဒါ ကိုယ်ပိုင်ပါ၊ ကဗျာရေးနေရင်းက ခေါင်းကြည်လင်သွားအောင် အပြင်တစ်ပတ် ထွက်မောင်းရင်း မုခ်ဝက အကူအညီတောင်းသံကြားလို့ လာခဲ့တာ၊ ဒီမှာတော့ ဒီလိုပဲ ကြုံတဲ့ရထား က ကြုံသလို ခေါ်တင်သွားကြတာပဲ”
“ သြော် မသိပါဘူး၊ ဟိုပုဂ္ဂိုလ်တွေက နနလို့ပြောတာနဲ့ လူ့ပြည်က ကက လိုများလားလို့ ”
“ ဒီမှာတော့ ဒီလိုပဲ ခေါ်ကြတာပဲ”
ဇောင်းထက်ကို အကဲခတ်ကြည့်လိုက်သောအခါ နတ်ဝတ်နတ်စားနှင့် မဟုတ်ပဲ စတစ်ကော်လာ ရှပ်အင်္ကျီ အဖြူနှင့် မာစရိုက် ချည်ချောလုံချည်သာ ၀တ်ထားတာ တွေ့သဖြင့်....
“ခင်ဗျား အ၀တ်အစားက”
“ သြော်...ခင်ဗျားက ပြောင်ပြောင်လက်လက် ချွန်ချွန်တက်တက်တွေ ၀တ်ထားမယ်ထင်လို့လား၊ အဲဒါက ဇတ်ထဲမှာ ၀တ်ကြတာပါ၊ ဒီမှာတော့ ကိုယ်ဝတ်နေကျ အတိုင်းပဲ ၀တ်ကြတာပါပဲ”
“သူငယ်ချင်း ခုနက ပြောတဲ့အထဲမှာ ကဗျာရေးနေတယ်ဆိုတာ ပါတယ်နော်၊ ကဗျာရေးပြီး ဘာသွားလုပ်မှာလဲ ”
“မဂ္ဂဇင်းထဲ ထည့်မှာပေါ့”
“ဒီမှာ မဂ္ဂဇင်းရှိတယ်”
“ရှိတာပေါ့ ။ စာရေးဆရာတွေ ကွယ်လွန်ပြီး နတ်ပြည်ရောက်သလိုပဲ၊ မဂ္ဂဇင်းတွေ ကွယ်လွန်တဲ့ အခါ နတ်ပြည်ရောက်လာတာပဲလေ”
“ဘယ်လိုဗျ၊ ကျွန်တော်နားမလည်ဘူး”
“ဒီလိုလေ၊ လူ့ပြည်မှာထုတ်တဲ့ မဂ္ဂဇင်းတွေထဲက ဆက်မထုတ်နိုင်ဘဲ ရပ်သွားတဲ့ မဂ္ဂဇင်းတွေဟာ ကွယ်လွန်ကုန်ကြတဲ့ သဘောပဲမဟုတ်လား၊ အဲဒီ မဂ္ဂဇင်းကို နတ်ပြည်မှာ ဆက်ထုတ်ကြတာပေါ့”
“တယ်ဟုတ်ပါလားဗျ”
“ဒီလိုပါပဲ..၊ တစ်ချို့ မဂ္ဂဇင်းတွေကတော့ အဆင်ပြေကြပါတယ်၊ အများစုကတော့ မပြုတ်အောင် အတော်ကြိုးစားရပ်တည်နေကြတာ ခင်ဗျားတို့ဆီမှာ မဂ္ဂဇင်းတွေ တိုးကောင်းတိုးလာနိုင်တယ်ဗျို့၊ ဂျာနယ်တွေကတော့ တော်တော်များတယ်၊ ဂျာနယ်တစ်ခေတ်လို့တောင် ဆိုနိုင်တယ်”
“ရေးစရာ နေရာများလာတော့ စာရေးဆရာတွေအတွက် ကောင်းတာပေါ့ဗျာ၊ ကဗျာတွေ အခြေအနေကော ဘယ်လိုရှိလဲ”
“ကဗျာကတော့ အခြေအနေကောင်းတယ်ပြောရမှာပဲ၊ ပုံသဏ္ဌာန်ရော အကြောင်းအရာပါ ပိုပြီးဆန်းသစ်တဲ့ ကဗျာတွေ ရေးလာကြတယ်။ လူငယ်ကဗျာ ဆရာတွေလည်း အများကြီးထွက်လာတယ်၊ တော်ကြပါတယ်”
“ဒါဆိုရင်တော့ ၀မ်းသာစရာပဲ၊ အဲဒါနဲ့ ခင်ဗျား ဘယ်သွားချင်သလဲ ပြောဦးလေ”
“ကျွန်တော့်အဖေဆီ သွားချင်တယ်”
“ဆရာ သာဓုက ဆရာကြီးတွေချည်းပဲ စုပြီး နေတဲ့ နေရာမှာဗျ၊ လူကြီးတွေ စိတ်အေးချမ်းသာ နေလို့ရအောင်ဆိုပြီး ဆိတ်ငြိမ်းရပ်ကွက်မှာ နေရာ ပေးထားတာ၊ ပြီးမှ အေးအေးဆေးဆေး သွားတာပေါ့”
“ခင်ဗျားတို့ကျတော့ ဘယ်မှာနေကြလဲ”
“ခြောက်ထပ် ဗိမာန်တွေမှာ ကိုယ့်အခန်းနဲ့ ကိုယ်နေကြတာပဲ”
“ခင်ဗျားတို့ကျတော့ သီးခြား ဗိမာန်မရဘူးလား”
“လိုချင်တာတော့ မြို့တော် အုပ်ချုပ်ရေး အဖွဲ့ဆီလျှောက်လို့ ရပါတယ်၊ ဒါပေမယ့် ဘာလုပ်မှာလဲ ၊ ခုလို လူငယ်တွေ စုပြီးနေရတာက ပိုပြီး ပျော်စရာ ကောင်းတာပေါ့။ ဆရာဒေါင်းနွယ်ဆွေတောင် သူရတဲ့ ဗိမာန်ကြီးက ခမ်းနားလွန်းလို့ မနေတတ်ဘူးဆိုပြီး ကျွန်တော်တို့ဆီမှာ မကြာခဏ လာနေတတ်တယ်”
“ဆရာဒေါင်းက ဒေါသကြီးတုန်းပဲလား”
“ထုံးစံအတိုင်းပါပဲ၊ ဒါပေမယ့် ဆရာ့ဒေါသက အတ္တနဲ့ယှဉ်တဲ့ ဒေါသမှ မဟုတ်ပဲ၊ ကဗျာ ဒေါသကိုး၊ အားလုံးက ကျေနပ်ကြပါတယ်”
“ ခင်ဗျားတို့ စုပြီးနေကြတာ ဘယ်သူတွေရှိလဲဗျ”
“ဆရာမောင်လေးအောင် က အကြီးဆုံးပေါ့၊ ဆရာမောင်လူမှိန်လဲ ရှိတယ်၊ ခင်းဗျားတို့ အုပ်စု ထဲက တိုးမိုးလည်း ရှိတယ်”
“အေးဗျာ၊ တိုးမိုးနဲ့လည်းတွေ့ချင်သေးတယ်၊ ဒီကောင်က ခုထိအပျင်းထူတုန်းပဲလား”
“အကျင့်ဆိုတာကတော့ ဖျောက်နိုင်ခဲသားပဲ၊ သူ့အခန်းထဲမှာ တကုပ်ကုပ်နဲ့ ရေးနေတာတော့ တွေ့တွေ့ နေတာပဲ၊ များသောအားဖြင့်တော့ လှမ့်အိပ်နေတာပဲ”
“တခြားကော ဘယ်သူတွေရှိသေးလဲ”
“ပန်းချီ တဂိုးမျိုးလဲ ရှိတယ်၊ ဒါပေမယ့် သူက ဆရာဗဂျီအောင်စိုးဆီ သွားနေတာများတယ်”
“ဦးလေးအောင်စိုးနဲ့တွေ့ရင် သူ့ပန်းချီကားတွေကို နိုင်ငံခြားက အရမ်းဈေးကြီးပေးပြီး ၀ယ်နေကြတယ် ဆိုတာ ပြောပြလိုက်ပါဦး”
“ဟုတ်လား ဆရာကြီးတော့ ၀မ်းသာမှာပဲ”
“ဒါနဲ့ စကားမစပ်၊ ခုန ခင်ဗျားပြောတဲ့အထဲမှာ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ကြာလိုက်ပါတယ်၊ ဘယ်သူတွေနဲ့ ဖွဲ့ထားတာလဲ”
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက နာယက၊ ဆရာကြီး ဂျိမ်းစ်လှကျော်က ဥက္ကဌ၊ ဆရာ သိပ္ပံမောင်ဝက အတွင်းရေးမှုး၊ ဆရာပီမိုးနင်း၊ဆရာကြီး ဒဂုန်ရွှေမျှား၊ ဆရာဇော်ဂျီ၊ ဆရာကြီး ရန်အောင်၊ ဆရာဦးခင်မောင်လတ်တို့က အဖွဲ့ဝင်တွေ ”
“ဟိုတစ်လောက ဆရာမကြီး ဒေါ်ခင်မျိုးချစ် လိုက်လာတော့ ဆရာလတ်ကြီး ပျော်မသွားဘူးလားဗျ”
“ပျော်တာပေါ့၊ ဘာဖြစ်လို့ ခုမှ လိုက်လာရတာလဲတောင် အပြစ်တင်သေးတယ်။ ဆရာမကြီးက ကျုပ်ကရှင် သွား ပြီးကတည်းက လိုက်လာချင်တာ ၊ ဟိုက စာရေးဆရာတွေက အတင်းဆေးကုပြီး ၀ိုင်းဆွဲထားလို့ဆိုပြီး ချော့လိုက်မှ ကျေနပ်သွားတာ”
ပန်းရထားသည် လှစ်ခနဲ လှစ်ခနဲ ပြေးနေ၏။ လမ်းတွေက စကျင်ကျောက်လို ဖြူဖွေးပြီး ညီညာချောမွေ့လှသည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တိမ်တောင်တိမ်လိပ်တွေက မိုးပေါ်မှာမဟုတ်ဘဲ မြေပေါ်မှာပင်။ ဇောင်းထက် စောစောက ပြောခဲ့သော လူငယ်တွေ စုပေါင်းနေကြသည့် ခြောက်ထပ် ဗိမာန်များ ၊ လုံးချင်းဗိမာန်များကို မြင်ရသည်။
“ခင်ဗျား ဘယ်ကို အရင်သွားချင်တယ်ဆိုတာ ပြောဦးလေ” ဟု ဇောင်းထက်က သတိပေးသည်။ ရင်းရင်းနှီးနှီး ပြောမနာ ဆိုမနာ ရှိနိုင်မည့်သူ တစ်ယောက်ကို စဉ်းစားမိသည်။
“ အစ်ကိုကြီး ငြိမ်းကျော်ဆီကို ပို့ပေးပါ”
“အတော်ပဲ ဒီဘက်လမ်း ချိုးသွားရုံပဲ”
သူကပြောပြီး ရထားကို ဘယ်ဘက် ကွေ့လိုက်၏။ ကွေ့တယ်ဆိုရာမှာ ကားတွေလို စတီယာရင်ကိုလှည့်ပြီး ကွေ့ခြင်းမျိုးမဟုတ်။ ဘယ်လက်ကို ဆန့်ထုတ်ပြီး ညွှန်လိုက်ရုံဖြင့် အလိုလိုကွေ့သွားခြင်းဖြစ်၏။
“ခင်ဗျား ယာဉ်က တယ်ဟုတ်ပါလား၊ ဒါနဲ့ ဒီပန်းရထားက ရှေ့ပတ်လား နောက်ပတ်လား”
“အရေးထဲ နောက်နေပြန်ပါပြီ”
ထိုစဉ် ရှေ့မှ ပန်းရထားတစ်စင်း အရှိန်ပြင်းစွာ နှင်လာသည်။ မောင်းလာသူက ဆရာ အထောက်တော်လှအောင်။ မျောက်လူက လှမ်းနှုတ်ဆက်သည်။ ဆရာသည် ရေးကြီးသုတ်ပျာ နိုင်လှ၏။ ကောင်းကောင်းတောင် စကားမပြောလိုက်ရ။
“အောင်ပြည့် တစ်ယောက်နေကောင်းရဲ့လား၊ ၀င်းငြိမ်းရော၊ မြတ်ခိုင်ရော” ဟု သတိရသမျှ လှမ်းအော်မေးရင်း တစ်စတစ်စ ဝေးသွားသည်။ ဇောင်းထက်၏ ပန်းရထားသည် လမ်းချိုးကလေး တစ်ခုထဲ ကွေ့ဝင်သည် ။ ဂရင်းနိုက်လို ကျောက်သားမျိုးဖြင့် ဆောက်လုပ်ထားသော ဗိမာန်တစ်ခု ရှေ့မှာရပ်သည်။
“ ဒါ ဆရာ ငြိမ်းကျော်ရဲ့ ဂေဟာပဲ၊ ခင်ဗျား ပြန်ချင်တဲ့အချိန်ကျရင် လာထားလို့သာ သုံးခါအော်လိုက်” ဟု ပြောပြီး ထွက်သွားသည်။
အဆောက်အဦးထဲသို့ ၀င်လိုက်၏။ ဆရာငြိမ်းကျော်သည် ကြမ်းပေါ်မှာ ဖျာကလေးခင်း ၀မ်းလျားမှောက်ပြီး ရင်ဘတ်အောက်မှာ ခေါင်းအုံးကလေး ခုလျက် စာရေးနေသည်။
“အစ်ကိုကြီး”
မော့ကြည့်ပြီး အံ့သြသွား၏။
ပြီးမှ “ ဟာ ....ဟေ့ကောင် မင်းလာလည်တာ မဟုတ်လား”
ထထိုင်ရင်း မေးသည်။
“အံမယ် ကျွန်တော် လာလည်ရုံသက်သက်ပဲဆိုတာ ဘယ်လိုသိလဲ”
“ သိတာပေါ့ကွ၊ မင်းကိုယ်က လူစော်နံနေသေးတာကိုး။ တို့ဆီက ပုဂ္ဂိုလ်တွေမှာ ကိုယ်နံ့ လုံးဝမရှိဘူးကွ ”
“အစ်ကိုကြီး ဘာတွေရေးနေတာလဲ”
“ဟိုမှာတုန်းက မပြီးပြတ်သေးတာလေး ဆက်လုပ်နေတာပါကွာ၊ ပျူခေတ်ဂီတအကြောင်း သုတေသနစာတမ်းလေ၊ ဒါနဲ့ မင်း အတူးဆီရော ရောက်သေးရဲ့လား” သူ့ဇနီးကို သတိတရ မေးသည်။
“အရင်ကတော့ ဆွမ်းကျွေးရှိတိုင်း ရောက်ပါတယ်၊ ခုနောက်ပိုင်း မရောက်ဖြစ်တာ နည်းနည်းကြာသွားပြီ”
“ဒီရောက်တော့ မင်းအဖေဆီ သွားပြီးပြီလား ”
“မသွားရသေးဘူး၊ အစ်ကိုကြီးဆီ အရင်ဆုံးဝင်လာတာ”
“ဒီအချိန်သွားလဲ မင်းအဖေ နိုးမှာ မဟုတ်သေးဘူး”
“အဖေဒီမှာနေရတာ အဆင်ပြေရဲ့လား”
“ပြေပါ့ဗျာ၊ မင်းအဖေက သူ့ရဲ့ ရေးဖော်ရေးဖက်တွေနဲ့ ပြန်တွေ့နေလို့ ဟန်ကျနေတယ်၊ ဆရာတင့်တယ်၊ ဆရာသန်းဆွေ၊ ဆရာအောင်လင်း၊ ဆရာသော်တာဆွေ၊ ဆရာစိန်ခင်မောင်ရီတို့လေ၊ ပဒေသာမဂ္ဂဇင်း ပြန်ထုတ်ဖို့တောင် ကျိတ်ပြီး တိုင်ပင်နေတယ် ကြားတယ်။ ခုလောလောဆယ် ရှုမ၀ မှာ ရေးနေကြတယ်ကွ”
“သြော် ရှုမ၀ကလဲ ပြန်ထွက်နေတာကိုး၊ ဦးလေးဆွေနဲ့ ဦးလေးကျော် ပြန်ဆုံကြပြီပေါ့”
“အစစ်ပဲ၊ ရှုမ၀ ဦးကျော်က ဆရာသော်တာဆွေကို ကိုရင့်စက်ကွင်းက လွတ်ပြီဆိုပြီး ၀မ်းသာနေတာ၊ အခုတော့ ကိုရင်ဟာ ဒီအထိလိုက်လာပြီး ကျုပ်ကို ဒုက္ခပေးဦးမလားဆိုပြီး ခဏခဏ ပြောတယ်တဲ့ ”
“ဦးလေးဆွေက ဦးလေးကျော်ကို စိတ်တိုအောင် အမြဲ စ နေ နောက်နေကျကိုး”
မျောက်လူက ရယ်ရင်းပြေသည် ။ ဆက်၍ “ ဒါနဲ့ ဦးလေးကိုတင်အောင်ကော ”
“ဆရာ ဗန်းမော်တင်အောင်လား၊ သူကတော့ ဒီမှာ ဖေးဗရိတ်ပဲလေ၊ အားလုံးက ချစ်ကြခင်ကြ၊ လေးစားကြတယ် မဟုတ်လား၊ မင်းအဖေဆိုရင် သူ့ကို ခဏခဏဖိတ်ပြီး စကားတွေ ထိုင်ပြောလိုက်ကြတာ တစ်ခါတစ်ခါ သုံးလေးရက်တောင် ကြာတတ်တယ်”
“ဆရာမြရော၊ ဒီကို ရောက်လာပြီ မဟုတ်လား”
“အေးလေ၊ ရောက်လာလို့ ကြိုဆိုပွဲတောင် အကြီးအကျယ်လုပ်ကြသေးတယ် ”
“ဆရာမြသန်းတင့်နဲ့လဲ တွေ့ချင်သေးတယ်”
“သူမရှိဘူး၊ ခရီးသွားနေတယ်”
“ဟင်...ရောက်တာမှ မကြာသေးဘူး”
“ဆရာမြ အကြောင်းမင်းသိသားပဲ၊ ခရီးသွားရတာကို သိပ် ၀ါသနာပါတာ မဟုတ်လား၊ ဒီကြားထဲ အလုပ်မရှိရင် မနေတတ်တဲ့ ဆရာမင်းကျော်ရယ်၊ ငြိမ်နေရင် မအီမသာဖြစ်တတ်တဲ့ ဆရာမောင်နေ၀င်းရယ်နဲ့ ပေါင်းမိတော့ နတ်ပြည်ခြောက်ထပ်တစ်ခွင် ပြဲပြဲစင်အောင် လေ့လာရေးခရီး ထွက်နေကြလေရဲ့ကွာ”
“နင်ရောက်တယ်လို့ ဇောင်းထက်ပြောလို့ လာခဲ့တာ” ဟု ပြောသည်။ ရုတ်တရက်မမှတ်မိ။ သေသေချာချာကြည့်တော့မှ
“ဟင် အစ်မ၊ ကြည့်စမ်း ရုတ်တရက် မမှတ်မိဘူး၊ အသားတွေဖြူပြီး ပိုချောလာတယ် ”
“သူကား ဆရာမ မိုးမိုး(အင်းလျား) ပင်တည်း။
“နင် အဲလို မြှောက်ပင့်ပြောရင် ငါလန့်တယ်၊ ဆရာကောက်လှိုင်းပြောလို့ ငါသိပြီးပြီ၊ နင်က စာရေးဆရာတွေကို ဇတ်ကောင်လုပ်ပြီး ပေါက်ကရ ရေးနေတယ်ဆို”
“စာပေးသမားတွေကို ပျော်စေချင်လို့ပါဗျာ”
“ငါ့ကိုတော့ ချမ်းသာပေးပါဟယ် ၊ နင်ရေးချင်ရင် မစန္ဒာအကြောင်း များများရေး”
“ဒါတော့ စိတ်ချပါ”
“ဟဲ့၊ သူက စာ သိပ်မရေးတော့ဘူးဆို”
“ဟုတ်တယ်၊ ဆောက်လုပ်ရေးဘက်မှာ အလုပ်များနေလို့ မအားဘူး”
“ဟယ်...တိုက်တွေဆောက်တာ ဘယ်သူဆောက်ဆောက် ရပါတယ်။ စာက လူတိုင်းရေးနိုင်တာ မဟုတ်ဘူး”
“ဟာ..ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်မကြီး စန္ဒာနဲ့ တွေ့ရင် အဲဒါပြောပြရမယ်”
“ကဲ..ငါလဲ သွားဦးမှ ၊ တွေ့ချင်လို့သာ ၀င်လာတာ၊ သွားစရာရှိသေးတယ် ၊ ဒီနေ့ ဆွေးနွေးပွဲရှိတယ်၊ သတင်းစာပညာ အကြောင်းကို ဆရာသိန်းဖေမြင့်ရယ်၊ ဆရာဦးညိုမြရယ်၊ ဆရာလူထု ဦးလှရယ်က ဦးဆောင် ဆွေးနွေးကြမှာ”
“ကျွန်တော်လဲ နားထောင်ချင်လိုက်တာ”
“ မရဘူးဟ၊ ကြိုတင် စာရင်းပေးထားတဲ့လူမှ၊ တက်ခွင့်ရတာ၊ ကိုငြိမ်းကျော်ရော မတက်ဘူးလား၊”
“လာခဲ့မယ်၊ ဒီကောင့်ကို သူ့အဖေဆီ လိုက်ပို့ပေးလိုက်ဦးမယ်”
ဆရာမ မိုးမိုးအင်းလျားထွက်သွားပြီးနောက် ဆရာငြိမ်းကျော်က သူ၏ပန်းရထားဖြင့် ဆရာကြီးများနေထိုင်ရာ အရပ်သို့ လိုက်ပို့ပေးသည်။ သွားရင်းက ဗိမာန်ကြီးများကို ညွှန်ပြပြီး “ ဒါက ဆရာကြီး မဟာဆွေရဲ့ ဗိမာန်၊ ဟိုဘက်က ဆရာကြီး ရန်အောင်နေတာပေါ့” စသည်ြ့ဖင့် ညွှန်ပြသွား၏။
ဆရာကြီးများနေသော နေရာမှာ မြို့တော်၏ ဆိတ်ငြိမ်အေးချမ်းသော နေရာဖြစ်သည်။ သစ်ပင်အုပ်များကြားတွင် လျှိုမြောင် စိမ့်စမ်းများဖြင့် အလွန်သာယာသည်။ ကျောက်စိမ်းတောင် တောင်ကုန်းများပေါ်တွင်မှ ရွှေမှုန်၊ငွေမှုန်များ က ရေတံခွန်လို စီးကျနေသည်။ သစ်ပင်များပေါ်တွင် တစ်ခါမှမမြင်ဖူးသော ပုံသဏ္ဌာန်မျိုးစုံရှိသည်။ ရောင်စုံပန်းများ ဖူးပွင့်နေသည်။
“ကဲ.. ရောက်ပြီ၊ ဟောဒါက ဆရာသာဓု ရဲ့ ဗိမာန်ပဲ”
အဖေ့ဗိမာန်ကို သူ့အကြိုက်မီးခိုရောင် သုတ်ထားသည်။ ပုံသဏ္ဌာန်က သူ၏စာသဘင် စာအုပ်တိုက် တံဆိပ်လို စာအုပ်ပုံပါဝင်သော ကျောက်တိုင်ကြီးထောင်ထားသည့် အတိုင်းဖြစ်၏။
“တံခါး ပိတ်ထားတယ်ကွ၊ မနိုးသေးဘူး ထင်တယ်”
ထိုစဉ် တစ်ဖက်မှ လှမ်းအော်သံ ကြားရသည်။
“ဟေ့ ဘယ်သူတွေလဲကွ၊ ဒီအချိန် သာဓု မနိုးသေးဘူးဆိုတာ မသိဘူးလား”
အသံကြားရာကို လှမ်းကြည့်လိုက်တော့ ဆရာ သော်တာဆွေ
“ဟာ ... ဦးလေးဆွေ”
“ဟယ်...ခွေးပစ်တဲ့ တုတ်ပါလား၊ ဘယ်က ဘယ်လို ရောက်လာတာလဲ”
ခေါ်နေကျအတိုင်း နှုတ်ဆက်သည်။
“ကျွန်တော် ခဏလာလည်ရင်း အဖေ့ဆီလာတာ”
“ဟ..ကိုယ့်အဖေအကြောင်း ကိုယ်မသိဘူးလား၊ ဒီကောင်က ဇီးကွက်လိုပဲ၊ လူတွေအိပ်တဲ့အချိန် အလုပ်လုပ်ပြီး သူများတွေ နိုးရင် သူက အိပ်ရော၊ ကဲ..လာလာ ငါနဲ့ စကားလေး ဘာလေးပြောရင်း စောင့်ပေါ့ကွာ”
ဆရာသော်တာဆွေဘက် ကူးလာခဲ့သည်။ သူ၏ ဗိမာန်ကတော့ ပုံဆန်းဆန်းဖြစ်၏။ ပုလင်းတစ်လုံး ထောင်ထားသည့်ပုံဖြစ်ပြီး ထိပ်မှာ ကြက်နှစ်ကောင် ခွပ်နေပုံ ရုပ်ထုကို တပ်ထားသည်။
“ ဟို လူပိန်သလောက် အသံပြဲတဲ့ကောင် ၊ မင်းလည်း လာလေကွာ”
ဆရာငြိမ်းကျော်ကို လှမ်းခေါ်သည်။
“ကျွန်တော် သတင်းစာ ပညာဆွေးနွေးပွဲ သွားမလို့ဆရာ၊ မ၀င်တော့ဘူး၊ ဒီကောင်ကို လိုက်ပို့တာ”ဟု ပြောပြီး ဆရာငြိမ်းကျော် ထွက်သွားသည်။
“ လာကွာ ၊ ဒီမှာပဲ ထိုင်တော့”
အပြင်ဘက်ရှိ ကျောက်သားထိုင်ခုံမှာ ထိုင်ခိုင်းသည်။ ကျောက်စားပွဲ ၀ိုင်းကြီးဘေးမှာ ထိုင်ခုံကလေးတွေ ခင်းထားခြင်းဖြစ်၏။ ကျောက်သားဆိုသော်လည်း ထိုင်ချလိုက်သော အခါ အိအိစက်စက် နွေးနွေးထွေးထွေး ရှိလေသည်။
“ကဲ ၊ မင်းက ဧည့်သည်ဆိုတော့ ငါကပဲ ဧည့်ခံရမှာပေါ့ကွာ”
ဆိုပြီး ဆရာသော်တာဆွေက ကျောက်စားပွဲအောက်မှ ပုလင်းတစ်လုံးကို ထုတ်ပြီး စားပွဲပေါ်တင်သည်။
“ ဟာ ..ဦးလေး ကျွန်တော် မသောက်ဘူး”
“လုပ်မနေစမ်းပါနဲ့ကွာ၊ မင်း ခွက်ပုန်းဆိုတာ ငါသိပါတယ်၊ ငါနဲ့ ညောင်တုန်းဟောပြောပွဲ လိုက်လာတုန်းကတောင် တစ်ခွက်တစ်ဖလား ၀င်နှိပ်သေးတာပဲ မဟုတ်လား”
“ ကျွန်တော် အခုမသောက်တော့....”
“ဘာလဲ၊ မင်းအဖေသိမှာ ကြောက်လို့လား၊ ကိစ္စမရှိပါဘူးကွ၊ ဒီဟာက လုံးဝအနံ့မထွက်ဘူး၊ မင်းတို့ဆီက ဟာတွေလို မှတ်နေလို့လား၊ ဒါ စပါယ်ရှယ်ကွ၊ ဟိုမှာ ဒါမျိုးမရဘူး၊ ကြုံတုန်းကြုံခိုက် ချသွားစမ်းပါ၊ လူ့ပြည်ပြန်ရောက်တဲ့အခါ ကိုပိုက်တို့ ကြွားလို့ ရတာပေါ့။”
ဒါမျိုးက ကြုံရခဲသည်။ အခွင့်အရေး ရတုန်း မြည်းစမ်းကြည့်သင့်သည်။ ဟိုပြန်ရောက်တဲ့အခါ မင်းခိုင်ဦးတို့၊ နောင်ဝင်းထွန်းတို့ကို ပြန်ပြောလျှင် ဘယ်လောက်မနာလိုဖြစ်လိုက်ကြမလဲလို့။ ကာတွန်းဝင်းအောင်တို့၊ စောမင်းဝေတို့၊ ဆွေမင်း (ဓနုဖြူ)တို့ ဆိုလျှင်တော့ သူတို့အတွက် မယူလာရ ကောင်းလားဆိုပြီး စိတ်ကောက်ချင်ကောက်ကြလိမ့်မည်။
ဆရာသော်တာဆွေက ကျောက်စိမ်းနှင့် ပြုလုပ်ထားသည်ဟု ယူဆရသော ခွက်နှစ်ခွက်ထဲသို့ ငှဲ့ထည့်လိုက်သည်။
“ကဲ..ချကွာ”
သူက ခွက်ကို ယူကြည့်လိုက်၏။ ခွက်ထဲမှာ အရည်များ မဟုတ်ပဲ အခိုးအငွေ့များ ဖြစ်နေ၏။
“ဒါက ဘယ်လိုဖြစ်တာလဲ ဦးလေးရဲ့”
“တို့ ဒေ၀တာတွေဟာ အငွေ့ကိုပဲ စားသုံးကြတယ်လေကွာ”
“ဒါဖြင့် ကျွန်တော်က ဘယ်လို”
“လွယ်ပါတယ်၊ အဲဒီ အငွေ့တွေကို ဆေးလိပ်သောက်သလို ရှိုက်သွင်းလိုက်ပေါ့.၊ ဒီမှာကြည့်”
ဆရာသော်တာဆွေက လုပ်ပြသည်။သူလည်း လိုက်လုပ်၏။ ခွက်ထဲက အခိုးအငွေ့များကို ပါးစပ်နှင့် စုပ်ယူပြီး ဆေးလိပ်မီးခိုးကို ရှိုက်သွင်းသလို ရှိုက်လိုက်သည်။
အနံ့က အလွန်မွှေးကြိုင်သည်။ ရှိန်းခနဲ ဖိန်းကနဲ ဖြစ်သွားပြီး ခဏအကြာမှာ အလွန်ထူးခြားသော ခံစားမှုကို ရလိုက်၏။
“ဘယ်လိုလဲကွ”
“တော်တော် ကောင်းတာပဲ ဦးလေး၊ ဒါနဲ့ ဦးလေးကို ကျွန်တော် တစ်ခုမေးရဦးမယ်၊ စာရေးဆရာတွေ ကွယ်လွန်ရင် ကောင်းရာ သုဂတိကို ရောက်ကြတာပဲလား”
“ဒါပေါ့ကွ၊ စာရေးဆရာဆိုတာ ကိုယ်က လူပင်ပန်း စိတ်ပင်ပန်းဆင်းရဲခံပြီး အများအတွက် ဆောင်ရွက်ကြတာကိုး၊ ပရဟိတ စိတ်ရှိတဲ့ လူတွေပဲလေကွာ”
ထိုအခိုက် လမ်းမကြီးပေါ်မှ မြင်းဖြူကြီးတစ်ကောင်ကို အသားကျစီးလာသော လူကြီးတစ်ယောက်ကို လှမ်းမြင်လိုက်ရ၏။ သူသည် အရပ်မြင့်မြင့် ကြံ့ခိုင်သော မေးရိုးရှိပြီး မျက်နှာထားက ဣနြေ္ဒကြီးလှသည်။ ဆေးတံခဲထားသည်ကို မြင်တော့မှ
“ဟာ...ဆရာကြီး ရွှေဥဒေါင်း မဟုတ်လား”
“အေး ဟုတ်တယ်ကွ၊ ၀ှက်ထား ၊ ၀ှက်ထား”
ဆိုပြီး ပုလင်းနှင့် ခွက်ကို စားပွဲအောက် ၀ှက်ထားသည်။ ဆရာကြီး လွန်သွားမှ ပြန်တင်ပြီး
“ဦးကြီးက ဆရာကြီး မြမျိုးလွင်ဆီ သွားတာကွ၊ သူတို့ နှစ်ယောက် နေ့တိုင်း ဒိဌေဒိဌမတ္တံကျင့်စဉ် အကြောင်း ဆွေးနွေးကြတယ်၊ လက်တွေ့လည်း ကျင့်ကြတယ်”
ဆရာကြီး သွားရာဘက်သို့ လှမ်းကြည့်လိုက်၏။ ဆရာကြီး၏ မြင်းနောက်မှ ခွေးလေးတစ်ကောင် ပြေးလိုက်သွားတာ တွေ့လိုက်၏။
“ဦးလေး အဲဒီ ခွေးလေးက”
“ဆရာကြီးရဲ့ အချစ်တော် ဘော်ဘီလေကွာ”
“ကဲကဲ ချလိုက်ဦးကွ ဆိုပြီး တစ်ခွက် ထပ်ငှဲ့ပေးသည်။ အငွေ့များကို တစ်ရှိုက် ရှိုက်လိုက်ပြီးနောက် အဖေ့ဗိမာန်ဘက် လှမ်းကြည့်၏။ တံခါး ပိတ်ထားတုန်း။
“ဖေဖေနဲ့ ဦးလေးကော ရန်ဖြစ်ကြတုန်းပဲလား”
ဦးလေးဆွေက ရယ်လိုက်ပြီး
“ဘာပြောကောင်းမလဲကွာ၊ တကျက်ကျက်ပေါ့၊ ဒါပေမယ့် မင်းသိတဲ့အတိုင်း ငါတို့ သူငယ်ချင်းနှစ်ယောက်က ဒီနေ့ရန်ဖြစ်လိုက်၊ နောက်နေ့ကျတော့လည်း လည်ပင်းဖက်ပြီး ရယ်လိုက်မောလိုက်နဲ့ ငါတို့နှစ်ယောက် ရှိလို့ စိုစိုပြည်ပြည် ဖြစ်နေတာလို့ တင့်တယ်တို့ သန်းဆွေတို့ကတောင် ပြောသေးတယ်”
“အဖေကတော့ ဘုဂလန့် ကျတုန်းပဲလား”
“ထုံးစံအတိုင်းပေါ့၊ နတ်သဘင် အစည်းအဝေးကျရင် သိကြားမင်းကို ခွကျကျ မေးခွန်းတွေ ထထ မေးတတ်တယ်ကွ၊ ဟိုက ပြန်ရှင်းတာကျတော့ သူက မကြားလို့ ငါက အော်အော်ပြီး ပြန်ပြောရတယ်”
“ဟင် ကျွန်တော်ကြားဖူးတာက နတ်တွေဟာ ဒိဗ္ဗစက္ခုတယ်ဆို ၊ ဒါဆို ဒိဗ္ဗသောတ မရနိုင်ဘူးလား ”
“မင်းလဲ မင်းအဖေလိုပဲ၊ တော်တော် ကပ်သီးကတ်သပ် ပြောတတ်တယ်...ဟား....ဟား.....”
ပြိုင်တူ ရယ်လိုက်ကြပြီးနောက် ခွက်များကို မြှောက်၍ တစ်ရှိုက်ရှိုက်မည်ပြုစဉ် နောက်ဘက်က တစ်စုံတစ်ယောက်က ဆတ်ခနဲ လုယူသွား၏။ လန့်ပြီး လှည့်ကြည့်တော့ ....
“ ဟင်...ဖေဖေ”
အဖေသည် အလွန်ဒေါသထွက်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
“မင်း...မင်း ဘာလုပ်တာလဲ၊ ဒါ....”
ခွက်ကိုနမ်းကြည့် ၊ နှာခေါင်းရှုံ့ပြီး လွှင့်ပစ်လိုက်၏။ ထို့နောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရွယ်လိုက်စဉ်.....
“ဟာ...ဦးလေးဆွေ ကယ်ပါဦး”
ဆရာသော်တာဆွေ နောက်သို့ ပြေးဝင်လာပြီး အကာအကွယ်ယူလိုက်သည်။
“ဟေ့..ဟေ့...သိပ်ဒေါသ မကြီးနဲ့လေ၊ ငါ...ပြောပါရစေဦး”
ဆရာသော်တာဆွေက ဟန့်တားလိုက်ရာ အဖေက လက်ညှိုးငေါက်ငေါက်ထိုးပြီး......
“ဟဲ့...ငသော်တာ၊ နင်က ဘာကောင်လဲ၊ ငါ့သားတွေကို လူ့ပြည်မှာ တုန်းက အရက်တိုက်တာ အားမရသေးလို့ ဒီအထိခေါ်ပြီး တိုက်တာလား ဟဲ့၊ ကြက်သမားရဲ့.....”
“အောင်မာ၊ ဒီမှာ သာဓု နားထိုင်းရဲ့၊ နင့်သားတွေက သူတို့ဘာသာ တခြားမှာ သောက်တတ်လာပြီးမှ ငါနဲ့ လာတွဲတာဟဲ့၊ ရမ်းမပြောနဲ့၊ အခု လဲ နင် သောက်အိပ်ကြီးနေလို့ ငါက အကောင်းဧည့်ခံထားရတာ”
“ဘာမှ စကားရှည်မနေနဲ့ ဖယ်ပေး၊ ဟေ့ကောင် ....ထွက်ခဲ့”
အဖေက ရှေ့တိုးလာသည်။ ဆရာသော်တာဆွေက ဆီးကာထားပြီး
“ဟေ့ကောင်လေး ပြေးတော့....ပြေးတော့လေ”
သူ လှစ်ခနဲ လည့်ပြီးပြေးသည်။ ပြီးမှ သတိရသည်။ အဖေနှင့်တွေ့ခွင့်ရဖို့ဆိုတာ ရှားရှားပါးပါးအခွင့်အရေး။ ရိုက်ချင်ရိုက် ၊ ထိုးချင်ထိုးစေတော့ ဆိုပြီး ပြန်လှည့်လိုက်၏။
ဆရာသော်တာဆွေက အဖေ့ကို ရှင်းပြနေ၏။
“ ဒီမှာ သာဓုရဲ့၊ ဒါ အရက်မဟုတ် ပါဘူးဟ၊ မဉ္ဇူသက အသက်ရှည်ဆေးပါ၊ ဒီကို ရောက်ကတည်းက ငါမသောက်တော့ဘူးဆိုတာ နင် သိသားပဲ မဟုတ်လား၊ အခုဟာက နင်ဒေါသဖြစ်တာ မြင်ချင်လို့ တမင်တကာ အရက်သောက်ချင်ယောင် ဆောင်ပြီး နင့်ကို စတာပါ ..ဟား.....ဟား....”
ဆရာသော်တာဆွေက ရယ်သည်။ အဖေက ဘုကြည့်ကြည့်၏။ ထို့နောက် သူ့ဘက်လှည့်ကြည့်သည်။် သူသည် အဖေ့ရှေ့မှာ ဒူးတုပ်ထိုင်ချလိုက်ပြီး ကန်တော့သည်။ ပြီးတော့ ဆရာသော်တာဆွေကိုပါ ကန်တော့သည်။ ပြန်မော့ကြည့်လိုက်တော့....
အဖေသည် လက်သီးဆုပ်ထားရာမှ ဖြေလျော့လိုက်သည်။ မျက်နှာပေါ်မှ တင်းမာမှုတွေလည်း ပျောက်သွား၏။ ဆရာသော်တာဆွေက ပြုံးကြည့်နေသည်။ အဖေက မေးသည်။
“မင်းအမေ နေကောင်းလား”
“ဟုတ်ကဲ့ ကောင်းပါတယ်”
“ဟိုကောင်တွေရော....”
“ကောင်းပါတယ်”
“မင်းတို့ မိန်းမနဲ့ ကလေးတွေရော..”
“ကောင်းပါတယ်”
“ဒါဆို ပြီးရော”
ဆိုပြီး လှည့်ထွက်သွား၏။ ခမ်းလှမ်းလှမ်းရောက်မှ တစ်ချက်ငဲ့ကြည့်ပြီး...”
“မင်း ပြန်တော့၊ မင်းအနေနဲ့ ဒီကိုရာက်ဖို့ အချိန်တွေ အများကြီး လိုသေးတယ်၊ အေး...တစ်ချိန်ချိန် ဒီလိုမြင့်မြတ်တဲ့ နေရာမျိုးကို ရောက်ချင်ရင် စာဖတ်ပရိတ်သတ်ကို ငါ့ကိုယ်စား ရိုရိုသေသေ လေးလေးစားစား စေတနာထားတတ်ရမယ်...ဒါပဲ”
“ဟုတ်ကဲ့ပါ ဖေဖေ”
ထိုစဉ် ပတ်ဝန်းကျင် တစ်ခုလုံး အခိုးငွေ့များ ဖုံးလွှမ်းသွား၏။ဘာကိုမှ မမြင်ရတော့၊ “ ပြန်ချင်ရင် လာထားလို့ အောလိုက်” ဆိုသော ဇောင်းထက်၏စကားကို သတိရ၏။
“လာထား ၊ လာထား ၊ လာထား”
ဟု အော်လိုက်သည်။
“ဟော သတိရပြီထင်တယ်”
မီးခိုးငွေ့များ ပြယ်စ ပြုလာသည်။ မြင်ကွင်းသည် တစ်စတစ်စ ကြည်လင်လာ၏။ တစ်စုံတစ်ယောက်က လက်ကို လာကိုင်သည်။ မျက်စိ ဖွင့်ကြည့်လိုက်၏။ သူ့မိန်းမ မျက်နှာကို မြင်ရသည်။ ပြီးတော့ နားကြပ်ကိုလည်ပင်းမှာ ဆိုင်းထားသော ဆရာဝန်တစ်ယောက်။ သူ ဆေးရုံပေါ်ရောက်နေခြင်း ဖြစ်၏။
“ကျွန်တော် ဘာဖြစ်သွားတာလဲ”
သူကမေးသည်၊ ဆရာဝန်က.....
“ခင်ဗျားကို စာရေးဆရာတွေ ၀ိုင်းပြီး ကလိထိုးကြလို့..အူအတွက်လွန်ပြီး အာရုံကြော ထိခိုက်သွားတာပါ”
“ထူးထူးဆန်းဆန်း ဆရာရယ်၊ အူအတက်ပေါက်တယ်ပဲ ကြားဖူးတယ်၊ အူအတက်လွန်တယ်လို့များ....”
“အခု ကောင်းသွားပါပြီဗျ”
သူ့မိန်းမက ၀င်ပြောပြန်သည်။
“သူ သတိလစ်နေတုန်းက သူ့ကို ကလိဝိုင်းထိုးကြတဲ့ စာရေးဆရာတွေ၊ ဆရာမတွေ လာကြသေးတယ်၊ စားစရာ သောက်စရာတွေ ပေးသွားကြတာ အများကြီးပဲ”
“သြော်...ဟုတ်လား ၊ ငါက အဖေတို့ဆီ သွားလည်နေတာ”
မိန်းမမျက်လုံး အနည်းငယ် ပြုးသွား၏။ ဆရာဝန်ကို အဓိပ္ပါယ်ပါပါ မော့ကြည့်သည်။ ဆရာဝန်က...
“ခင်ဗျား အေးအေးဆေးဆေး အနားယူလိုက်ပါဦး၊ ကျွန်တော် ဆေးတစ်လုံးထိုးပေးမယ်” ဟု ပြောသည်။ သူက
“ကျွန်တော် အခုရောက်နေတာ ဘာဆေးရုံလဲဟင်”
“ဦးနှောက်နဲ့ အာရုံကြော အထူးကုဆေးရုံလေ”
ဆရာဝန်က ဆေးတစ်လုံးထိုးပေးသည်။ ခဏအကြာတွင် သူပြန် အိပ်ပျော်သွားလေ၏။ အိမ်မက် ထပ်မက်မလား မမက်ဘူးလားဆိုတာတော့ တပ်အပ် မပြောနိုင်။
(ကွယ်လွန်လေပြီးသော စာရေးဆရာကြီးများကို အမှတ်တရရှိကြစေရန် အလွမ်းပြေ ရေးလိုက်ခြင်းဖြစ်ပါသည်။)
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ သြဂုတ်လ ၁၉၉၉)
မင်းလူ။
ပညတ်ချက်တွေထဲက ၁၄ရက်နေ့
လူမိုက်တွေမွေးဖွားလာခဲ့တဲ့နေ့။
သူတော်ကောင်းတွေ သွေးမြေကျတဲ့နေ့။
လိင်ကွဲတွေ တိတ်တခိုးပေါင်းဖက်တဲ့နေ့။
စာချုပ်မလို မဟုတ်တာ အကုန်လုပ်တဲ့နေ့။
မုန်တိုင်းတွေထန်ခဲ့ဖူးတယ်၊ စုန်ရေတွေ ဆန်ခဲ့ဖူးတယ်။
ထောင်ကလွတ်တဲ့သူတွေရဲ့နေ့၊ ထောင်ထဲဝင်သူတွေရဲ့နေ့။
အိမ်ထောင်ကျတဲ့နေ့၊ အိမ်ထောင်ကွဲတဲ့နေ့။
ဘဏ်ဓါးပြတိုက်တဲ့နေ့၊ စိန်တုံးအခိုးခံရတဲ့နေ့။
အဖမ်းခံရတဲ့နေ့၊ ထောင်ဖေါက်ပြေးတဲ့နေ့။
ရဟန်းဝတ်တဲ့နေ၊ ရှင်လိင်ပြန်တဲ့နေ့။
အမေသေတဲ့နေ့၊ ညီမလေးစော်ကားခံရတဲ့နေ့။
- - - - - - - - - - - နေ့။
- - - - - - - - - - - နေ့။
- - - - - - - - - - - နေ့။
ထူးခြားချက်တွေ ရောပြွန်းနေတဲ့ ဘာမှ မထူးဆန်းတဲ့နေ့
ဒါကိုများ မနေ့က အစားတွေပဲပြန်စားပြီး အထူးအဆန်းလုပ်လို့။
အောက်ဆီဂျင်တွေ ထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် စားတဲ့အပင်တွေတောင် ညင်သာနေတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်ပြီး ၊ အောက်ဆီဂျင်ရှူတဲ့လူတွေကများ
အထူးအဆန်းလုပ်လို့ မူးရူးနေလိုက်ကြတာ
တဏှာမျက်လုံးတွေ ရာဂမီးဝင်းဝင်းတောက်လို့။
ပိုက်ဆံတွေ မီးရှို့ပြီး ၊သွားမည်းစေတဲ့ အစားတွေစားတာများ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့။
ဓါတ်ပုံကို ဂူးဂဲလ် ကနေ ယူပါသည်။
အံ့ဖွယ်ဇင်သို့
Friday, January 14, 2011 10:33 PM
ခေတ်ရေစီးကြောင်းဆိုတာ တစ်ချိန်တည်း
တစ်နေရာတည်း ရပ်တည်မနေဘူး။
အမြဲမပြတ် စီးဆင်းနေတဲ့ စာပေဆိုတာကလည်း
ခေတ်၏ ရောင်ပြန်ဟပ်ခြင်းမျိုးဖြစ်တဲ့အတွက်
ပုတ်သင်ညိုအရောင်ပြောင်းသလို၊
ခေတ်ပြောင်းသလို အရောင်လိုက်ပြောင်းနေတယ်။
ပါရဂူ ၏
အံ့ဘွယ်ဇင်သို့
“အံ့ဘွယ်ဇင်” ဆိုတဲ့မင်းနာမည်ကို ဘယ်သူပေးတာလဲ။ မင်းအဖေကပေးတာလား မင်းအမေက ပေးတာလား။ “ အံ့ဘယ်ဇင်” ဆိုတဲ့နာမည်ကို ကြားလိုက်ရုံနှင့် မင်းအဖေပေးတဲ့နာမည်ဆိုတာ သိသာထင်ရှားနေတယ်။ ဘာဖြစ်လို့လဲဆိုရင် မင်းအဖေက ကဗျာဆရာတစ်ယောက်ဖြစ်နေတယ် မဟုတ်လား။ ကဗျာဆရာ၊ စာရေးဆရာများဟာ စိတ်ကူးယဉ်တတ်ကြတယ်။ ကိုယ့်သားသမီးများကိုလည်း နာမည်လှလှလေး ပေးတတ်ကြတယ်။ ဒါပေမယ့် ယခုခေတ် တချို့မိန်းကလေးများ မှည့်ခေါ်ထားကြတဲ့ စကားလုံး လေးငါးလုံး တွဲပြီးမှည့်ခေါ်တဲ့ နာမည်မျိုးကိုတော့ ကဗျာဆရာများ၊ စာရေးဆရာများက သူတို့သားသမီးများကို မှည့်ခေါ်ကြမှာ မဟုတ်ဘူး။
အစဉ်အဆက်က စပြီး မကြားရဖူးတဲ့၊ မြန်မာမဆန်တဲ့ အနက်အဓိပ္ပါယ်လည်း ဆက်စပ်လို့မရတဲ့ ခေါ်ရင်လည်း လျှာခလုတ်တိုက်တဲ့ နာမည်အဆန်းများကိုတော့ ရိုးရိုးလူတွေ ရွှေဥာဏ်တော်ကွန့်မြူးပြီး မှည့်ခေါ်ထားကြတာ ဖြစ်လိမ့်မယ်။ ကိုယ့်သားသမီးအမည်နာမကို ခပ်ဆန်းဆန်းမှည့်တဲ့ စာရေးဆရာများ ထဲမှာ “မင်းကျော်”လည်းပါတယ်။မင်းကျော် သူ့သားနံမည်ကို “အံ့ဘွယ်ကျော်” လို့ပေးထားတယ်။ မင်းနာမည်က “အံ့ဘွယ်” နဲ့ မင်းကျော်၏သားနံမည်က “အံ့ဘွယ်” နှစ်ခုထဲက ဘယ်အံ့ဘွယ်က ရှေးကျသလဲ။ မင်းက မင်းကျော်သားထက် ငယ်မှာဖြစ်တဲ့အတွက် မင်းကနောက်ကျလိမ့်မယ် ထင်တယ်။ မိမိသားရဲ့ နံမည်ကို ခပ်ဆန်းဆန်းမှည့်တဲ့ စာရေးဆရာတစ်ယောက်ရှိသေးတယ် ။ စာရေးဆရာ နတ်နွယ် ကလည်း သူ့သားနံမည်ကို “ ပုန်ကန်နွယ် ” လို့ မှည့်ထားတယ်။ ဒါပေမယ့် တစ်ချို့စာရေးဆရာ ကဗျာဆရာများကတော့ သူတို့သားသမီးများ၏ အမည်ကို ရိုးရိုး၊ တုံးတုံး၊ တိတိကြီး မှည့်ခေါ်ထား ကြတယ်။ ဖိုးခွေး၊ဖိုးဝ၊မောင်ပိန်၊သာဒွန်းအောင် စတဲ့ တုံးတုံးတိတိရိုးရိုး နာမည်များ၊ မိမိတို့ သားသမီးများကို ခေါ်တဲ့ စာရေးဆရာ ကဗျာဆရာတစ်ချို့ရဲ့ နှုတ်ဖျားမှာ ရောက်နေတာကိုလည်း တွေ့ရတယ်။
မြန်မာစာပေ သမိုင်းမှာ ကဗျာ၊ ၀တ္ထု ၊ ကျမ်းစာအုပ်ပေါင်း ရာချီပြီး ရေးသားခဲ့တဲ့ စာပေပညာရှင်ကြီး တစ်ယောက်ဟာ နှစ်ယောက်တည်းသာ ရှိတဲ့ သူ့သားနဲ့ သမီးကို နာမည်မှည့်တဲ့နေ့မှာတော့ အလွန်တရာ စကားလုံး ဆင်းရဲနွမ်းပါးနေတာကို တွေ့ရတယ်။ အဲဒီစာပေ ပညာရှင် စာရေးဆရာကြီး ကတော့ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးဖြစ်တယ်။ ဆရာဦးမောင်ကြီးက သူ၏ တစ်ဦးတည်းသော သားကို တင်ဦးလို့ နာမည်မှည့်ပြီး သူ၏တစ်ဦးတည်းသော သမီးကိုလည်း သားနဲ့ နာမည်တူ မတင်ဦးလို့ နာမည် မှည့်ထားတယ်။
ဝေါဟာရ စကားလုံးအလွန်ကြွယ်ဝတဲ့ ကဗျာဆရာ၊စာရေးဆရာ၊စာပေပညာရှင်ကြီး၊ သူ၏ သားနဲ့သမီးကို “တင်ဦး” လို့ စကားတစ်လုံးတည်းမှည့်ထားခြင်းမှာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးမှာ တစ်မျိုးတစ်မည် ထူးခြားတဲ့ အတွေးအခေါ် မရှိဘဲနေမှာမဟုတ်ဘူး။ သားနဲ့ သမီးကို နာမည်မှည့်ခေါ်တဲ့နေရာမှာ ဘယ်လိုထူးခြားတဲ့ အတွေးအခေါ်ရှိတယ်ဆိုတာ ထုတ်ဖေါ်မပြောပြခဲ့တဲ့အတွက် မသိကြဘူး။ ဒါပေမယ့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးနှင့် ရပ်တူရွာတူ ဒေသတူ မုံရွာသား စာရေးဆရာ “ ဘ၀င်း ” ကတော့ လယ်တီပဏ္ဍိတ ဦးမောင်ကြီးဟာ သူ့သားနဲ့သမီး နာမည်မှည့်တဲ့နေရာမှာ စကားလုံးအလွန်တရာ ဆင်းရဲနွမ်းပါးတယ်လို့ ပြောခဲ့ဖူးတယ်။ သူ့အတွေးအခေါ်ကလည်း တစ်မျိုးပဲ။ “ အံဘွယ်ဇင် ” ဆိုတဲ့ မင်းနာမည်ကို အကြောင်းပြုပြီး စာရေးဆရာ၊ ကဗျာဆရာတွေ နာမည်မှည့်ပုံကို တောင်တွေး၊ မြောက်တွေး လျှောက်တွေးကြည့်တာဖြစ်တယ်။
မင်းနာမည် လိပ်မူပြီး ယခုပေးတဲ့စာထဲမှာ ရေးလိုတဲ့အဓိက အကြောင်းကတော့ မင်းအဖေက ကဗျာဆရာ တစ်ဦးဖြစ်နေတဲ့အတွက် ကဗျာအကြောင်းပဲဖြစ်သင့်တယ်လို့ယူဆပြီး ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ မင်းတို့လူငယ်တွေ နားလည်အောင်ပြောပြ ရမှာ ဖြစ်တယ်။
ကဗျာဟာ မြန်မာစာပေဗိမာန်ကြီး၏ အုတ်မြစ်၊ ဖောင်ဒေးရှင်းလို့ခေါ်ရင် ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစာပေလောက စတင်ပေါ်ပေါက်လာတာ ကဗျာအဖွဲ့အနွဲ့များက စတင်တယ်လို့ ဆိုရလိမ့်မယ်။ မြန်မာစာပေလောက၏ အရုဏ်ဦးခေတ်ဖြစ်တဲ့ အင်းဝခေတ်ကို ပြန်ပြောင်းကြည့်ပါ။ အင်းဝခေတ်မှာ မြန်မာစာပေရဲ့ အုတ်မြစ်သို့မဟုတ် ဖောင်ဒေးရှင်းလို့ ခေါ်ရမယ့် ပျို့ကဗျာအလင်္ကာတွေ ဘယ်လောက်ရေးဖွဲ့ခဲ့သလဲ။ အင်းဝခေတ်မှာ စတင်ခဲ့တဲ့ ပျို့ကဗျာလင်္ကာပေါ်မှာ အခြေခံပြီး နောက်ပိုင်းခေတ်မှာ ကဗျာနဲ့စကားပြေ ရောနှောထားတဲ့ မြန်မာစာပေ သစ်ပင်ကြီးဟာ ယခုထက်ထိ အညွန့်တလူလူနှင့် ရှိလာခဲ့တယ်။ ဒါပေမယ့် ခေတ်ရေစီးကြောင်းဆိုတာ တစ်ချိန်တည်း တစ်နေရာထဲမှာ ရပ်တည်မနေဘူး။ အမြဲမပြတ်စီးဆင်းနေတယ်။စာပေဆိုတာကလည်း ခေတ်၏ ရောင်ပြန် ဟပ်ခြင်းတစ်မျိုးဖြစ်တဲ့အတွက် ပုတ်သင်ညိုအရောင်ပြောင်းသလို၊ ခေတ်ပြောင်းသလို အရောင်လိုက်ပြောင်းနေတယ်။ စာပေနှင့်ပတ်သက်လို့ ရေးဟန်တို့ အယူအဆတို့ဆိုတာ တစ်ခေတ်နဲ့ တစ်ခေတ်မတူဘူး။ ခေတ်ပြောင်းသလို စာပေအယူအဆ ရေးဟန်များလည်း လိုက်ပြောင်းနေတယ်။ ပြောင်းနေတဲ့ ခေတ်ကိုလှမ်းဆွဲထားလို့မရသလိုပဲ တစ်ခေတ်က စာပေရေးဟန်မျိုး၊ စာပေအယူအဆမျိုးကို အသေကိုင်ထားလို့ မဖြစ်ဘူး။
ယခုမင်းကို လိပ်မူပြီးရေးတဲ့ ယခုစာဟာ ကဗျာအကြောင်းကိုအဓိက ထားပြီးရေးတဲ့စာဖြစ်တဲ့အတွက် ကဗျာနဲ့ ပတ်သတ်ပြီးတော့ပဲ ပြောရလိမ့်မယ်။ကဗျာရေးပုံ၊ ကဗျာတွေးပုံကလည်း ရှေးခေတ်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာတယ်။ ရှေးခေတ်က ကဗျာလင်္ကာဖွဲ့နွဲ့တဲ့ နေရာမှာ စကားလုံးကို ဦးစားပေးပြီး ဖွဲ့ဆိုကြတယ်။ ယခု ခေတ်သစ်မှာတော့ စကားလုံးကို ဒါလောက်အလေးအနက် မထားဘဲ အနက်အဓိပ္ပါယ်ကို ဦးစားပေးဖေါ်ပြလာကြတယ်။ ယခု ခေတ်သစ်ကဗျာ အဖွဲ့အနွဲ့တွေမှာ အဓိကထားတာ ကတော့ အတွေးအခေါ်ဖြစ်တယ်။ ကဗျာမှာ အတွေးအခေါ် ဆန်းသစ်ရမယ်။ သူတစ်ပါး မတွေးတဲ့ အတွေးအခေါ်မျိုးကို တွေးခေါ်ထားရမယ်။ အတွေးအခေါ်မပါပဲ အကြောင်းအရာ အဖြစ်အပျက်ကိုသာ ပုတီးစေ့တစ်စေ့စီ သီကုံးထားတဲ့ ပုလဲကုံးလို တန်းစီဖော်ပြထားတဲ့ ကဗျာမျိုးကို ယခု ခေတ်သစ်ကဗျာလောကမှာ အလေးအနက်မထားကြတော့ဘူး။ ဒါကြောင့် ကဗျာတစ်ပုဒ်၏ အတိမ်အနက်ကို သို့မဟုတ် အနိမ့်အမြင့်ကို ဆုံးဖြတ်တဲ့နေရာမှာ အတွေးအခေါ်ဘယ်လောက်ပါသလဲ၊ ပါတဲ့အတွေးအခေါ်ကလည်း ဘယ်လောက်ဆန်းသစ်သလဲ ၊ ဘယ်လောက်ပြည်သူ့ဘ၀နှင့် ဘယ်လောက် လူ့အဖွဲ့အစည်းနဲ့ ဟပ်မိသလဲဆိုတာတွေ ရှေ့တန်းရောက်လာလိမ့်မယ်။
မင်းအဖေက ကဗျာဆရာတစ်ယောက် ဖြစ်တဲ့အတွက် မင်းအဖေက မင်းကို စာတစ်စောင်ရေးပြီး အသိပညာတတ်နိုင်သမျှ ပေးပေးပါလို့ တစ်ဆင့်စကား မှာကြားလိုက်တဲ့အတွက် မင်းကို ကဗျာနဲ့ ပတ်သက်ပြီး ခပ်လွယ်လွယ် နားလည်အောင် ပြောပြလိုက်ရခြင်းဖြစ်ပါတယ်။
ပါရဂူ
တိတ်တိတ် ဆွေး.....
အမှတ်မထင် ဆုံတွေ့တာ
တစ်ကယ်တော့ ခဏတာလေးပါပဲ။
မြင်ခဏအတွေ့မှာ ဘ၀တစ်ကွေ့မမေ့နိုင်တာမို့။
သူက တစ်ဌာနေ ကိုယ်က တစ်ရွာတစ်ပြည်
ဝေးလို့နေလဲ ဆွေးနေဆဲမို့
မြင်စမ်းစေချင် ဒီရင်ခွင်။
ဖွင့်ပြောရင် မျက်ကွယ်ပြုမှာမို့
အမြစ်မတွယ်ခင် ပစ်ပယ်လိုက်ပါမယ့်
တစ်ကယ်ပါ ဝေးရာမှာ ဆွေးပါရစေ။
ပိုင်ဆိုင်သူ ဦးထားတဲ့နှလုံးသားကိုမှ
အနိုင်မယူချင် သမုဒယနဲ့အချစ်တွေက
အမြစ်မတွယ်ခင် ဝေးပါရစေတော့။
အဖြူရောင်နဲ့ စည်းခြားတဲ့ နှလုံးသားကို
ကျော်ချင်သူ ဒီမောင်ကိုသာ
အချစ်ဒဏ် သင့်တော့မှာပေါ့။
အချစ်ရဲ့ လောင်ကျွမ်းမှုနဲ့
အလွမ်းရဲ့ ပူဆွေးမှုယှဉ်လာခဲ့ရင်
အလွမ်းတွေကို ခုံမင်တတ်ခဲ့သူမို့။
ဒီတစ်ညတော့ ကွန်ပျူတာလေးပိတ်
တိတ်တိတ်သာ ဆွေးပါရစေတော့....။
ကျွန်တော် နှင့် ဖက်ဆစ်
နေ့စဉ် အလုပ်တွေထဲ မှာ စိတ်ညစ် စရာတွေအများကြီး နဲ့အလုပ်တွေကလဲ ပုံနေ တာပဲ။သို့ပါသော် လည်း လဲ ရယ်ရခက် ငိုရခက် ကြုံရတာတွေကြောင့် အလုပ်လုပ် ရတာ အူကြောင်ကြောင်တော့ နိုင်သားလား။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ဝန် ဆောင်မှုက အဝေးရောက် ရွှေမြန်မာတွေ ရဲ့ ပင်ပန်းတစ်ကြီးရှာဖွေထားတဲ့ ချွေးနည်းစာလေး တွေကို သူတို့ရဲ့မိသားစုဆီ အရောက်ပို့ပေးဖို့ ကူညီဆောင်ရွက်ပေးတာပါ။ ကျွန်တော် တာဝန်ကျတာ ကတော့ ကျွန်တော်တို့ဆီကို လူကိုယ်တိုင် လာရောက်စရာ မလိုပဲ အဝေးကနေ ပဲ သူတို့ရဲ့ ပိုက်ဆံကို ရွှေပြည်ကြီးက မိသားစုတွေဆီရောက်အောင် ပို့ပေးတဲ့ ဌာန ပါ။
ကျွန်တော်တို့ရဲ့ ဘဏ် အကောင့်ထဲ သူတို့ပိုက်ဆံကို ထည့် ..... ပြီးရင် သူတို့ရဲ့ ဘဏ်သွင်း စလစ်ကို ကျွန်တော့်တို့ဆီ ဖက်စ် ဒါမှ မဟုတ် အီးမေးလ် ပို့ပေး ။ ကျွန်တော်တို့က လိုအပ်တာတွေ စစ်ဆေး အားလုံးမှန်ကန်ပြီဆိုရင် ရွှေပြည်ကြီးမှာ နေတဲ့ သူတို့ မိသားစုတွေဆီကို အမြန်ဆုံး ရောက်အောင် ၀န်ဆောင်မှု ပေးပါတယ်။ အဲဒီမှာ ကြုံရ တာတွေကတော့ ဖက်စ်(fax)ပို့ပေးပါဆိုရင်......
“ဟမ် ... ဘယ်လို ဖက်ဆစ်..”
“အာ မဟုတ်ဘူး အစ်ကို၊ ဖက်စ် ဖက်စ် .... ဖက်စ်ပို့တာလေ သိလား”
“ ဟမ် ..အဲဒါ မသိဘူး လေ”
ကျွန်တော်လဲ စဉ်းစားကြည့်တယ် ဒီလူတွေ ဖက်စ်ကိုတောင် မသိပဲ နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်ကြတာ အဆင်ပြေနေတာ ဘယ်လိုလဲ မသိဘူး လို့ တစ်ခါ တစ်ခါ ကိုယ့်ဘာသာ စဉ်းစားကြည့်မိတယ်။အဲဒီတော့ ...
“ခင်ဗျား သူဌေးရှိလား သူ့ကိုပြောပေးမယ်”
လို့ပြောလိုက်တယ်။ လာပါပြီ သူဌေး သူလဲ အဲဒီ ဖက်စ် ဆိုတာကြီးကို မသိဘူးတဲ့ဗျာ ။ ကောင်းရော။ နောက်ဆုံးတော့ တစ်ရက်နှစ်ရက် လောက်စောင့်ပြီး သူ့တို့ပိုက်ဆံကိုယ့်ဆီ ၀င်တာသေချာပြီဆိုမှ လိုအပ်တဲ့ အချက်အလက်တွေမေးပြီး ကိုရွှေမြန်မာတို့၏ မိသားစုများရှိရာ ပြည်မြန်မာသို့ မနှေးအမြန်ပို့ပေးရတာပေါ့။ ဒါပေမယ့် သူတို့ ပေးပို့တဲ့ ငွေပမာဏ ကလဲ မနည်းမနောဗျ။ တစ်ခါတစ်လေကြတော့ လဲ ဒါထက်ဆိုးတာတွေ ရှိသေးတယ်။
“အေး .. ဦးမိုးယံ လား” ခေါ်နေတဲ့လူရဲ့ အသံက ကလေး ရှစ်ယောက်အဖေရဲ့ အသံမျိုး နဲ့။
“ဟုတ်ပါတယ် ခင်ဗျာ မိုးယံပါ”
“ ငါငွေပို့လိုက်တာ ရောက်လား”
“ခင်ဗျာ”
ကျွန်တော် တော်တော်လေး စဉ်းစားရ ကျပ်သွားတယ်။ သူတို့စိတ်ထဲမှာတော့ သူတို့တစ်ယောက်စ နှစ်ယေက်စ လောက်ကိုပဲ လုပ်ပေး နေတယ်လို့များ ထင်နေသလား မသိ၊ကျွန်တော်တို့ ဆီမှာက အဲဒီဝန်ဆောင်မှုမျိုး (လူမမြင် အသံကြား)နဲ့ ဆောင်ရွက်ပေးရတာဆိုတော့ အားလုံးသော လူတွေက ဘဏ်ထဲပိုက်ဆံထည့်၊ ပြီးရင် ဖက်စ်ပို့ ၊ ပြီးရင် ဖုန်းခေါ်ပြီး ကျွန်တော် ဘဏ်စာရွက်ပို့လိုက်ပါတယ် ငွေပမာဏက ဘယ်လောက်ပါ။ လက်ခံ မည့် သူက ဘယ်သူဖြစ်ပါတယ် အဲဒီလိုတွေ ပြောမှ လက်ခံထားတဲ့စာရွက်တွေထဲကရှာ ပြီးတော့သေချာကြည့်ပြီး သူပြောတဲ့ အချက်အလက်နဲ့ စာရွက်တွေ့မှ၊ ကိုယ်လိုအပ်တဲ့ အချက်အလက်တွေ တိုက်ဆိုင်မှ ဟုတ်ကဲ့ရပါပြီ အစ်ကို ၊ လက်ခံမည့်သူက ဘယ်သူနော် ၊ ဟုတ်ကဲ့ ကျွန်တော် ပို့ပေးလိုက်ပါမယ် ၊ နောက်နှစ်ရက်လောက် နေရင် အစ်ကိုတို့ အိမ်မှာ ရသွားပါလိမ့်မယ် ခင်ဗျာ အဲလိုပြောပြီး လုပ်ပေးရတာပါ။
အခုသူက “အေး ငါငွေပို့လိုက်တာရောက်လား” ဆိုတော့ လူက ဘာပြန်ပြော ရမှန်းတောင် မသိတော့ .......
“ အစ်ကို ပို့လိုက်တာ ဘယ်လောက်လဲ”
“ လင်းဂစ် ၅၀၀၀ လေ”
“အော် ဟုတ်ကဲ့ ခဏလေး အစ်ကို ကျွန်တော်ကြည့်ပေးမယ်”
ပြောပြီး ဖက်စ် ဆီကိုပြေး သူပြောတဲ့ ငွေပမာဏ ကိုရှာ၊ လဆန်းတဲ့ ရက်များမှာဆို (လစာထုတ်ပြီးချိန်မို့) လူတွေကများတော့ ဖက်စ် စာရွက်တွေက တစ်နေ့ကို လေးရာ ငါးရာကျော်ကျော် ရှိတယ်။ဒါတောင်မှ တစ်စောင်ကို လေး ငါး ဆယ်ယောက် ပေါင်းပို့တဲ့ စာရွက်တွေက နှစ်ရာကျော်လောက် ပါသေးတာ။ ဆယ့်လေးငါးမိနစ် အတွင်း မှာပဲ ၀င်ထားတဲ့ ဖက်စ်စာရွက်တွေက ဆယ်ရွက် ကျော် ။ အဲဒီထဲမှာလဲ စာရွက်တွေက မထင်မရှားတွေရော ၊ ဖတ်လို့ မရတဲ့ လက်ရေးတွေနဲ့ မြန်မာလို ရေးထားတာ တွေရော ရှုပ်ရှက်ကို ခပ်နေတာပဲ ။ အဲဒါနဲ့ သူကိုပြန်မေးရတယ် “အစ်ကို ဘယ်အချိန်က ပို့ထားလဲ ခင်ဗျာ” အချိန်သိရရင်တောင် ရှာရလွယ်တယ်လေ ၊ ကျွန်တော်တို့က ဖုန်းဆက်ပြီး အတည်ပြုပြီးတဲ့ စာရင်း မပြီးသေးတဲ့ စာရင်းတွေကို သူ့နေရာနဲ့သူ ခွဲထားတော့ အတည်မပြုရသေးတဲ့ စာရင်းတွေမှာလဲ မရှိ၊ လတ်တစ်လော လက်ခံထားတဲ့ ဖက်စ်ရဲ့ ရှေ့မှာလဲ မတွေ့မှမတွေ့တာကိုး ။
အဲဒီတော့မှ ကိုယ်တော်မောင်က အာလေးလျှာလေးနဲ့ (အရက်မူးနေတဲ့ပုံစံမျိုးနဲ့) “သူဌေးက ပို့တယ်ပြောတယ် ” ကျွန်တော်တို့က သူကိုယ်တိုင်ပို့ ပြီးမေးနေတယ် မှတ်တာ။ လက်စသတ်တော့ သူ့သူဌေးက ပို့တာကိုး ဒီနိုင်ငံက သူဌေးတွေ ဆိုတာလဲ မြန်မာ အလုပ်သမားအပေါ် စေတနာထားတယ်ဆိုတာ ခပ်ရှားရှားပဲ။ လုပ်အားခ သက်သာတာရယ် ၊ ခိုင်းကောင်း တာတွေ ရယ်ကြောင့် သူတို့ကို လုပ်ခပေးထားရုံပါ။ တစ်ချို့ ကောင်းတဲ့သူဌေးများလဲ ကြုံဖူးပါတယ်၊ တစ်ကယ့် မိသားစုဝင် လို ကောင်းတာပါ။ သူဌေးဆိုတာ မျိုးက သူ့အလုပ်နဲ့ သူ အလုပ်များချင်ယောင် ဆောင်နေတာနဲ့ မပို့ရသေးတာများတယ်။ အဲဒီတော့မှ “ အစ်ကို သူဌေးကို ပြန်ပြောပါဦး၊ သူဌေးမပို့သေးဘူး” “ သူဌေးက ပို့ပြီးပြီလို့ပြောတယ်” “အာ မဟုတ်ဘူး အစ်ကို ဒီမှာကျွန်တော်တို့ လက်ခံ မရသေးဘူး၊ သူဌေးကို ပြန်ပို့ခိုင်းပေးပါ” အဲဒီတော့မှ “အေး ဟုတ်လား ၊ ဒါဆို သူဌေးကို ဖက်ဆစ် ပြန်ထိုး ခိုင်းမယ်” ဆိုပြီး နောက်မိနစ် နှစ်ဆယ်လောက်ကျ ပြန်ဆက် ပြန်ရော။ သူဌေးက “ပို့ပြီးပြီပြောတယ်”တဲ့။ တစ်ကယ်တော့ သူ့ပိုက်ဆံ ကျွန်တော်တို့ဆီမှာ မရောက်သေးတာတော့ အသေချာပဲ။နောက်သူတွေကလည်း ထူးမခြားနားပါပဲဗျာ။ သူဌေးဆီကို သူပြန်မေးပြီး ၊ သူဌေးက မပို့ရသေးမှန်းသိရင် လည်း ဒီဘက်ကို ပြန်မပြောဘူး။ နောက်နေ့မနက် ရုံးတောင် မဖွင့်သေးဘူး ပြန်ဆက်ပြန်ရော။ “ အေး သူဌေး ပို့လိုက်တာ ငါ့ပိုက်ဆံရောက်လား ” သူနဲ့ ကျွန်တော်နဲ့ က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေလဲ မဟုတ် ၊ နေ့စဉ် ကျွန်တော်တို့နဲ့ အလုပ်လုပ်နေတာလဲ မဟုတ် ။ သူတို့ကို ကိုယ်က ဘယ်လို သိမှာလဲ ၊ ဘယ်သူမှန်းလဲ မသိ ၊ ဖုန်းဆက်တယ်ဆိုတာက လဲ သူတို့ အခုလို ကိစ္စ ရှိမှာ ဆက်တာလေ သူတို့ အသံကို ဘယ်လို မှတ်မိ နိုင်မတုန်း တစ်နေ့ တစ်နေ့ လူပေါင်း သုံးရာ လေးရာ က ဖုန်း ငါးလုံးကို ၀ိုင်းဆက်နေကြတာ ၊ ဘယ်လို မှတ်မိ နိုင် မတုန်း ၊ ကျွန်တော်က ဘယ်သူပါ မနေ့က ဖုန်းဆက်တယ်လေ ၊ ငွေ ၅၀၀၀ ကိစ္စ ၊ ဘာညာ ဒီလောက် ပြန်ပြောရင် တောင် မဆိုးလှဘူး။
နောက်ရှိသေးတယ် ။ အဲဒါကတော့ အိမ်ကို ပိုက်ဆံပို့ပေးရတဲ့ ဇတ်လမ်းပေါ့။ ဒီဘက်က ငွေပို့ချင်သူက မြန်မာပြည်က သူ့မိန်းမ ဆီကို ။ကျွန်တော်တို့ လက်ခံထားတဲ့ ငွေပမာဏကို သူပေးထားတဲ့ လိပ်စာအတိုင်း သူ့အိမ်ကို သွားပို့ အဲဒီသူပြောတဲ့ အမျိုးသမီးကို မတွေ့ဘူး။ မိန်းမကြီး တစ်ယောက် နဲ့တွေ့တယ် ။ အဲဒါ နဲ့သူက အဲဒီပိုက်ဆံကို လက်ခံထားလိုက်တယ် ၊ လက်ခံရရှိကြောင်း လက်မှတ်တွေ ဘာတွေထိုးပေးသေးတယ်။ သန်းခေါင်စာရင်းတွေ ဘာတွေတောင် ထုတ် ပြသေးတာ ။ငွေပို့သူဟာ သူ့သားပါလို့ ပြောတယ်။ ကျွန်တော်တို့ ရန်ကုန်ရုံးက ၀န်ထမ်းတွေကလဲ ငွေပို့သူနံမည် နဲ့ တိုက်ဆိုင် စစ်ဆေးပြီး ငွေပမာဏ အတိအကျ ပေးခဲ့ပါတယ်။ မကြာပါ ဘူးဗျာ။ နောက် သုံးရက်လောက် ကြာတော့ ငွေပို့တဲ့သူက ဖုန်းဆက်လာတယ် သူ့အိမ်ကို ပိုက်ဆံ မရောက်သေးဘူးတဲ့ ။ ကျွန်တော်တို့လည်း ချက်ချင်း ရန်ကုန်ကို ဖုန်းဆက် ၊ အဲဒီ စာရင်းကို အမြန်ရောက်အောင် ပို့ပေးပါ ၊ အရေးကြီးတယ် ။ အဲလိုတွေပြောလိုက်တော့ ရန်ကုန်ဖက်က စာရင်းတွေ ပြန်စစ် ကြည့်ပြီး အကြောင်းပြန် လာတယ် ။ အဲဒီစာရင်းရှင်ရဲ့ ပိုက်ဆံကို မနေ့ကတည်းက ပို့ပြီးပါပြီတဲ့။ အဲဒါနဲ့ အဲဒီလူကို ဖုန်းပြန်ဆက်ပြီးပြော ။ ဒါနဲ့ အဲဒီလူက ငြိမ်သွားတယ်။
နောက်တစ်နေ့ မနက် ရုံးဖွင့်ချိန်ပဲ ရှိသေးတယ်။ တစ်ဂွမ်ဂွမ်နဲ့ ဖုန်းမြည်လို့ ကောက်ကိုင် လိုက်တော့မှ “ ခင်ဗျားတို့ ဘယ်လို လုပ်တာလဲဗျ ၊ ခင်ဗျားတို့နဲ့ ယုံကြည်လို့ လုပ်တာ ခင်ဗျားတို့ အဲလို မလိမ်နဲ့လေ၊ ခင်ဗျားတို့ ကျွန်တော့်ကို ဘာကောင်မှတ်နေလဲ” ကျွန်တော်လဲ စဉ်းစားတယ် ငါ့ကို ဖုန်းဆက် နေတာ လူသံပါလို့။ အဲဒါနဲ့ “ ဟုတ်ကဲ့ အခုပြောနေတာ ဘယ်သူလဲ ခင်ဗျာ ၊ ကျွန်တော်ဘာကူညီနိုင်မလဲ” “ခင်ဗျားတို့ မနေ့က ပြောတုန်းကတော့ ကျွန်တော့်အိမ်ကို ပိုက်ဆံပို့လိုက်ပြီဆို” အဲဒီတော့ မှ သေချာအောင် ပြန်မေးရသေးတယ်။ “ မနေ့က ဖုန်းဆက်တဲ့ ကို ------ လား ၊” “ဟုတ်ပါတယ်” အာ ။ “အဲဒီ စာရင်းကို ကျွန်တော်ပို့ပေးလိုက်ပါပြီဗျာ၊ မနေ့က အစ်ကို့ကို သေချာပြောတယ်လေ” “အေး ဒါဆို အခု ငါအိမ်ကို ဖုန်းဆက်တော့ ဘာလို့မရသေးတာလဲ” အဲဒီလူ နည်းနည်းတော့ အပြောအဆိုပါ ရိုင်းလာပါတော့တယ် ။
“သေချာပါတယ် အစ်ကို မနေ့က အစ်ကို ကွန်ပလိန်းတက်လို့ ကျွန်တော် ရန်ကုန်ကို လှမ်းမေးပေး ထားတာပါ ၊ ဒါပေမယ့် ခင်ဗျားသိအောင် တော့ ပြောထားလိုက်မယ်၊ ကျွန်တော်တို့ လိမ်တယ် ဆိုတဲ့ စကားကိုတော့ ခင်ဗျား ဆင်ခြင်ပါ” ကိုယ်လည်း နည်းနည်းတော့ ပြန်ရိုင်းရတာပေါ့။ ကိုယ့် မဟုတ်ပဲ အသားလွတ် စွပ်စွဲတာကိုး ။ “ကောင်းပြီခင်ဗျား ကို ခင်ဗျား အိမ်က လက်ခံရရှိကြောင်း လက်မှတ်ထိုးထားတဲ့ ပြေစာ ကျွန်တော် တောင်းပေးမယ်”
နောက်တစ်နေ့ ညနေ သုံးနာရီ။ ထိုသူ့ ထံမှ ဖုန်းဆက်လာသည်။ “ခင်ဗျားတို့ ဆီက လက်ခံပြေစာဆိုတာ ရပြီလား” “ဟုတ်ကဲ့ ရပါပြီခင်ဗျာ ၊ ကျွန်တော် ဘယ်ကိုပို့ပေးရမလဲ ” “ကျွန်တော့်မှာ ဂျီမေးလ်ရှိပါတယ် အဲဒီကိုပို့ပေးပါ” “ဟုတ်ကဲ့” အဲဒါနဲ့ ငွေလက်ခံပို့ပေးလိုက်တယ်။ အဲဒီတော့မှ ထိုသူက လည်း ခဏကြာတော့ ဖုန်းပြန်ဆက်တယ် “ဒါကတော့ ကျွန်တော့်အမေလက်မှတ် အစစ်ပဲဗျ ”ဒါနဲ့ ကျွန်တော် အိမ်ကိုဖုန်းဆက် တုန်းက ပိုက်ဆံမရောက်သေးဘူးပဲ ပြောနေတယ်” “ဒါကတော့ အစ်ကိုတို့ အပိုင်းပဲလေဗျာ” ဒါနဲ့ ထိုသူလဲ အေးဆေးဖြစ်သွားတယ်။ နောက်တစ်နေ့ မှ သူဖုန်းဆက်လာသေးတယ် ၊ ကျွန်တော်က ဘာကွိုင်ပြန် ပြီလဲဆိုပြီး လန့်နေတာ။ သူကကျေးဇူးတင်ကြောင်း သူ့အမေက လက်ခံထားပြီး သူ့မိန်းမကို အသိမပေးပဲ ထားတာဆိုတဲ့ အကြောင်း ။ သူတို့က ဟိုမှာ သပွတ်အူလုပ်နေ ဒီကလူတွေက ဖုန်းပြောရလွန်းလို့ နားတွေအူ ခေါင်းတွေပူ တစ်နေ့ အဲလို ပြဿနာ မျိုး နှစ်ခု သုံးခုလောက် သာရှင်းရရင်တော့ ..........။
ဒါထက်ဆိုးတာတွေ ရှိသေးတယ်ဗျ။ အလျင်းသင့်ရင် နောက်ထပ် ရေးပါဦးမယ်ဗျာ။ အခုတော့ တစ်စုံတစ်ယောက်က ရေးခိုင်လို့ ကျန်ခဲ့တဲ့ နှစ်လလောက်ကရေးထားတဲ့ ဒါလေးတင်ပေးလိုက်တာပါ ။ အသစ်လဲ မတင်တာကြာခဲ့တဲ့ ဒီနေရာကို အသစ်ရေးတယ်ပေါ့ဗျာ..။ လက်ညောင်းတယ်ဗျ။ ဘယ်သူမှ ရိုက်ပေးတာလဲ ဟုတ်ဘူး။(အထူးသဖြင့်ရေးခိုင်းတဲ့သူ(ကြောင်မျိုး)က ရိုက်ပေးတာလဲ ဟုတ်ပဲနဲ့)
ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ
ပျော်ရွှင်ဖွယ် နှစ်သစ်မှာ မင်္ဂလာ အပေါင်း ခညောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျာ..
စိတ်၏ငြိမ်းချမ်းခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ နှစ်သစ်ကို အောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ.....
လေထန်ဖုန်း
Thursday, December 23, 2010 1:27 AM
ကျွန်တော်သည် ၁၉၉၈ သြဂုတ်လထုတ် သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းထဲတွင် “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္ထုတစ်ပုဒ် ရေးခဲ့ပါသည်။ ကျွန်တော်ချစ်သော၊ခင်သော၊လေးစားသော စာပေနယ်သားများကို ဇတ်ကောင်များလုပ်၍ ကလူကျီစယ်ခဲပါသည်။ (ထို ၀တ္ထုကို သဘင်ဂျာနယ်တွင် ဆရာဆန်းထွန်းက ရုပ်ပြကာတွန်းအဖြစ် ထပ်ဆင့် တင်ဆက်ခဲ့ပါသေးသည်။)
ကျွန်တော်၏ရည်ရွယ်ချက်မှာ မတွေ့ဆုံဖြစ်တာကြာပြီဖြစ်သော ဆရာ ဆရာမများကို သတိရသောကြောင့် လည်း ဖြစ်၏။ စက္ကူဈေးတွေတက်၊ကုန်ကျစားရိတ်တွေကြီး၊ စာအုပ်တွေ အရောင်းကျသဖြင့် လေးလံထိုင်းမှိုင်း သုန်မှုန်နေသော စာပေလောကသားတို့ စိတ်ပြေလက်ပျောက်မချိပြုံးကလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေဆိုသော စေတနာလည်းဖြစ်၏။
ကျွန်တော့်ရည်ရွယ်ချက်သည် အထိုက်အလျောက်တော့ အောင်မြင်ပါသည်။ စာဖတ်ပရိသတ်များကကော ၀တ္ထုထဲ ပါဝင်သော ဇတ်ကောင်များကပါ သဘောကျနှစ်သက်ကြသည်ဟု အယ်ဒီတာ ဆရာကောက် က ပြောပါသည်။ (တကယ်ဟုတ်မဟုတ်တော့ မသိပါ။ နောက်ကို စာမူတောင်းလို့ကောင်းအောင် လည်ဆယ်ခြင်းလည်း ဖြစ်နိုင်ပါသည်။)
ပြဿနာလုံးဝ မရှိတော့မဟုတ်။ နည်းနည်းပါးပါးတော့ မကျေနပ်သံလေးတွေ ထွက်လာခဲ့ပါသည်။ တခြား မဟုတ် တချို့စာရေးဆရာတွေက ၀တ္ထုထဲတွင် သူတို့အခန်းတွေ နည်းသည်ဟု ဆိုသည်။ တချို့ ကျတော့လည်း သူတို့လို နာမည်ကြီးတွေကို ဇတ်ပို့ဇတ်ရံလောက်သာ နေရာပေးသဖြင့် နည်းနည်း စိတ်ခုသွားကြသည်ဟု ကြားသိရပါသည်။
ဒါ့အပြင် တချို့က “ ဒီလောက် ခင်မင်နေတဲ့လူတွေ ဖြစ်လျက်နဲ့ ငါတို့ကျတော့ ဘာကြောင့်ထည့်မရေး ရသလဲ” ဟု မချိတင်ကဲပြောကြသည်။ စာရေးဆရာမလေး ဂျူးဆိုလျှင် ခရီးလွန်နေသဖြင့် စတိတ်ရှိုးပွဲတော် မနွဲပျော်လိုက်ရလေခြင်းဟု ယူကြုံးမရဖြစ်ပြီးလျှင် ပရိုဗီမင် အလုံးသုံးဆယ် တစ်ခါတည်းသောက်ချလိုက် သည်ဟု သတင်းကြားရပါသည်။ စာရေးဆရာမလေး မိုနိုဆန်းကလည်း “ ဒို့များ တက္ကသိုလ်မှာတုန်းက အလှဘုရင်မ ရွေးပွဲမဏာမ အဆင့်မှာ အရန်အဖြစ်အရွေးခံရဖူးပါတယ်။ အတန်းထဲမှာ မိန်းကလေး ဆယ်ယောက်ရှိတာ န၀မ ချိတ်ခဲ့တယ်လေ၊ဒို့ရဲ့ အဓိကပြိုင်ဖက် ခင်ဖြူက တုတ်ကွေးမိလို့ နှုတ်ထွက်သွား တာကိုး” ဟု ဖုန်းဆက်ပြီး လှမ်းပြောသည်။
နဂါးစာပေမှ ကိုထွန်းဦးကလည်း မန္တလေးမှ ဖုန်းလှမ်းဆက်ပြီး သူသည်လည်း စာပေလောကသားတစ်ဦး ဖြစ်ကြောင်း၊ အထက်မြန်မာနိုင်ငံ အတွက် စာနယ်ဇင်းများကို အကြီးအကျယ် ဖြန့်ဖြူးပေးနေသော နာမည်ကြီး တစ်ဦးဖြစ်ကြောင်း၊ တကယ်လို့ သီချင်းစာသားထဲ ထည့်စပ်ဖို့ အခက်အခဲရှိလျှင်တောင် “နဂါးဆွန်နား အခြားဟဲ” ဆိုတာလောက်တော့ ထည့်ပေးသင့်ကြောင်း အရေးဆိုလာ၏။
နောက်တစ်ခုကတော့ ပန်းချီဆရာများ၏ စောဒကတက်မှုပင် ဖြစ်၏။ ကျွန်တော်၏ ၀တ္ထုထဲတွင် စာရေးဆရာ၊ ကဗျာဆရာ ၊ ကာတွန်းဆရာ၊ အယ်ဒီတာတွေ စုံလင်သော်လည်း ပန်းချီဆရာများထဲမှ မမွှေး တစ်ယောက်သာ တစ်ခန်းလောက် ဖျတ်ခနဲပါခဲ့သည်။ ကျွန်တော်သည် ပန်းချီဆရာများနှင့် အတော်လုံးလုံး ထွေးထွေး နေခဲ့ဖူးသဖြင့် သူတို့ကို ၀တ္ထုထဲမှာ နေရာမပေးမိခြင်းအတွက် စိတ်မကောင်းဖြစ်ရပါသည်ဟု ဆိုပါသည်။
ထိုအကြောင်းကို ဖွင့်ဟပြောသူမှာ ဆရာမောင်ဒီဖြစ်၏။ သူနှင့်ကျွန်တော်မှာ ညီအစ်ကိုတမျှ ခင်မင်သူများ ဖြစ်၏။ ထို့ကြောင့်နောက်ဆက်တွဲ အဖြစ် ရေးသားဖော်ပြရမည်ဟု အကျပ်ကိုင်လေသည်။ တစ်ခုရှိတာ ဆရာဒီသည် ပန်းချီဆွဲရာမှာ သရုပ်မှန်ရော၊မော်ဒန်ပါ လက်ဖျားခါလောက် သူဖြစ်၏။ပညာမာနလည်း ကြီးသည်။ တော်ရုံလူကို အထင်မကြီးတတ်။ ကျွန်တော့်ကို ဆိုလျှင်လေးခွတစ်လက်နှင့် လျှောက်လက်တည့် စမ်းတတ်သော နွားကျောင်းသားလေလောက်သာ သဘောထားသူဖြစ်၏။ ထို့ကြောင့်.............
“မင်းရေးမယ်ဆိုရင် သီချင်းကိုတော့ ငါ့ဘာသာစပ်ထားတဲ့ ကိုယ်ပိုင် သီချင်းကိုပဲ သုံးမှရမယ်၊ မင်းကို စိတ်မချဘူး” ဆိုပြီး အသင့်ရေးလာသည့် သီချင်းစာရွက်ကို ပေးပါသည်။ ထိုသီချင်းမှာ..
“လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း လိုင်းလိုင်းလိုင်းလိုင် လိုင်လိုင်လိုင်လိုင်းလိုင်း
သင့်အတွက်တာ မောင်ဒီ၊ကဗျာရေးသည်၊နှစ်သက်စရာ ဂုဏ်ရည်၊ ရေးဆွဲတဲ့ ပန်းချီ၊ မောင်ဒီ ရင်ခုန်နေတဲ့ မောင်ဒီ၊ ပျိုနုနေဆဲ မောင်ဒီ ၊ လေညှင်းလေးတောင် တေးဖွဲ့လို့သီ မန်ကျည်းဖျော်ရည်”
“ဟင်... မန်ကျည်းဖျော်ရည်က ဘယ်လိုလုပ်ပါလာတာလဲ ဆရာဒီရဲ့” ဟု ကျွန်တော်က မေးလိုက်သော အခါ ဆရာဒီက
“ငါက မြစ်ခြေသားလေကွာ ၊ ဒါ့ကြောင့် အညာအငွေ့အသက်ပါအောင် ထည့်လိုက်တာ”
အော်.....ဒါကြောင့် မြန်မာပြည်မှာ ဆရာဒီရယ်လို့ နာမည် ကျော်ပေတာကိုး...။
နောက်ပြဿနာတစ်ခု ။ ထူးခြားသည့်ဇတ်လမ်း တစ်ပုဒ်တွေ့ပြီဆိုလျှင် အရင်ဦးအောင် လိုက်တတ်ကြသော ဗွီဒီယိုသမားများ၏ ထုံးစံအတိုင်း ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) ရောက်ရှိလာပြီး
“အဲဒီ ၀တ္ထုကို ဗွီဒီယိုရိုက်ချင်တယ်ဆရာ၊ ရိုက်ခွင့်ရမယ် ဆိုရင်တော့ ဗွီဒီယို လောကမှာ မှတ်တိုင်တစ်တိုင် စိုက်လိုက်နိုင်မှာပဲ” ဟု လာစည်းရုံးသည်။ ကျွန်တော်က မှတ်တိုင်စိုက်သော ကိစ္စမှာ လွယ်လွယ်လေးမဟုတ် ကြောင်း၊ စည်ပင်သာယာတို့၊ ခရီးသည် ပို့ဆောင်ရေး အဖွဲ့အစည်းတို့က ခွင့်ပြုဖို့လည်း လိုသေးကြောင်း ပြောပြီး ငြင်းလိုက်ရပါသည်။
သို့တိုင်အောင် လူပိန်သလောက် အသံပြဲသော မောင်ပြည့်ဝ သည် သူ့စိတ်ကူးကို လက်ဖက်ရည်ဆိုင် တွေမှာ အော်ကြီးဟစ်ကျယ် ပြောခဲ့သဖြင့် ထိုသတင်းက ပျံ့သွားသည်။
ထိုအခါ ကျွန်တော့်ထံသို့ မအိ ရောက်လာလေသည်။ စာပေ ကြော်ငြာ စတိတ်ရှိုးပွဲတော် ၀တ္ထုကို ဗွီဒီယို ရိုက်မည်ဟုသတင်းကြားကြောင်း၊ မိမိအနေနှင့်မူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ မိမိသည် မဟေသီ မဂ္ဂဇင်းမှာ ဆရာဟိန်းလတ်နှင့် အင်တာဗျူးလုပ်ပြီးကတည်းက ဗီဒီယိုရိုက်ဖို့မပြောနဲ့ ဓါတ်ပုံအရိုက်ခံဖို့တောင် အကြီးအကျယ်စိတ်ကုန်သွားကြောင်း၊ တစ်ခုတော့ တောင်းပန်လိုကြောင်း၊ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် မိမိနေရာတွင် အိန္ဒြာကျော်ဇင်ကို ထည့်သွင်းအသုံးပြုစေလိုကြောင်း တစ်နာရီလောက် ကြာအောင်ပြောသွားပါသည်။
ပန်းချီမမွှေးကျတော့ တစ်မျိုးဖြစ်၏ ။ ဗွီဒီယို ရိုက်ဖြစ်ခဲ့လျှင် သူ့နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင် တစ်ယောက်ကို အစားထိုးတာမျိုး ခွင့်မပြုနိုင်ကြောင်း ၊ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောလာပါသည်။
“ ဘာကြောင့်လဲဆိုတော့ ကျွန်မလဲ သရုပ်ဆောင်လိုင်းပြောင်းမလို့ ဆုံးဖြတ်ထားလို့ ၊ ပန်းချီ ရေးရတာ သိပ်မစားသာတော့ဘူး ”
“ ကောင်းပါတယ် ခင်ဗျား အရပ်အမောင်းက စိုးမြတ်နန္ဒာနဲ့ မတိမ်းမယိမ်းပဲ ” ဟု ကျွန်တော်က အလိုက်အထိုက် ပြောလိုက်ရာ သူ အားတက်သွားပြီး ......
“ ဟုတ်တယ် ၊ မောင်မျိုးမင်းကလည်း ဒီအတိုင်းပြောတယ် ၊ အခု သူရိုက်မယ့် ဗွီဒီယိုကားမှာတောင် ၀င်ပြီး သရုပ်ဆောင်ဖို့ သဘောတူပြီးသွားပြီ ၊ မမေ့ရက်ဘူး အချစ်ဦးရယ် ဆိုတဲ့ တရုတ်ကားကို ပြန်ရိုက်မှာလေ ”
“ ခင်ဗျားက ဘယ်နေရာမှာ သရုပ်ဆောင်မှာလဲ ”
“ ကျန်ကျောင်းတို့ အမေနေရာက ”
“ အင်း ကောင်းပါတယ် ၊ ခင်ဗျားနဲ့ လိုက်ပါတယ် ”
“ အမေနေရာဆိုပေမယ့် ဇတ်ရဲ့ အဓိက သရုပ်ဆောင်ပဲလေ ၊ ဇတ်ကားနံမည်ကိုတောင် ကံကောင်းလို့မသေ ကျန်ကျောင်းတို့ အမေလို့ ပေးထားတယ် ”
“ ဒါဆို ခင်ဗျားသားနေရာက ဘယ်သူ သရုပ်ဆောင်မှာလဲ ”
“ ပန်းချီ ကိုမျိုးမြင့် ”
“ ဟင်.... သူ့အရွယ်ကြီးနဲ့များ မင်းသားအဖြစ် သရုပ်ဆောင်မယ်ဆိုတော့ ကြည့်လည်း လုပ်ကြပါဦးဗျာ ”
“ ဒါကတော့ သူက ပရိုဂျူဆာကိုး အစ်ကိုရဲ့ ၊ သူကြိုက်တဲ့ ဇတ်ရုပ်နေရာ ယူမှာပေါ့ ”
“ သြော်...ဒီလိုလား ”
ပန်းချီကိုမျိုးမြင့်သည် ကျွန်တော်နှင့်လည်ပင်းဖက် ပေါင်းလာသော သူငယ်ချင်းဖြစ်၍ သူ့အကြောင်း ကောင်းကောင်းသိသည်။ သူ့အနေနှင့် မင်းသားလုပ်မည်ဆိုလျှင် လုပ်နိုင်သည့် အခြေအနေရှိသည်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်တတ်သည် ။ အသားကလည်း ဖြူသည်။ ရုပ်ရည်ကလည်း မဆိုးလှ ၊ ရုပ်မြင်သံကြားမှာ ပြသွားသည့် တစ်ရာ့တစ်ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဇတ်ကားထဲက ဂျပန်မင်းသားနှင့် ခပ်ဆင်ဆင် တူသည်။
သူသည် ဒီက ပန်းချီလောကမှာ ထိပ်တန်းအဆင့်ရောက်နေတာတောင် အားမရသေးပဲ စင်ကာပူမှာ အလုပ်သွားလုပ်နေသူ ဖြစ်၏။ ကျွန်တော်တို့ကတော့ မိသားစုရှေ့ရေး ၊ သူ့မိခင်အိုကြီးကို ပြုစုစောင့်ရှောက် နိုင်ရေးအတွက် စွန့်စွန့်စားစား သွားလုပ်တာပဲလိုဆိုပြီး ချီးကျူးမိသေးသည် ။
ခုမှပဲ သူ့အကြံကိုသိရတော့သည်။ လက်စသပ်တော့ သူက မင်းသားလုပ်ဖို့ အရင်းအနှီးရအောင် ငွေသွားရှာ တာကိုး။
“ ဒါဆို သူ့မိန်းမ မထားကကော မင်းသမီး လုပ်ဦးမှာလား ”
“ မထားက အဲဒီလောက် မကြောင်ပါဘူး ၊ ပါရမီဖြည့်ဘက် တစ်ယောက်အနေနဲ့သာ ပံ့ပိုးပေးမှာပါတဲ့ ။ သူ့ ယောက်ျား မင်းသားဖြစ်သွားပြီဆိုရင်တော့ စိတ်အေးရပါပြီတဲ့ ။ အဲဒီ အခါကျရင်တော့ စင်ကာပူက ကွမ်ရင်မယ်တော်ကျောင်းမှာ သီလရှင်ဘ၀နဲ့ပဲ အေးအေးချမ်းချမ်းနေပြီး အရိုးထုတ်တော့မယ်တဲ့ ”
“ သာဓုဗျာ ၊ သာဓု သာဓု ၊ ကိုမျိုးမြင့်တစ်ယောက် အောင်မြင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ ”
ဆရာမောင်ခိုင်မာတို့ ဇနီးမောင်နှံ ကျွန်တော့်အိမ်လာလည်မည်ဟု တယ်လီဖုန်းသတင်း ရလိုက်သော အခါ ကျွန်တော်အတော်ကလေး ပြာသွား၏။ ဆရာခိုင်ကို ၀တ္ထုထဲမှာ “ ရာသီတိုင်းမှာ မောင်ခိုင်မာ ” ဟု ရေးခဲ့သည်။ သူသည် နေမကောင်းဖြစ်နေတဲ့ကြားက တကူးတကန့်လာမှာဆိုတော့ အကောင်းတော့မဖြစ်နိုင် ။ ပြဿနာ ရှာဖို့လာခြင်းသာ ဖြစ်ရမည်။
သူစိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ ။ အပူတပြင်းစဉ်းစားပြီး လက်ထဲမှာ ပူပူနွေးနွေးရှိနေသေးသော သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှရသည့် စာမူခကလေးဖြင့် အားဆေးတစ်ပုလင်း အမြန်ပြေးဝယ်ထား ရပါသည်။
သူတို့လင်မယား ရောက်လာသောအခါ ပျာပျာသလဲ ဆီးကြိုရသည်။ အိမ်းဦးခန်းသို့ခေါ်သွားပြီး ပက်လက် ကုလားထိုင်မှာ ထိုင်ခိုင်းရသည်။ ပြီးတော့ ကြိုတင်စီစဉ်ထားသည့်အတိုင်း အရင်ဦးအောင် ပြောလိုက်ရ၏။
“ အစ်ကို နေမကောင်းဘူးတဲ့ သတင်းကြားပါတယ် ။ကျွန်တော်လဲ သတင်းလာမေးမလို့ပါပဲ၊ ဒါပေမယ့် အစ်ကိုရာ ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း ဘယ်လိုဖြစ်တယ် မပြောတတ်ဘူး။ အရမ်းချူချာတာပဲ၊ တုတ်ကွေးမိတယ်၊ နမိုးနီးယားဖြစ်တယ်၊သွားနာတယ်၊ခါးကိုက်တယ်၊ အဆစ်အမြစ်တောင် ယောင်ပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု သတိရသမျှ ရောဂါတွေ လျှောက်ပြောပြီး အပြစ်လွတ် အောင်ကြိုးစားကြည့်လိုက်၏ ။ ဆရာခိုင်သည် ရှူတည်တည်ကြီးလုပ်၍ နားထောင်နေရာမှ ဟိုက္ကူကဗျာ တစ်ပုဒ်ကို လက်တန်းစပ်ပြီး အသံနေအသံထားဖြင့် ကောက်ကာငင်ကာ ရွတ်ဆိုလိုက်လေ၏။
“ လူကြီးတွေ စော်ကား
ရောဂါဘယ ထူလို့ပွား
ဟေ့ကောင် မှတ်ပြီလား ”
ကျွန်တော်သည် “ ဟဲ ဟဲ အစ်ကိုကြီးကလဲ ” ဆိုပြီး သွားဖြီးလိုက်ရ၏ ။ သူ ထပ်ဆင့်နဘေ မထပ်နိုင်ခင်မှာပင် အားဆေးပုလင်းကို အလျင်အမြန်ထုတ်၍
“ အစ်ကို့အတွက် ကျွန်တော်ဝယ်ထားတာ ” ဆိုပြီး လက်ထဲ ထည့်ပေးလိုက်သည်။ သူသည် ကျွန်တော့်ကို သိပ်ယုံကြည်ဟန် မရှိသေး။ အားဆေးပုလင်းကို အစစ်ဟုတ်မဟုတ် ၊ အင်ထုထားခြင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေးပြီး ကျေနပ်သွားတော့မှ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပြီးတော့ ဟိုက္ကူ ကဗျာတစ်ပုဒ်ကို အသံနေအသံထားဖြင့် ရွတ်ဆိုပြန်၏။
“ လူပင်ငယ်သော်ငြား
ဆရာသမား သိတတ်သား
အပြစ်လွတ်စေဗျား” ဟု ဆိုပြီး မျက်နှာထားကိုပြင်ပြီး တဟားဟား ရယ်လေတော့သည်။
“ ဟဲ ဟဲ တော်တော် လန့်သွားသလားကွ ”
ဒီတော့မှ ကျွန်တော့်ကို အတည်ပေါက်နှင့် ခြောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။သူ၏ ရှင်မက ပြုံးတုံးတုံးလုပ်ရင်း ၀င်ပြောသည်။
“ တကယ်ဆိုရင် သူကတောင် မင်းကိုကျေးဇူးတင်ရဦးမယ်၊ သူ့မှာနေမကောင်းဖြစ်နေပြီးကတည်းက တမှိုင်မှိုင် အတွေတွေ မရယ်နိုင် ၊ မပြုံးနိုင်ဖြစ်နေတာကြာပြီ ၊ မင်းဝတ္ထုကိုဖတ်ပြီးတော့မှ လန်းလန်းဆန်းဆန်း ဖြစ်လာတာ ” ဟု ချီးကျူးလိုက်ပြီး ဆက်လက်၍
“ ၀တ္ထုထဲမှာ ချစ်ဦးညို မိန်းမ ပါလာတော့ တို့ကိုလဲ ဇတ်ကောင်လုပ်ပြီး ထည့်ရေးဦးမလားလို့ ရှာကြည့်ရ သေးတယ် ”
ရှင်မသည် ကဗျာဆရာကတော်ပီပီ ၀င်္က၀ုတ္တိလင်္ကာဖြင့် ပြောလိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် သိသည်။ သူဆိုလိုတာက ဆရာချစ်ဦးညို၏ ဖယောင်းတိုင်ကြီးတောင် ၀တ္ထုထဲပါသေးတာ ၊ သူ့လိုမျက်နှာဖုံးရှင် တစ်ယောက်အနေဖြင့် ဘာကြောင့်မပါရသနည်းဟု မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။ သူသည် ဆရာမောင်ခိုင်မာ၏ “ ရှင်မရေ ” ဆိုသော ကဗျာစာအုပ်မှ မျက်နှာဖုံးရှင် ဖြစ်နေတာကိုး။
“ ကျွန်တော်လဲ အစ်မကို ထည့်ရေးမလို့ပါပဲ ။ ဒါပေမယ့် အစ်မရဲ့ ဘော်ဒီဝိတ်နဲ့ဆိုရင် ကျမ်းလေးမှာစိုးလို့ ချန်ထားခဲ့ရတာပါ။ ဆရာခိုင်ရဲ့ ရှင်မ ကဗျာစာအုပ် မျက်နှာဖုံးမှာပါတုန်းကတောင် ရိုးရိုးဆယ့်ခြောက်ချိုး ဆိုက်နဲ့ မဆန့်လို့ ဆယ်ချိုးဆိုက်ကြီးပြောင်းရိုက်ရတယ် မဟုတ်လား ” ဟု ပြေရာပြေကြောင်း ပြောလိုက်ရ၏။
ထိုစဉ်မှာပင် ကျွန်တော်တို့ထိုင်နေသော အိမ်ဦးခန်းလေးသည် တသိမ့်သိမ့်လှုပ်လာသည်။ အလိုလိုကမှ အသည်းငယ်တတ်သော ဆရာခိုင်မှာ
“ ဟာ..ဟာ လုပ်ကြပါဦး ၊ ငလျင်လှုပ်တယ်ထင်တယ် ”
ဟု သူ့ရှင်မလက်ကို လှမ်းကိုင်ပြီး အလန့်တကြားပြေလိုက်သည်။ တကယ်တော့ ငလျင်လှုပ်တာ မဟုတ်ပါ ။ “ လည်ပင်းအထိ စောင်ခြုံထားတဲ့အခါမှာတော့ လှနေတုန်းပဲ ” ဟု တင်စားချီးမွန်းခဲ့ဖူးသော ကျွန်တော်၏ ချစ်ဇနီးသည် ဆရာခိုင့်အတွက် နို့ဖျော်ပြီးလာပို့ခြင်းသာ ဖြစ်ပါ၏။ ဆရာခိုင်၏ ရှင်မနှင့် ကျွန်တော်၏ လေဒီမင်းလူတို့သည် ဂျပန်နပမ်းသမားကြီးများ မျက်နှာချင်းဆိုင် တွေ့ဘိသကဲ့သို့ တစ်ဦးကို တစ်ဦး အကဲခတ်ကြပြီးမှ အသိအမှတ်ပြုသည့်အပြုံးဖြင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြ၏ ။
ဆရာခိုင်ကလည်း ကျွန်တော့်ဇနီးကို တစ်ချက်မော့ကြည့်ပြီးနောက် ခပ်သဲ့သဲ့ရယ်၍....
“ ဟင်း...ဟင်း.... မင်းကဗျာစာအုပ်ထုတ်တဲ့အခါကျရင်တော့ မဂ္ဂဇင်းဆိုက် ရိုက်ရလိမ့်မယ်ထင်တယ် ” ဟု ၀ိုက်လက်သီးတစ်လုံးနှင့် တုံ့ပြန်လိုက်လေ၏။
ဆရာခိုင်တို့ ပြန်သွားပြီးနောက် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ၀င်ရောက်လာသည်။ ကျွန်တော့် ၀တ္ထုထဲ ထည့်ရေးခဲ့သော ဆရာ ဆရာမ အများစုမှာ သူတော်ကောင်းများဖြစ်၍ ခန္တီပါရမီနှင့် ပြည့်စုံကြသော်လည်း သူတို့ထဲမှာ စုန်းပြူးတစ်ယောက်နှစ်ယောက်လောက် ရှိကောင်းရှိနိုင်သည်။
မတော်တဆ သူတို့ထဲမှ တစ်ယောက်ယောက်က ကျွန်တော့်ကိုဇတ်ကောင်လုပ်ပြီး မဟုတ်က ဟုတ်ကတွေ ပြန်ရေးလာလျှင် ခက်မည်။မြတ်ဆိုင်တို့ ၊ တာရာမင်းဝေတို့က ယုံရတာမဟုတ် ။ သူတို့ဦးနှောက်တွေကလည်း ကျွန်တော့်လိုပင် ပေါက်ကရအတွေးမျိုး ထွက်တတ်သည်။
ဒီလို စဉ်းစားမိသောအခါ “ မဖြစ်ချေဘူး ၊ သူတို့ကျေနပ်အောင် တစ်ခုခုတော့ လုပ်မှပဲ ” ဆိုပြီး မိမိကိုယ် မိမိ ပြန်နှိပ်ကွပ်သည့် ၀တ္ထုတစ်ပုဒ်ကို အောက်ပါအတိုင်း ရေးလိုက်ရပါသည်။(ကိုယ့်ဟာကိုယ် ရေးတာဆိုတော့ ဇတ်နာပြီး သနားအောင်ကြည့်လုပ်လို့ ရတာပေါ့လေ။)
****......****
ရုံးတော်၏ နောက်ဖက် သီးသန့်ခန်းလေးထဲတွင် သုခမိန်ကြီး ပေါင်စိန်သည် အ၀တ်အစားလဲနေသည်။ သူ၏ ဦးခေါင်းတစ်ဘက်တစ်ချက်တွင် တပ်ဆင်ထားသော အင်တာနာနှစ်ချောင်းကို နေသားတကျ ရှိမရှိ မှန်ထဲတွင် ကြည့်နေစဉ် ရုံးအပြင်ဘက်မှ ဗုံတီးသံများကို ကြားလိုက်ရ၏။ ထို့ကြောင့်ဘေးမှာ ရပ်နေသော ကုန်းစွန်းကို မေးလိုက်သည်။
“ အခု ဗုံတီးနေတာ ဘယ်သူလဲ ”
“မိုးဇော်ဗိုလ် ဖြစ်မှာပေါ့”
“တယ်...ဘာကြောင့် ပေါ့ပေါ့ဆဆပြောရတာလဲ ၊ သေချာအောင် သွားကြည့် ”
သုခမိန်ကြီးက ငေါက်လိုက်တော့မှ ကုန်စွန်းလည်း ခပ်သုတ်သုတ် ထွက်သွားသည်။ ခဏအကြာတွင် ပြန်ဝင်လာပြီး.....
“ ဟာ ...အများကြီးပဲ စာရေးဆရာတွေ ၊ စာရေးဆရာမတွေ ဗုံကို အလုအယက် တီးနေကြတာ ၊ ကုမ္ပဏီဖွင့်ပွဲမှာ လက်ဆောင်ပစ္စည်းဝေလို့ ၀ိုင်းလုနေကြတဲ့ အတိုင်းပဲ ”
“ သူတို့က ဘယ်သူ့ကို တရားစွဲချင်လို့တဲ့လဲ ”
“ ဟို... မျောက်ညီနောင် လေးဖော်ထဲက အငယ်ဆုံးကောင်ကို တရာစွဲချင်လို့တဲ့ ”
“ သြော စာပေနယ် ၊ ရုပ်ရှင်နယ်မှာ ခြေရှုပ်နေတဲ့ မျောက်ညီနောင် လေးဖော်လား ”
“ ဟုတ်ပါတယ် ”
“ ကဲ...ဒါဆို ကျန်စိန်ဝင်းကို တရားခံသွားဖမ်းခိုင်းလိုက် ၊ ပြီးရင် ရုံးဖွင့်မယ် ”
လေထန်ဖုန်းတရားရုံးတွင် လူစုံပြီ ၊ သုခမိန်ကြီး ပေါင်စိန် ၊ ကုန်းစွန် ၊ ကျန်စိန်ဝင်း ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ အားလုံးနေရာယူပြီး ကြပြီ ။ သုခမိန်ကြီးက ခေါင်းညိတ်လိုက်သောအခါ သူတို့ထဲတွင် အသံအပြီဆုံး ၊ အပြာဆုံးဖြစ်သည့် ၀မ်ခက.....
“ ရုံးတော်ဖွင့်ပြီ ” ဟု အော်လိုက်သည်။ (ဤနေရာတွင် တရုတ်ပြည်သူ့တရားရှင် ဇတ်လမ်းတွဲထဲကလို ရုံးအမှုထမ်းများက “ ၀ူ ...၀ယ် ” ဟု မအော်ကြပါ ။ သုခမိန်ကြီးမှာ အားကစား ၀ါသနာပါသူဖြစ်သဖြင့် အောက်ပါအတိုင်း အော်ဖို့အမိန့်ထုတ်ထားသောကြောင့် )
“ ဟာလေ ဟာလေး ဟားလေ ၊ ဟာလေ ဟာလေး ဟာလေး”
“ ကဲ ...တရားလိုတွေကို ဆင့်ခေါ်လိုက် ”
စာရေးဆရာ ၊ ဆရာမများ တန်းစီဝင်လာကြသည်။ ပေါင်စိန်ကြီးကို ဂါရ၀ပြုပြီးနောက် ဘေးတစ်ဘက်မှာ ကပ်ရပ်နေလိုက်ကြ၏။
“ တရားခံကို ခေါ်ခဲ့ ”
သုခမိန်ကြီးက အမိန့်ပေးလိုက်သောအခါ မျောက်ညီနောင်လေးဖော်ထဲက အငယ်ဆုံးဖြစ်သော တရားခံ မျောက်လူကို လက်မောင်းတစ်ဖက်တစ်ချက်ဆီမှ ချုပ်နှောင်ပြီးခေါ်လာသည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက် ခိုင်းလိုက်၏။
“ အခု ရုံးရှေ့မှာ ဒူးထောက်နေတာ ဘယ်သူလဲ ”
ဟုသုခမိန်ကြီးက မေးလိုက်၏။ တရားခံကမော့ကြည့်သည် ။ပြီးတော့ အံ့သြသွားသည်။ ထို့နောက် စပ်ဖြဲဖြဲ ဖြစ်လာ၏။ သုခမိန်ကြီးဆိုလို့ လန့်နေတာ လက်စသတ်တော့ ပေါင်စိန်ဆိုတာ အားကစား ဆောင်းပါးရှင် ဆရာစိန်မျိုးမြင့်ကြီးပါလားဟု သိသွားသောကြောင့် ဖြစ်၏။ ပြီးတော့ ရုံးအဖွဲ့သားတွေက လည်း တစ်ခြားလူတွေ မဟုတ် ။
ကုန်းစွန်းဆိုတာ မောင်ရွှေစွန် ၊ ကျန်စိန်ဝင်းဆိုတာ မောင်စိန်ဝင်း(ပုတီးကုန်း) ၊ ၀မ်ခဆိုတာ ပေဖူးလွှာ အယ်ဒီတာဟောင်း မောင်သုခ ၊ မာလတ်ဆိုတာ သောင်းပြောင်းထွေလာ အယ်ဒီတာချုပ်၊ ဆွေလုံဆိုတာ ကီဝီ၊ ကောက်ဟူဆိုတာ ကောက်နွယ်(ကနောင်) အားလုံးဘော်ဒါတွေချည်းပါလား ။ ထိုအခါ နည်းနည်း အကြောက်ပြေသွားသည်။
“ မေးနေတာ မကြားဘူးလား ” ဟု သုခမိန်ကြီးက ထပ်မေးသည်။
“ ဟင်...ကိုကြီးစိန် ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလား ”
“ ဘာ ကိုကြီးစိန်လဲ ပြင်ပြောစမ်း ”
ဘယ်လိုပြင်ပြောရမှန်း မသိသဖြင့် ဟိုဒီကြောင်ကြည့်နေစဉ်.....
ကောက်ဟူက “ ပေါင်စိန်ကြီးလို့ ခေါ်ရတယ် ” ဟု ခပ်တိုးတိုးပြောသည်။ သေချာစွာ မကြားရသောကြောင့် နားစွန်နားဖျားဖြင့် ...
“ ဟုတ်ကဲ့...ဒီလိုရှိပါတယ် အပေါင်ဆိုင်ကြီးရယ် ”
“ တယ် ၊ လုပ်ပြန်ပြီ ၊ ပေါင်စိန်ကွ....ပေါင်စိန် ”
သုခမိန်ကြီး စိတ်တိုသွားသဖြင့် တရားခံ လန့်သွား၏။ စိတ်ပြေအောင် ဘယ်လိုဖားရပါ့မလဲ စဉ်းစားရင်းမှ တစ်ခု သတိပြုမိ၏။ ထို့ကြောင့်....
“ ဟာ....ပေါင်စိန်ကြီး နဖူးမှာ ဘောက်ဖတ်ကြီး ကပ်နေတယ် ”
ဟု လှမ်းအော်ပြောလိုက်၏။ ပေါင်စိန်ကြီးသည် လန့်ဖျပ်ပြီး နဖူးကို စမ်းလိုက်သည်။ ပြီးမှ.....
“ ဟာ...ဒါ ဂမ္ဘီရလခြမ်းကွ၊ ဘာမှတ်နေလဲ ၊ လင်းရောင်တင် ကိုယ်တိုင် စီရင်းပေးထားတာ ”
တကယ်တော့ နဖူးမှာတပ်ရမည့် လခြမ်းပုံကို ပီကေဖြင့် ကမန်းကတန်းလုပ်ရသောကြောင့် မပီမပြင် ဖြစ်သွားခြင်း ။ သုခမိန်ကြီသည် ဣနြေ္ဒဆည်လိုက်ပြီး...
“ ကဲ တရားလိုတွေ ..ဒီကောင့်ကို ဘာတွေ စွပ်စွဲချင်သလဲ ပြော ”
ထိုအခါ တရားလိုများမှာ တစ်ယောက်တစ်ပေါက် ဆူညံစွာ ပြောကြ၏။ ဘာတွေပြောမှန်း မသိလောက်အောင် ရောထွေးနေသဖြင့်.....
“ တိတ်စမ်း ”
ပေါင်စိန်ကြီးက စားပွဲကို သစ်သားတူကြီးနှင့် ထုလိုက်၏။ ထိုအခါ တစ်ယောက်တစ်ပေါက် ဆူညံနေသူများ အသံတိတ်သွားသည်။
(ထိုသစ်သားတူကြီးမှာ စာပေလောက ပုံနှိပ်တိုက်မှ စာစီဖိုမင်ဆရာများသုံးသော ပစ္စည်းဖြစ်၏။ ခုချိန်မှာ ကွန်ပျူတာစာစီခေတ်ဖြစ်သဖြင့် ဒါကြီးအသုံးမ၀င်တော့ဘူးဆိုပြီး လွှင့်ပစ်မည့်ဆဲဆဲ ဆွေလုံက ကိုမျိုးညွန့် ထံမှ ရမ်တစ်လုံးနှင့် လဲပြီး ယူလာခဲ့ခြင်း ဖြစ်၏။)
“ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေလို့ ဘယ်ဖြစ်မလဲ ၊ တစ်ယောက်ချင်းပြော ၊ ကဲ ... ဟိုဘက်က မျက်မှန်နဲ့ ပြဇတ်မင်းသားလိုလူ မောင်မောင်း စပြော...”
သုခမိန်ကြီးက လူတစ်ယောက်ကို လက်ညှိုးထိုးရင်းပြောလိုက်၏။ ထိုသူကား ချစ်ဦးညို။ သူသည် ပါတိတ် ဟာဝေယံရှပ်နှင့် စာပေဟောပြောပွဲမှ လက်ဆောင်ရခဲ့သော ပိုးယောလုံချည် ခရမ်းရောင်ကို ၀တ်ထားသဖြင့် ပြဇတ်မင်းသားနှင့် ပိုတူနေတာအမှန်ပဲ ဖြစ်၏ ။ သူက ရှေ့ကိုတစ်လှမ်းတိုးပြီးနောက် တရားခံကို တစ်ချက်လှမ်းကြည့်သည် ။ တရားခံက လက်မကိုထောင်ပြီး တစ်စုံတစ်ခု မော့သောက်သည့် ဟန် လုပ်ပြ၏။ အရက်ပြတ်ပါပြီ ဆိုပြီးမှ မိန်းမ မသိအောင် ဘီယာခိုးသောက်သည့် ကိစ္စ ဖော်လိုက်ရမလားဟု ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်၏။ ထို အခါ ချစ်ဦးညိုမှာ နှုတ်ဆွံ့သွားပြီး....
“ အဲ ...တစ်ကယ်တော့ ကျွန်တော့်အနေနဲ့ တရားစွဲဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဟိုဒင်းက အဲဒီလိုပြောလို့... ”
ယောင်ချာချာလုပ်နေသဖြင့် သူ၏လေဒီက ဗိုက်ခေါက်ကိုဆွဲပြီး ကားစက်နှိုးသလို လှည့်လိုက်တော့မှ.... “ အား....အဲ....ဟုတ်ပါတယ်၊ တရားစွဲမလို့ပါပဲ၊ ဒီနေရာမှာ တရားဆိုတာဘာလဲ၊ တရားဆိုတာ စကားက လာတာပါ၊စကားဆိုရာမှာလဲ သမိုင်းဝင်တဲ့ စကား၊ သမိုင်းတွင်တဲ့ စကားရယ်လို့ ရှိပါတယ်၊ ဒါကြောင့် သမိုင်းမတွင် ၊ သမိုင်းဝင် လူတွင် ပန်းဆယ်မျိုးဆိုတာလို...”
လေဒီချစ်ဦးညိုက စိတ်မရှည်တော့ဘဲ.....
“ တော်စမ်းပါ၊ ရှင့်ကို ပေါ်ပြူလာဂျာနယ်မှာ ဆောင်းပါးရေးခိုင်းနေတာ မဟုတ်ဘူး၊ ဖယ်၊ ဖယ် ကျုပ်ဘာသာပဲ ပြောတော့မယ် ” ဆိုပြီး ဆွဲဖယ်လိုက်သည်။ ချစ်ဦးညိုကလည်း နေရာမှန်ဖြစ်သော မိန်းမနောက်သို့ ရို့ရို့ကလေး ဆုတ်သွား၏ ။ လေဒီချစ်ဦးညိုက ရှေ့သို့တိုးလာပြီးမှ ရုတ်တရက် ဘာပြောရမှန်းမသိဘဲ....
“ ကိုကြီးစိန်ရေ ” ဟု ရုတ်တရက် ခေါ်မိရာ ပေါင်စိန်ကြီးကလည်း “ ဗျို ဗျို ဗျို ဗျို့ ” ဟု ယောင်ပြီး ထူးမိ၏။ ပြီးမှ ရှက်သွားပြီး....
“ တယ်အတင့်ရဲနေပါလား ” ဟု ငေါက်လိုက်၏။ လေဒီ ချစ်ဦးညိုကလည်း
“ ကျွန်မ အဲဒါ စိတ်စွဲနေလို့ပါ ” ဟု တောင်းပန်လိုက်သည်။
“ ကဲ...ကဲ... မယ်မင်း၊ သူ့ကို ဘာကြောင့် တရားစွဲချင်တာလဲ ပြော ”
လေဒီချစ်ဦးညိုသည် တရားခံကို တစ်ချက်ကြည့်ပြီး “ သူက ၀တ္ထုထဲမှာ ကျွန်မကို ဖယောင်းတိုင် ရှိတ်ကြီးလို့ ရေးထားတယ်၊ အဲဒါကို မကျေနပ်ဘူး ”
“ ကဲ ...မောင်မင်း ဘာပြောချင်သလဲ ” တရားခံကို မေးလိုက်ရာ
“ ဟာ ...တကယ်ဆို ဒီလိုအရေးခံရတာ ဂုဏ်တောင်ယူသင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုချိန်မှာ ဖယောင်းတိုင်ဆိုတာ အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ် အရေးအကြီးဆုံး ပစ္စည်းပဲ၊ လူတကာကြားမှာ စူပါစတားဖြစ်နေတာ ၊ ဆရာချစ်နဲ့ အစ်မဟာ မီးသွေးနဲ့ ဖယောင်းတိုင်လို လိုက်ဖက်တယ်ဆိုတဲ့ သဘော....”
“ ကြည့်စမ်း..၊ ထပ်လုပ်ပြန်ပြီ ၊ ပေါင်စိန်ကြီးရှင့်...တကယ်တော့ ဖယောင်းတိုင်ဆိုတာ မီးရှို့လိုက်တာနဲ့ စပြီး ပုံပျက်တော့တာပဲ ၊ ကြာလေ အဖုအထစ်တွေနဲ့ ရုပ်ဆိုးလေပဲ ”
“ အစ်မ မကြိုက်ဘူးဆိုရင် မီးချောင်းရှိတ်လို့ ပြောင်းရေးပေးပါ့မယ် ”
“ အမယ် ဘာထူးလဲ ။ မီးချောင်းလဲ တစ်ဖြောင့်တည်းပဲ ”
“ တော်ကြစမ်း...၊ ကြာရင် မီးလုံးရှိတ်တို့ ၊ ဖန်ပြောင်းရှိတ်တို့ ၊ အင်ဗာတာ ရှိတ်တို့ ဖြစ်တော့မယ်၊ ကဲ ... ခင်ဗျားရဲ့ စွဲချက်ကို မှတ်တမ်းတင်ထားမယ် ၊ နောက်တစ်ယောက် ပြော..”
သုခမိန်ကြီးက စကားဖြတ်လိုက်ရတော့၏။ တရားလို နောက်တစ်ယောက်မှာ မစန္ဒာ ဖြစ်၏။ သူ့ဘေးတွင် အိမ်ကလူကြီး ကိုစန်းမောင် ကုပ်ကုပ်လေးရပ်နေသည်။ သူက အသံတိုးတိုးဖြင့်
“ မိချိုရာ ဒီငပေါကို အဖက်လုပ်ပြီး ပြောမနေစမ်းပါနဲ့ ”
ဟု တားသော်လည်း မစန္ဒာက “ အသာနေစမ်းပါ ” ဟု ပြောရင်း တံတောင်နှင့်တွတ်လိုက်ပြီး ရှေ့တိုးရပ်လိုက်၏ ။ ပြီးတော့ “ သုခမိန်ကြီးရှင့် ... ဒီကောင်လေးဟာ ၀တ္ထုထဲမှာ ကျွန်မတို့ ဇနီးမောင်နှံကို ပါပူဝါနယူးဂီနီကျွန်းကို ပို့မယ်လို့ ရေးထားပါတယ်။ တစ်ကယ်တော့ အဲဒီကျွန်းဟာ မီးတောင်ပေါက်လိုက်၊ မုန်တိုင်းကျပြီး ရေလွှမ်းလိုက်ဖြစ်နေတာပဲ။ ဒါပေမယ့် ဆွေမျိုးနဲ့ သူငယ်ချင်းတွေက တော့ ကျွန်မတို့တကယ်ပဲ နိုင်ငံခြား သွားရတယ်မှတ်ပြီး အိမ်ပြန်လက်ဆောင်တွေ လာတောင်း နေကြတယ်၊ ၀တ္ထုထဲမှာ အတိအလင်းပါတာဆိုတော့ ငြင်းလို့လဲ မရဘူး။ မင်္ဂလာဈေးက ပစ္စည်းတွေဝယ်ပြီး ပေးနေရတယ်၊ ဒါဟာ သူ့ကြောင့်ပဲ....”
ဟု တရားခံကို လက်ညှိုးထိုးရင်း ပြောသည်။ တရားခံက “ အဲဒါ ကျွန်တော့သဘောနဲ့ ကျွန်တော် ရေးတာ မဟုတ်ပါဘူး။ တစ်ရက်မှာ ကိုစန်းမောင်နဲ့ မြို့ထဲမှာတွေ့တော့ သူက ခုတလော မင်းတို့အစ်မ တော်တော် “ပဲ” များနေတယ်၊ ကြည့်ပြီး နှိပ်လိုက်စမ်းပါ ဆိုလို့ ”
ကိုစန်းမောင်က ပျာပျာသလဲ “ ဟေ့..ဟေ့ကောင် ငါ့ကို ဆွဲမထည့်နဲ့ ” ပြောနေတုန်း မစန္ဒာက သူ့လူကြီး ဘက်လှည့်ပြီး “ ဟင်...ဒါ ရှင့်အကြံပေါ့လေ၊ ကျောင်းမှာတုန်းက တီစကွဲယားနဲ့ အရိုက်ခံရတာ မမှတ်သေး ဘူးလား....ကဲ ” ဆိုပြီး ကိုစန်းမောင်၏ နဖူးကို ဒေါင်ခနဲ ခေါက်လိုက်၏။ ကိုစန်းမောင်ကလည်း နဖူးကိုပွတ်ရင်း
“ ဟာ ... ငါက ပဲများတယ်ဆိုတာလောက်သာ ပြောတာ ၊ ၀တ္ထုထဲ ထည့်ရေးခိုင်းတာမှ မဟုတ်ပဲ ” သုခမိန်ကြီးက စားပွဲကို တစ်ချက်ထုပြီး “ ကဲ ...တော်တော့ ဒါ လင်မယားရန်ဖြစ်ရမယ့် နေရာမဟုတ်ဘူး၊ ဒီစွပ်စွဲချက်ကို မှတ်ထားမယ် ၊ ကဲ ...နောက် ဘယ်သူရှိသေးသလဲ ”
ပိန်ပိန်ရှည်ရှည် ငယ်ငယ်ချောချော မိန်းကလေးသုံးယောက် တန်းစီဝင်လာကြ၏ ။ စကတ်တိုတို ကြပ်ကြပ် များဝတ်၍ သားရေလည်ရှည် ဖိနပ်များစီးထားကြသည်။
သုခမိန်ကြီးက နဖူးကြောများတင်းသွားပြီး
“ တယ် ရုံးကိုလာတာ ဒီလို ၀တ်စားလာရသလား၊ မယ်မင်းတို့က ဘယ်သူတွေလဲ ဘာကိစ္စလဲ ”
ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်ကလေးက ရှေ့တိုးလာပြီး
“ကျွန်မတို့ ကြော်ငြာ အစီအစဉ်လေးတစ်ခု တင်ဆက်ချင်လို့ပါ”
“ ဘာ ၊ ရာရာစစ ဒါကြော်ငြာရမယ့်နေရာလား ၊ အခုထွက်သွားကြစမ်း၊ ဘာပေကပ်ကပ် လုပ်နေတာလဲ၊ ၀မ်ခ ၊ မာလတ် ၊ ဆွေလုံ ၊ ကောက်ဟူ ”
“ရှိ”
“ သူတို့ကို ဆွဲထုတ်သွားစမ်း”
ထိုစဉ်တွင် ကုန်းစွန်က သုခမိန်ကြီး နားနားသို့ကပ်၍ တိုးတိုးပြောလိုက်သည်။
“ သုခမိန်ကြီးခင်ဗျား၊ သူတို့ကို ခွင့်မပြုလို့ မဖြစ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အခုကျွန်တော်တို့ ၀တ်ထားတဲ့ အ၀တ်အစားတွေဟာ သူတို့ ကုမ္ပဏီက ထောက်ပံ့ထားတာပါ ”
သုခမိန်ကြီးက ခေါင်းကုတ်လိုက်ပြီး
“ ခက်တာပဲ ၊ ကြော်ငြာတွေကလဲ နေရာတကာမှာပါပဲလား ”
“ ကြော်ငြာချင်လည်း မြန်မြန်ကြော်ငြာ ၊ စီးကရက်နဲ့ အရက်ဆိုရင်တော့ ခွင့်မပြုဘူး ”
“ ဟုတ်ကဲ့ပါ ။ ကျွန်မတို့က အလှကုန် ကြော်ငြာမှာပါ။ ကဲ သူငယ်ချင်းတို့ရေ ” ဟု ခေါင်းဆောင် မိန်းကလေးက အချက်ပေးလိုက်ပြီး ပရိသတ်ဘက်လှည့်၍
“ ကျေးဇူးပြုပြီး နားဆင်ပါရှင်၊ ကျွန်မတို့ရဲ့ လေးသူစံကုမ္ပဏီက နိုင်ဂျီးရီးယား နိုင်ငံမှ တိုက်ရိုက် တင်သွင်းတဲ့ မယ်ကုဝဏ်တံဆိပ် အလှကုန် ပစ္စည်းများကို သုံးစွဲကြပါစို့ နော ” ထို့နောက် မိန်းကလေး သုံးယောက်တို့သည် နောက်ကျောကို ပိတ်ကန်ခံထားရသော ကိုယ်ဟန်အမူအရာဖြင့် ခါးကလေးတွေ ကော့ပြီး ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် ပြေးရင်း
“ ယာယာယေ ကုဝဏ် ၊ ကုဝဏ်၊ ယာယာယေ ” ဟု သီဆိုပြီး ထွက်သွားကြလေ၏ ။
“ တော်တော်ရှုပ်တဲ့ဟာတွေ ၊ ကဲ နောက်တရားလို တစ်ယောက်လာခဲ့ ”
ခုတစ်ခါ အလှည့်ကျသူကတော့ ခင်မြဇင် ။ သူ့ခင်ပွန်း ကိုသန်းအုံးကတော့ သဘောကောင်းသူ ၊ နားအေး ပါးအေး နေချင်သူဖြစ်သဖြင့် ပရိသတ်အကြားမှာပင် ထိုင်ရင်း သက်ပြင်းတချချ လုပ်နေ၏။
“ ကဲ...ဘာတင်ပြချင်လဲ၊ ပြော ”
သုခမိန်ကြီးက မေးလိုက်၏။ ခင်မြဇင်သည် တရားခံကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး “ သူဟာ ဒီတစ်ခါတည်းမဟုတ်ပါဘူး၊ ဟိုးအရင်ကလည်း ၀တ္ထုတွေထဲမှာ အမျိုးမျိုး ပေါက်ကရတွေ ရေးခဲ့ပါတယ်။ ၀တ္ထုတစ်ပုဒ်ထဲမှာ ကျွန်မကို ဆေးဘဲဥနဲ့ တူတယ်လို့ ရေးတယ်။ ပြီးတော့ အပျိုကြီးဖြစ်ပါစေလို့လည်း ကျိန်ဆဲခဲ့ဖူးတယ် ၊ သူ့ကျိန်စာကြောင့် ကျွန်မတော်တော်နဲ့ မစွံတာပေါ့ ။ ဝေဒတက်ခေတ်ဦးမြတ်သစ် ဆီမှာ ယတြာချေလိုက်တော့မှ ကိုသန်းအုံးနဲ့အဆင်ပြေသွားတာ ၊ ဒါကြောင့် သူ့ကို ပြင်းပြင်းထန်ထန် အရေးယူပေးပါ ”
တရားခံက မျက်နှာငယ်လေး လှမ်းကြည့်ပြီး...
“မခင်မြဇင်ရာ ကျွန်တော်တို့ဟာ တက္ကသိုလ်မှာကတည်းက ကဗျာတူတူရေးခဲ့ကြတဲ့ သူငယ်ချင်းတွေပါ ”
“ ဟော အခုမှ သတိရတယ်၊ ကျောင်းမှာတုန်းက ပိုက်ဆံအစိတ်ချေးထားတာ ပြန်မပေးရသေးဘူး ”
“ အဲဒါ ကျွန်တော်သုံးဖို့မဟုတ်ဘူး ၊ တိုးမိုးရဲ့ ပုဆိုးပေါင်ထားတာ ပြန်ရွေးဖို့ပါ။ ဘာပဲဖြစ်ဖြစ် ကောင်းတာလည်း ရေးပါတယ်၊ မခင်မြဇင်ရဲ့ ကဗျာတွေဟာ လက်ဖျားခါလောက်တယ်လို့ ချီးကျူးခဲ့ဖူးပါ တယ်ခင်ဗျာ ”
“ အမယ် ၊ ဒါကော အကောင်းရေးတာမှ မဟုတ်ဘဲ ၊ လက်ဖျားခါလောက်တယ်ဆိုပြီး နောက်က ကွင်းစကွင်းပိတ်နဲ့ ဆေးလိပ်မီးကို သွားကိုင်မိလို့ ဆိုတာ ပါသေးတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မကျေနပ်ဘူး ၊ မကျေနပ်ဘူး ” ဟု ပြောပြီး ကလေးတစ်ယောက်လို ခြေဆောင့်နေ၏။ သုခမိန်ကြီးက
“ ကဲ ၊ ကဲ ၊ ကလေးမ ကျေနပ်အောင် ဆောင်ရွက်ပေးမယ်၊ ဟုတ်ပြီလား ၊ နောက်...”
သုခမိန်ကြီး စကားမဆက်နိုင်ခင် ဆွေလုံနှင့်ဝမ်ခတို့က လူတစ်ယောက်ကို ချုပ်ကိုင်၍ ၀င်လာသည်။
“ အပေါက်ဝမှာ ယောင်လည်လည် လုပ်နေလို့ ဆွဲလာခဲ့တာပါ သုခမိန်ကြီး ”
ထိုသူမှာ ကဗျာဆရာ မြမြင့်မိုရ်ဖြစ်၏ ။ သုခမိန်ကြီးက
“ မောင်မင်း ဘာလုပ်မလို့လဲ ”
“ ကျွန်တော် ၊ ကျွန်တော် ဆရာစိန့်မွေးနေ့ အတွက် မုန့်ဟင်းခါးကျွေးနေတယ်ဆိုလို့ ၀င်လာတာပါ ”
“ မင်းကို ဘယ်သူပြောတာလဲ ”
“ မင်းသိုက်မွန် ပြောတာ ”
“ ဒါလောက်တောင် ငတ်ကြီးကျတဲ့ကောင်နဲ့ သူများကို ချောက်တွန်းချင်တဲ့ကောင်တွေ ရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ဒဏ်ရိုက်ရမယ် ၊ တစ်ယောက်ကို ဘီအီးငါးပက်စီ ဒဏ်ကြေးပေးစေ ”
မြမြင့်မိုရ်မှာ မရှိသော ဆံပင်ကလေးကို ဖွရင်း
“ သွားပါပြီ ၊ ညနေစာလေးတော့ ကုန်ပါပြီ ” ဟု ညည်းလိုက်ရှာလေ၏။
“ ဘယ်သူ ကျန်သေးလဲ ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးတစ်ဦး လူကြားထဲက တိုးထွက်လာပြီး
“ ကျွန်မ တိုင်စရာရှိတယ် ”
“ ခင်ဗျားက ဘာတိုင်မလို့လဲ ဒေါ်စိန်ဂွတ်ထော် ” ဟု မေးလိုက်ရာ ခပ်ပိန်ပိန် အမျိုးသမီးကြီးသည် ဆတ်ခနဲ ဖြစ်သွားပြီး
“ ကျွန်မက စိန်ဂွက်ထော်မဟုတ်ဘူး ၊ ရွှေကူမေနှင်း ”
“ အောအော ရုတ်တရက် မမှတ်မိလို့ပါ ။ နေစမ်းပါဦး ၊ သူ့ဝတ္ထုထဲမှာ ခင်ဗျားမှ မပါဘဲ ”
“ ၀တ္ထုထဲမှာ မပါပေမယ့် စာပေဟောပြောပွဲတွေကျရင် ကျွန်မကို အာပြဲခြောက် ကျပ်တင်ထားတာနဲ့ တူတယ်၊ ဘာညာနဲ့ ဟင်း သူကျတော့ ငကျီးခြောက်ကို ရေနံ သုတ်ထားတဲ့ ပုံစံနဲ့ ”
“ ခင်ဗျားက သူပြောသလောက်တော့ မဆိုးပါဘူး ၊ စိုစိုပြည်ပြည် ရှိသားပဲ ”
ရွှေကူမေနှင်း ကျေနပ်သွားပြီး
“ ဟုတ်တယ် ၊ ကျွန်မ မနက်တိုင်း လေ့ကျင့်ခန်းလုပ်နေလို့ ခုလိုအရွယ်တင်နေတာပေါ့၊ ဒါကို သူက အမနာပ ပြောတာ တရားသလား ”
“ မှန်ပါတယ် ၊ ဒီအတွက် သင့်တော်သလို အရေးယူပေးမယ် ”
ထိုအခိုက်မှာပင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကြားရသဖြင့် သုခမိန်ကြီးက
“ ဘာဖြစ်တာလဲဟေ့”
ကောက်ဟူက ပြေးဝင်လာပြီး
“ သိုင်းသမားတစ်ယောက် တရားခံကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ် ”
“ ဟုတ်လား ဒါဆို ”
ကျန်စိန်ဝင်းဘက်
“ ကျန်စိန်ဝင်း”
“ရှိ”
“ မောင်မင်း အဲဒီသိုင်းသမားကို သွားရှင်းလိုက်စမ်း ”
“ရှိ”
ကျန်စိန်ဝင်းသည် လေထဲတွင် လွှားခနဲ ၀ဲပျံသွားသည်။ ကြက်တောင်ပံခတ်သလို ဖလပ်ဖလပ်မြည်သွား၏။ သို့ရာတွင် တရားရုံးအလယ်လောက်မှာပင် ရပ်တန့်သွားပြီး လေထဲတွင် တွဲလောင်းကြီး ဖြစ်နေ၏။ ခါးမှာချိတ်ထားသော စက်သီးကြိုး ငြိသွားသောကြောင့် ဖြစ်၏။ ၀မ်ခ နှင့် မာလတ် တို့က စက်သီးကြိုးကိုဖြုတ်၍ အောက်ကို ထမ်းချပေးရသည်။ ထို့နောက်သူသည် အပြင်ကို ဒီအတိုင်းပင် ပြေးထွက်သား၏။ ခဏကြာတော့ ပြန်ဝင်လာသည်။ လက်ဝါးကို လက်သီးနှင့်ထောက်၍ အရိုအသေပြုပြီး.
“ ဖမ်းလို့ မမိလိုက်ပါဘူး၊ သူ့သိုင်းပညာက တော်တော် အဆင့်မြင့်တယ်၊ ကျွန်တော်က သူအုတ်နံရံကို လွှားခနဲ ကျော်သွားလိမ်မယ်ဆိုပြီး အပေါ်ကို မော့ကြည့်နေတုန်း၊ ခွေးတိုးပေါက်ကနေ လှစ်ခနဲ လျှောထွက်သွားတာပဲ ”
“ ဟုတ်လား၊ ဒါဆိုရင် နီကိုရဲပဲ ဖြစ်မယ်၊ နောက်ထပ် မနှောင့်ယှက်နိုင်အောင် သေသေချာချာ သတိထား နေကြ ၊ ကဲ ”
သုခမိန်ကြီးက တရားခံဘက်လှည့်၍
“ မောင်မင်းအပေါ် စွပ်စွဲထားတာတွေက တော်တော်ခိုင်လုံနေပြီ၊ ဘာပြောချင်သေးလဲ ”
“ သူတို့ သက်သက်မဲ့ မကျေမနပ် ဖြစ်ကြတာပါ ၊ တစ်ကယ်တော့ ကျွန်တော့်ဝတ္ထုဟာ သရုပ်မှန်လွန်းလို့ ဆရာဇန်မြင့်ကတောင် ရွှေပါးစပ် ၊ ငွေပါးစပ် ထဲမှာ ချီးကျူးထားပါသေးတယ် ”
“ အဲဒီလို ချီးကျူးမိလို့ ဇန်မြင့်တစ်ယောက် စာဖတ်ပရိသတ် တော်တော်လျော့သွားတယ် လို့တောင် သတင်းကြားရတယ် ” ဟု ကုန်းစွန်က ၀င်ပြော၏ ။ တရားခံက ဆက်၍
“ တစ်ခုလည်း ရှိပါသေးတယ်၊ အခုလို စာရေးဆရာတွေကို ဇတ်ကောင်လုပ်ပြီးရေးတာ ကျွန်တော်စတာ မဟုတ်ပါဘူး၊ ဆရာသော်တာဆွေတို့ ၊ ဆရာသာဂဒိုးတို့က စခဲ့တာပါ ”
“ ဟေ့...လူကြီးတွေကို ဆွဲမထည့်နဲ့ ”
“ ဒီလိုရှိပါတယ်၊ ကျွန်တော်က...”
“ တိတ်စမ်း....”
တူကြီးနှင့် စားပွဲကို ထုလိုက်ရာ
“ ဟာလေ ဟာလေ ဟာလေး ”
“ ကဲ ...ဘာမှ ဆက်မပြောနဲ့ ၊ အမိန့်ချမယ်၊ မောင်မင်းဟာ သူတို့ဘာသာ အေးအေးဆေးဆေးနေတဲ့ စာရေးဆရာတွေကို နောက်လားပြောင်လား လုပ်တဲ့အတွက် အပြစ်ရှိတယ် ၊ ဒါ့ကြောင့် နောက်ကို ပေါက်ကရ မရေးနိုင်အောင် လက်ကိုဖြစ်စေ”
“ ဟာ...ချမ်းသာပေးပါ သုခမိန်ကြီးရယ် ”
“ မရဘူးဟေ့၊ လိပ်ခေါင်းဓားစက်ယူခဲ့ ” ဟု အမိန့်ပေးလိုက်သောအခါ မောင်မြင့် စာအုပ်ချုပ် လုပ်ငန်းမှ ကုလားလေး လေးယောက်တို့သည် စက္ကူဖြတ်သည့် ဓားစက်ကြီးကို မချလာပြီး သုခမိန်ကြီးကို အရိုအသေပြုရင်း ခေါင်းဆောင် ကုလားလေးက
“ ဘယ်လိုဖြတ်ရမှာလဲ ဆရာကြီး ၊ ကရောင်းဆယ့်ခြောက်ချိုးလား၊ ဖူးစကတ် ဆယ်ချိုးလား ”
“ တယ်...စက္ကူဖြတ်မှာ မဟုတ်ဘူး၊ လူဖြတ်မှာ ၊ ကိုင်း ....ဓားစက်ဖွင့်”
ကုလားလေးက ခလုတ်ကို နှိပ်လိုက်၏။ ပြီးမှ
“ ဖွင့်လို့မရဘူး ဆရာကြီး ၊ မီးပျက်နေတယ် ”
“ ဒါဆို မီးစက်နှိုး ”
တရားခံက တောင်းပန်သည်။
“ သုခမိန်ကြီးရယ် လက်တော့ မဖြတ်ပါနဲ့ ၊ ကျွန်တော့်မှာ ဒါလေးနဲ့ လုပ်စားနေရတာပါ ”
“ ဒါဆိုရင် ဖြတ်လို့ ရတဲ့ ဟာကိုဖြတ်စေ ”
ထိုစဉ်တွင် အမျိုးသမီးတစ်ယောက်သည် ငိုကြီးချက်မနှင့် ပြေးဝင်လာသည်။ စောစောက စကားများကို နားစွန်နားဖျားကြားပြီး
“ ကျွန်မ ယောက်ျားကို မဖြတ်ပါနဲ့ရှင် ၊ သူ့မှာ ဒါလေးနဲ့ပဲ လုပ်စားနေရတာပါ ” ဟု ရမ်းသမ်းပြောလိုက် သဖြင့် သုခမိန်ကြီးတောင် ပြုံးမိသလို ဖြစ်သွား၏။ သူက မော့်ကြည့်ပြီး
“ ဟင် ... ကိုကြီးစိန် ၊ ကောင်းကြပါလေရဲ့၊ ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ရေခဲမုန့် သုံးခွက်ဆင့်စား သွားတာတောင် မထောက်တော့ဘူးလား ”
“ ကလေးမကိုတော့ သနားပါတယ်၊ ဒါပေမယ့် ဒီကောင့်ကို ချမ်းသာပေးလိုက်ရင် တရားလိုတွေက ပြဿနာ ရှာလိမ့်မယ် ၊ ကဲ...အသင့်ပြင် ”
မာလတ်နှင့်ကောက်ဟူတို့က တရားခံကို ချုပ်ကိုင်ပြီး ဓားစက်ဆီ ဆွဲခေါ်သွား၏ ။ သုခမိန်ကြီးသည် အချက်ပေးရန်အတွက် ဆီချက်ခေါက်ဆွဲဆိုင်မှ တောင်းလာသော ၀ါးတူကို မြှောက်ကိုင်လိုက်စဉ်....
“ ဦးရီးတော် ပ၀မ်ကွေး ကြွလာတယ် ”
“ ချမ်း ချမ်း ” ဆိုသော ယကွင်းသံနှင့်အတူ ဦးရီးတော် ပ၀မ်ကွေးသည် ကိုယ်ရံတော်များ ဖြစ်ကြသော စာကလေး၊ဒကာဆိတ်၊ ဟာကျူလီငပျော့တို့နှင့်အတူ ကြွချီလာသည်။ ပရိတ်သတ်ကြီးက ၀မ်ဆွေ့ ၀မ်ဆွေ့ ၀မ့်ဝမ့်ဆွေ့ ဟု အရိုအသေပြုကြ၏။ သုခမိန်ကြီး ပေါင်စိန်ပင်လျှင် စင်မြင့်ပေါ်မှ ဆင်းလာပြီး ဂါရ၀ပြုရင်း
“ ဦးရီးတော် ဘာကိစ္စများ ရှိလို့ပါပဲ ”
“ ကိစ္စကတော့ ”
တရားခံကို လက်ညှိုးထိုးပြပြီး
“ သူ့ကိစ္စပဲ ၊ သူဟာ စာပေကြော်ငြာ စတိတ်ရှိုးဆိုတဲ့ ၀တ္ထုကို မလိုတမာစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး၊ စာပေသမားတွေကို ချစ်လို့ခင်လို့ ကလူကျီစယ်တဲ့ သဘောပါ။ ခုလို ၀တ္ထုထဲ ထည့်ရေးလိုက်တဲ့ အတွက် စာဖတ်သူတွေ ရယ်မောပျော်ရွှင်ကြရလို့ ကုသိုလ်တောင် ရပါသေးတယ်၊ ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ် ကတောင် ကျွန်ုပ်နဲ့ သဘောချင်း တူညီကြောင်း သ၀ဏ်လွှာ ပါးလိုက်ပါသေးတယ် ”
သုခမိန်ကြီးက ဦးညွှတ်လိုက်ပြိး
“ ဦးရီးတော်ရဲ့ စကားကို မပယ်ရှားဝံ့ကြောင်းပါ ။ သို့သော်လည်း သူ့ကို ဒီအတိုင်း ခွှင့်လွှတ်လို့တော့ မဖြစ်ဘူး ထင်ပါတယ် ”
“ ဒါကတော့ ဟုတ်တယ်၊ ဒီကောင်ဟာ ကျွန်ုပ်ကိုတောင် နောက်လားပြောင်လား လုပ်ခဲ့သေးတာပဲ ၊ မှတ်လောက်အောင်တော့ ဆုံးမရမှပေါ့၊ ကိုင်း ဒီတော့ ဒီကောင့်ကို အူမတက်မချင်း ၀ိုင်းပြီး ကလိထိုးကြစေ”
ဦးရီးတော် ပ၀မ်ကွေး၏ စကားအဆုံးတွင် တရားလို ပရိသတ်ကြီးမှာ “ ဟာလေ ဟာလေး ဟာလေး ” ဟု အော်၍ သူ့ထက်ငါ အလုအယက် ကလိထိုးရန် ၀ိုင်းအုံလာကြလေတော့သည်။
မင်းလူ
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ ဇန်န၀ါရီလ ၁၉၉၉)
သူ့မယား ငါ့မယား အခန်း(၁၀) ဇာတ်သိမ်း
ကိုမြကြီးသည် ထိုနေ့၌ မယ်မှုန်နှင့် မယ်စံတို့အား မိမိ၏အခြေအနေကို သေချာစွာပြော၍ မပြလျှင် ဖြစ်တော့မည်မဟုတ် ၊ အခက်အခဲသည် သိသိသာသာကြီး လေး၍လာသည်ကို မျိုသိပ်၍ထားခဲ့သည်မှာ အတော်ကြာခဲ့လေ၏။ ယခုကား မပြောဘဲ မနေနိုင်တော့ပေ။ ကုန်စုံဆိုင်မှ ကုန်ကြွေးများကို မဆပ်နိုင်သဖြင့် ဖျက်သိမ်းရတော့မည့်အနေသို့ ရောက်၍နေလေ၏။
ထိုဆိုင်ကလေး ရှိသေသမျှ ငွေကြေးပင် အပိုအလျှံများစွာမရှိစေကာမူ ဣနြေ္ဒမပျက် ထမင်းနပ်စေ့အောင် စားနိုင်ကြသေး၏။ မတော်တဆ ဆိုင်ပိတ်လိုက်ရချေက ဖြစ်ပျက်ပုံအခြေအနေကို တစ်ရွာလုံး သိတော့မည်။ သိလျှင်အရှက်ကွဲတော့မည်။ ငွေငါးရာ ၊ တစ်ထောင်ကိုလည်း အဘယ်မှ လှည့်၍မျှ ရပုံမပေါ်သဖြင့် များစွာပင် အခက်ကြုံလေတော့သတည်း။
“ အများကတော့ ငါ့ကို သတိပေးကြတာပ ၊ လာဘ်အစား စုတ်တွေ ၀င်တယ်လို့ပြောကြတယ် ။ ငါကလည်း အယုံတရားမရှိခဲ့ဘူး ။ အခုတော့ သူတို့ပြောသလို ဖြစ်နေတော့တာပဲ ။ မယ်မှုန် မင်းလည်း ဘာမှ မသိဘူး ” ဟု ပြောလေ၏။
“ ကျုပ် သိပါတယ် ကိုမြရယ် ၊ သိလို့အသာနေတာ၊ စိတ်ညစ်စရာကိုပြောရင် အကျိုးမရှိလို့ ၊ ရှင်လည်း ကြံဦးစည်ဦးမှာပဲ ၊ ပေါ့နေမှာ မဟုတ်ဘူးလို့ အားကိုးပြီးနေတာပဲ ”
“ အေး ... ငါလည်း မကြံတတ်အောင် ရှိတော့တာပဲ ။ င့ါကိုယ်ပိုင် အလုပ်ကလေးဟာ အတော်သား ၊ အရူးဘုံမြှောက် ခြေ ထောက်က မိလို့ အခုလိုဖြစ်ရတာ၊ နိမ့်ကျတဲ့အလုပ်ကလေးနဲ့ ငွေကြေး အတော်အတန်ရတာနဲ့ ဒီနိမ့်ကျတဲ့ အလုပ်ကလေးပေါ်မှာ မာန်မာနတက်ပြီး ကျေးဇူးမဲ့ကာ စွန့်မိခြင်းဟာ အမှားကြီး မှားတာပဲ ၊ အခုမှ ပြန်ပြီးလုပ်ဖို့တော့ ခက်တာပဲ ”
“ ဒါတွေ တွေးပြီး ပူနေစရာမရှိပါဘူးတော် ၊ ကလေးနှစ်ယောက်နဲ့ လူကြီး သုံးယောက်ပါ ။ လူကြီး သုံးယောက်ရှာကြံလို့မှ လှလှ၀၀မနေနိုင်ရင် လူ့ဘ၀မှာ နေဖို့တောင် တော်မှာ မဟုတ်ဘူး ။ အရင်းအနှီး ရှိရင် ဘာမဆို လုပ်နိုင်ပါတယ်။ အကြီးဆုံး အရင်းအနှီးဟာ လူပါပဲ ”
“ ဒီစကားမျိုးတွေ နားထောင်လိုက်တော့ အင်မတန်ဟုတ်တာပဲ ၊ လုပ်တော့သာ မလွယ်တာ ။ မဂ္ဂဇင်း ဂျာနယ်တွေထဲမှာ တဂုံနတ်တို့၊ ဦးပဂျီငိုတို့ ၊ ဆရာ ပီ-မိုးနင်းတို့ ဒါမျိုးတွေရေးနေတာပေါ့ ၊ သူတို့လည်း တယ်ပြီးဟန်လှတယ်လို့ မကြားရသေးဘူး ”
“ ဒီလူတွေက ကျုပ်ကြားရတဲ့အတိုင်းတော့ သူတို့ ၀ါသနာကြောင့် ဆင်းရဲကြတာလို့ ကြားတာပဲ ၊ သူတို့က စာရေးဖို့သာ ၀ါသနာပါပြီး ၊ တခြားအလုပ်ကျတော့ ထိထိရောက်ရောက် မလုပ်ကြဘူးပဲ ။ လုပ်ရင် ဥာဏ်ရှိတဲ့လူတွေပဲ ။ သူများနည်းတူ မဖြစ်ဘဲနေမလား ၊ စီးပွားဆိုတာ လောဘ သက္ကာရနဲ့ ရှာမှရတာ၊ သူတို့စာရေးဆရာတွေက စာကိုသာ စွဲတာ စာရေးလို့ရတဲ့ငွေကို တစ်ဖက်တစ်လမ်း မရပ်မနှီး သုံးပစ်ကြတာပဲတဲ့ ။ တစ်ခုခုလုပ်ရင်လည်းပဲ ကိုယ်တိုင် ထိထိရောက်ရောက် ဂရုမစိုက် သူတို့သားမယား တွေကိုလွှဲထားတာတဲ့ ၊ ဖိတ်ဖိတ်စင်စင် ထင်သလိုလုပ်တယ်လို့ ကြားဖူးတာပဲ ”
“ အင်း....ဒါလည်း ဟုတ်မှာပဲ ၊ ဟောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်ချင်လည်း ဖြစ်မှာပဲ။ကိုင်း ...ဒီလိုဖြင့် မင်းတို့ပဲ ကြံကြစမ်းပါဦး ”
ထိုသို့ပြောဆိုတိုင်ပင်၍ နေကြသောအခိုက်တွင် ချစ်တီးကုလားတစ်ယောက် သားနားသော မြန်မာလူမျိုး တစ်ယောက်နှင့် ရောက်၍လာရာ မိန်းမနှစ်ယောက် အံ့အားသင့်ပြီး မောင်မြကို ကြည့်၍နေကြလေ၏။ မောင်မြမှာ မျက်နှာပျက်လျက် ။ ချစ်တီးကို အိမ်ပေါ်သို့ပင်ခေါ်ပြီး ရဟန်းသံဃာတော် အရှင်သူမြတ် တစ်ပါးကို အရိုအသေပြုရသလို အရေးတယူ ပြုရလေ၏။
မောင်မြသည် အိမ်ကိုအပေါင်ထားပြီး ချစ်တီးထံမှ ငွေငါးရာယူထားရာ မည်သူမျှမသိခဲ့ပေ ။ ထိုငွေအတွက် ချစ်တီးက ပူသဖြင့် တောင်းပန်၍ထားသည်မှာ သုံးလ လေးလ ကြာခဲ့လေရာ ယနေ့ကားနောက်ဆုံးနေ့ ဖြစ်သဖြင့် ထုတ်ဖေါ်မပြောဘဲ မနေနိုင်သောကြောင့် ထုတ်ဖေါ်၍ ပြောရခြင်းဖြစ်လေ၏။ ထိုကဲ့သို့ပြောခြင်း သည် တွေ့ကြုံရမည့် ဆဲဆဲရှိသော စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်အတွက် တင်ကြိုပြင်ဆင်ခြင်းပင် ဖြစ်လေ၏။
ချစ်တီး ။ ။ “ အစ်ကိုကြီး ...တစ်နေ့ ပွေးမယ်။ ရှေ့လပွေးမယ် ။ မပွေးဘူး ။ သူဌေးက ကျုပ်ကို ချိတ်ချိုးတယ်။ ဒီဂနေ့ ဆိုင်ကို သိမ်းမယ်လို့ အမိန့်ပွေးဒယ် ၊ ဘဲ့နဲ့လုပ်မလဲ အစ်ကိုကြီး ”
မြ ။ ။ “ ကျုပ်လည်း မကြံတတ်ဘူး ၊ ကိုရာမ ကြည့်သာလုပ်ပါ ”
“ ကြည့်လုပ်ဆိုဒါ အိမ်ကို မောင်းတီးရမှာပေါ့ ၊ ကျနော် အများကြီး တနားတယ် ၊ သူဌေးက ပူဒယ် ၊ ဘဲ့နဲ့ လုပ်မလဲ အစ်ကိုကြီး ”
ထိုအခိုက် ကလေးနှစ်ယောက်နှင့် မယ်မှုန်သည် အိမ်အတွင်းခန်းတံခါးအကွယ်၌ ထိုင်ကာ မျက်ရည်စက်လက်နှင့် နေကြလေ၏ ။ မယ်စံသည်ကား မီးဖိုဘက်သို့ ထ၍ သွားလေ၏။ အိမ်မှာ သုံးထောင်ကျော်လောက် တန်ရာ မောင်မြသည် တစ်ထောင်ကျော်မျှနှင့် အချောင်ရ၍ထားသောအိမ် ဖြစ်လေ၏။
ထိုအခိုက် ရွာပြင်ဘက်လယ်ပြင်ထဲတွင် လူနှစ်ယောက် စကားပြော၍နေကြလေ၏ ။ ၄င်းလူနှစ်ယောက် အနက် တစ်ယောက်မှာ မောင်းတစ်ခုကို ပိုက်၍ထားသဖြင့် ပွဲမောင်းလား လေလံမောင်းလားဟု တွေးဖွယ်ရာဖြစ်၍ နေလေ၏ ။ တစ်ယောက်က “ ငါကွယ့် ဘိုးကြောင် ၊ သူများ မဟုတ်ဘူး ၊ ငါက တစ်ခုခုကို လုပ်ရင် ဖြစ်မှ၊ မဖြစ်ရင် မလုပ်ဘူး ၊ ဘာအသုံးကျတဲ့ အကောင်လဲ ၊ ဆံပင်ညှပ်သမား ခေါင်းပေါင်းစထောင်လို့ အိမ်နဲ့ရာနဲ့ ဖြစ်နေတာ ၊ ငါ မျက်စိစပါးမွှေးစူးတယ် ။ သူ ကုန်ဆိုင်တည် ကတည်းက ဒီရွာမှာ ဆိုင်ကြီးကြီးတည်ရင် ပတ်ဝန်းကျင် တောကောင်းလို့ အများကြီးအကျိုးရှိမယ့် အကြောင်းကို စစ်ကောင်းကို ငါသွားပြီးတွန်းတာပေါ့ ။ ကိုစစ်ကောင်းဆိုင်လည်း ရောက်ကရော သင်းဆိုင်လည်း ပြုတ်တာပဲ ။ ငါက သင်း သတင်းနားထောင်နေတာ ၊ သင်း ဘယ်အခြေအနေဆိုတာ ငါအမြဲ စောင့်ကြည့်နေတာ ၊ အခုတော့ ဒီကောင် အိမ်ပြုတ်ကရော မဟုတ်လား ။ ချစ်တီးက သူ့အပေါ်မှာ တော်တော်အထင်ကြီးနေတယ် ။သူ့မှာ ဘာမှမရှိကြောင်း ၊ ငါသွားပြောလို့ သိတာ၊ ကိုင်း ...လာ.... သွားမယ် ။ ဒီမောင်းကို ကွဲအောင်သာထု ”
“ ဒီအိမ်ဟာ ဒီကနေ့ကစပြီး ငါ့အိမ် ၊ ဒီရွာထဲမှာ ဆွဲနိုင်တဲ့လူ တစ်ယောက်မှမရှိဘူး ငါဆွဲမယ် ။ ကြည့်... ငွေငါးရာ ချစ်တီးက ငါ့ချစ်တီး သူ ဘင်္ဂလားရောက်နေတာ ငါးနှစ်ကျော်လို့ ငါ ဆင်းရဲနေတာ ။ အခု သူလည်းပြန်လာရော ငါလည်းလူဖြစ်တာပဲ။ အရှင်မွေး နေ့ချင်းကြီးဆိုတာ ဒါပေါ့ကွ ” ဟု အားရပါးရ အသက်မရှူဘဲ ပြောလေ၏။
မကြာမီ မောင်မြ၏ အိမ်ရှေ့သို့ ရောက်ကြလေရာ အိမ်ရှေ့မှ အိမ်တွင်းသို့ ငုံ့ကြည့်ပြီး ခါးထောက်ကာ ရပ်လျက် ဆေးပြင်းလိပ်ကို စတိုင်လ်ပါပါ သောက်ဖွာ၍နေလေ၏ ။ ထို့နောက် ငွေစက္ကူများကို အင်္ကျီအိတ်ထဲမှထုတ်ပြီး လျင်မြန်သောလက်ချောင်းများနှင့် လှန်ကာ ရေ၍ နေလေ၏။
မောင်းသမားသည်ကား မောင်းကိုကိုင်လျက် အိမ်ရှေ့ကို သွား၍ထိုင်လေ၏။ ကလေးနှစ်ယောက်သည် ဘိုးကြောင်ကိုမြင်သောအခါ အခန်းထဲမှ ထွက်မည်ဟန်နှင့် ထကြလေရာ မယ်မှုန်က ဆွဲ၍ထားပြီး “ သေမယ် ငြိမ်ငြိမ်နေကြ ၊ နင်တို့ အဖေကို ဒီလောက်တောင်ခင်သလား ” ဟု ပြောလေ၏ ။ မယ်စံ သည်ကား မီးဖိုထဲမှ မထွက်ဘဲနေလေ၏ ။
မောင်မြသည်ကား ချစ်တီးကိုတောင်းပန်၍ မရသောအခါ .......
“ ကိုင်း ကိုရာမ တောင်းပန်လို့မရရင်လည်း သဘောအတိုင်းသာ လုပ်ပေတော့လေ ။ တစ်လလောက် ဆိုင်းရင် ဒီငွေလောက်တော့ မခက်ပါဘူး ၊ ကျုပ်တပည့်တွေ အများကြီးရှိပါတယ် ။ မဆိုင်းနိုင်ရင် လုပ်လေ ” ဟု ပြောပြီး အိမ်နောက်ဖေးသို့ ဆင်းသွားလေ၏ ။
မယ်မှုန်သည် ကိုမြကိုကြည့်ကာ အားငယ်လျက် မျက်ရည်ကိုသာ သုတ်၍နေလေ၏ ။ မကြာမီ မောင်းကွဲ သံကြီးကို ကြားရလေ၏ ။ လူအများ ၀ိုင်းအုံ၍လာကြလေ၏ ။ ဘိုးကြောင်မှာကား ခေါင်းပေါင်းစ တစ်ထောင်ထောင်နှင့် ငွေစက္ကူများကို ကိုင်ဆုပ်လျက် ခေါက်တုံ့ခေါက်ပြန် လျှောက်၍နေလေ၏ ။
ရွာသာများသည် ၄င်းကို မုန်းထားရွံရှာသောမျက်နှာထားနှင့် ၄င်းကိုကြည့်၍သာနေကြရလေ၏။ တစ်စုံတစ်ရာကိုမျှ မလုပ်ကြပေ ။ သူကြီးအိမ်မှာ အစိုးရအရာရှိတစ်ယောက်နှင့် ပုလိပ်သားများကို မတွေ့ကြရချေကာ ၄င်းကို စိစိညက်ညက်ကြေအောင် လုပ်ချင်ကြလေ၏။
ရွာသားများအနက် မည်သူမျှ လေလံဆွဲရန် အကြံမရှိကြ ။ ကိုမြကြီးကို သနားကြလေ၏။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ ကျိန်းသေ၍နေလေ၏။
ချစ်တီးသည် ပါ၍လာသော သားနားသော မြန်မာလူမျိုးနှင့် စကားတစ်ခွန်း ၊ နှစ်ခွန်းပြေလေ၏။ ၄င်းမြန်မာ လူမျိုးမှာ ဘီးလစ်စာရေးနှင့် တူလေ၏။
မောင်းမာ လေလ့မောင်းမဟုတ်သေး ၊ လူခေါ်သော မောင်းမျှဖြစ်လေ၏။ လူအတော်များလာသဖြင့် လေလံစ၍ ပစ်သောအခါ ဆွဲသူ တစ်ဦးတစ်ယောက်မျှ မပေါ်ပေါက်ပေ ။ သို့ဖြစ်လေရာ ဘိုးကြောင်မှာ စိတ်ချလက်ချ မိမိရတော့မည့်အနေနှင့် ငွေစက္ကူများကို တစ်ဖန် လူအများမြင်အောင် စတိုင်တင်းတင်းနှင့် ရေတွက်ပြန်လေ၏။
ထိုအတွင်း ယောကျာ်းပျိုတစ်ယောက်သည် လူစုလူဝေးထဲ ဖြတ်၍လာပြီး ဘိုးကြောင်၏လက်က ငွေများကို လက်နှစ်ဖက်နှင့် တစ်ချက်တည်းသုတ်ယူပြီး အိမ်ပေါ်ကို လျင်မြန်စွာ ပြေးတက်၍ သွားလေ၏။ မယ်မှုန်နှင့် ကလေးနှစ်ယောက်သည် အခန်းတွင်းမှ ၀င်းဝင်းတောက်သော မျက်နှာများနှင့် ထွက်၍လာကြပြီး ယောက်ျားပျိုကို အခန်းထဲသို့ သွင်းကြလေ၏။
အခန်းထဲသို့ရောက်သောအခါ ......
“ ရော့ မမ ၊ ဦးလေး ဘယ်မလဲ ” ဟု မေးလေ၏။
“ နောက်ဖေး တင်းကုပ်ထဲမှာ ၊ ငါ့သား ဘယ်တုန်က ရောက်သလဲ၊ မမ မျှော်လိုက်တာ ၊ စာကလေးတောင်မှ မပေးဘူး ၊ ဆပ်အင်စပက်တော်အလုပ်ကို ရသွားပြီလို့တော့ ကြားရဲ့ ။ ဘယ်မှာရယ်လို့ မသိဘူး ” ဟု ပြောရင်းသွားရာ နောက်ဖေး၌ မှိုင်၍နေသော ကိုမြကို တွေ့ကြသဖြင့်....
“ ဟောတော့ ... ရှင့်သား လာတယ် ” ဟု ပြောလေ၏ ။ ကိုမြသည် ဆပ်အင်စပက်တော်ဖြစ်၍ လာသော မယားပါသားကြီးကို ၀မ်းနည်းသောမျက်နှာနှင့်ကြည့်ရင်း တစ်စုံတစ်ရာ မပြောဘဲ သက်မကြီးချကာ.....
“ မင်း ဆပ်ဖြစ်လာတာတော့ ၀မ်းသာတာပဲဟေ့ ၊ အခု ငါတို့ ဖြစ်နေပုံကိုသာ ကြည့်ပေတော့ ”
“ မပူပါနဲ့ ဦးရယ် ။ ကျွန်တော် အထင်လွဲလို့ ပေါ့ပေါ့ဆဆ တမင်နေခဲ့ပါတယ် ။ ညီကလေးတွေကိုသာ တဖြည်းဖြည်းခေါ်ယူမယ် စိတ်ကူးမိတာပဲ ။ အခုမှ မော်လမြိုင်က သည်နယ်ကို ပြောင်းလာရတာနဲ့ ။ အကျိုးအကြောင်း စုံစမ်းကြည့်တော့မှ ကျွန်တော်တို့ အထင်လွဲကြောင်းသိရပြီး အဖေအရင်း မဟုတ်ပေမယ့် အဖေအရင်းထက် အရာရာမှာ သာနေတာတွေ ကျွန်တော်တို့ ဆိုးမိုက်သမျှ အတွက် သည်းညည်းခံတာတွေကို အကုန်ပဲ ပြန်တွေးမိတာနဲ့ ကျွန်တော်လာတာ ပါ ”
“ ဒါထက် အခုမောင်းထုတာ ငွေဘယ်လောက်အတွက်လဲ ”
ကိုမြ ။ ။ “ မများပါဘူးကွယ် ငါးရာတည်းပါ ။ တစ်လလောက်ဆိုင်းပါဆိုတာ မရဘူး ”
မှုန် ။ ။ “ ဘာရမလဲ ၊ ဟိုအကောင် လက်ချက် ။ ငါတို့ သိုက်သိုက်ဝန်းဝန်းနေတာကို မင်းအဖေက မကြည့်နိုင်ဘူး ၊ သည့်အတွက် ချစ်တီးကိုတွန်းပေးတာ ၊ လွဲကာမှ လွဲရော မမတော့ ဒီလိုထင်တာပဲ ။ သူဆွဲမလို့ ငွေတွေနဲ့လာတာကြည့် ပါလား၊ သူ့ချစ်တီးဟောင်း ပြန်ရောက်တယ် ကြားရတယ် ”
“ ဘာအရေးကြီးသလဲ မမရယ် ။ ကျွန်တော်ရှိပါသေးတယ် ၊ ကျွန်တော် ဆပ်အလုပ်ကို ဂုဏ်အတွက်လုပ်တာ ။ မော်လမြိုင်မှာ ကျွန်တော်မိန်းမ ရလာခဲ့တယ် ။ ဒီမှာ ” ဟု ပြောပြီး ငွေစက္ကူ ရာတန် အထပ်ကြီးတစ်ထပ်ကို ထုတ်၍ပြပြီး ပထွေး၏ လက်ကို ကိုင်ဆွဲကာ ထည့်ရင်း “ ကျွန်တော်တို့ စော်ကားမိုက်မှားသမျှကို ခွှင့်လွှတ်ပါ ဦးရယ် ” ဟု မျက်ရည် တလည်လည်နှင့် ပြောလေ၏။
ကိုမြမှာ ငိုသံပါမှာ စိုးသောကြောင့် စကားမပြောဘဲ ငွေစက္ကူလိပ်ကြီးကို ကိုင်ဆုပ်ပြီး နောက်သို့လှည့်ကာ နှပ်ညှစ်၍ မျက်နှာကို ပုဆိုးကပုံစနှင့် သုတ်လေ၏။
မမှုန် ။ ။ “ မင်း ညီများကိုလည်း ဆုံးမဦးမှဖြစ်မယ် ၊ သူတို့က အခုအထိ မိုက်တုန်းဆိုးတုန်း ပထွေးကို ဘာလောက်မှ အမှုမထားဘူး ၊ မြင်ရဲ့လား ၊ အစ်ကိုကြီးက ဘယ်လောက် လိမ္မာသလဲ ”
“ လိမ္မာပါလိမ့်မယ် မမရယ် ၊ ငယ်လို့ပါ။ မမိုက်ကြနဲ့နော် ။ ပထွေးပေမယ့် ငါ့တို့ဖေဖေနဲ့ စာကြည့် ငါတို့ကို ဘယ်သူ ပညာသင်ပေးသလဲ ” ဟု အစ်ကိုက ပြောရာ ညီနှစ်ယောက်မှာ ခေါင်းငုံ့လျက် မျက်ရည်ကိုသာ သုတ်၍နေကြလေ၏။
အိမ်ရှေ့၌ မောင်သံစဲ၍သွား၏။ မယ်မှုန်က ဘီးလစ်ထံကပ်ပြီး ငွေစက္ကူများကို ပေးလေ၏။ ထို့နောက် မီးဖိုသို့ သွားလေ၏။ မယ်စံနှင့် တွေ့သောအခါ......
“ ဒါ ညည်းယောက်ျားငွေတွေ၊ ညည်း ယူမလား ” ဟု မယ်မှုန်က ပြောလေ၏။
“ မလိုချင်ပါဘူး မမှုန်ရယ် ၊ သူ့ဟာသူ ပြန်ပေးလိုက်ပါ ” ဟု ပြောသဖြင့် မယ်မှုန် ထွက်လာသော အခါ ဘိုးကြောင်မှာ လက်ဝါးချင်းပွတ်လျက် ဘာကိုလုပ်ရမှန်းမသိပဲ အိမ်ဘက်ကိုသာ တမျှော်မျှော်ကြည့်၍ နေသည်ကို မြင်ရသဖြင့် မမှုန်က မိန်းမတစ်ယောက်အား ငွေစက္ကူများပေးပြီး “ ဟို အကောင်ကို သွားပေးလိုက်ပါ ” ဟု ပြောလေ၏ ။ မိန်းမလည်း သွား၍ပေးရာ ဘိုးကြောင်သည် ငွေစက္ကူများကို ယူပြီး မြန်မြန်ကြီး ထွက်၍သွားလေသတည်း။
နောင်နှစ်ပေါင်းနှစ်ဆယ်ကျော် အစိတ်ခန့် ကြာ၍သွားလေ၏ ။ ရန်ကုန်မြို့ ဖရေဇာလမ်း သားနားသော ခြံနှင့် အိမ်တစ်အိမ်ရှေ့ ပန်းခြံထဲတွင် ဓာတ်မီးရောင်၌ ကလေးကလေး လေးယောက် မြင်ခင်းပေါ်တွင် မြူးရွှင်ကစား၍ နေကြသည်ကို ပျိုရွယ်သော လင်မယားနှစ်ယောက်သည် ရပ်ကာ ကြည့်၍နေကြလေ၏။
ထိုအခိုက် ချည့်နဲ့စုတ်ပြတ်သော အဘိုးကြီးတစ်ယောက် ၀င်ရောက်၍လာရာ လင်မယားနှစ်ယောက်က ကြည့်၍နေကြပြီး မိန်းမက “ ဘာကိစ္စလဲ ” ဟု မေးလေ၏။
“ ရာဇ၀တ် ၀န်ကလေး ကိုဘဦး ရှိပါရဲ့လား ” ဟု မေးလေ၏။
“ ကျုပ်ပဲ ” ဟု ယောက်ျားကပြောပြီး အဘိုးကြီး၏မျက်နှာကို ကြည့်လိုက်ရာ အံ့အားသင့်၍နေလေ၏။
“ ဖေဖေလေ .... မမှိတ်မိတော့ဘူးလား ” ဟု အဘိုးကြီးက ပြောပြီး အနီးရှိ ခုံတန်းလျားပေါ်၌ ထိုင်ချကာ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ရှိုက်ငင်နေလေ၏။ ရာဇ၀တ် ၀န်ကလေးသည် မိမိ၏ မယားအား တီးတိုးစကားပြောရာ မယားဖြစ်သူက ကလေးများကို ခေါ်၍ အိမ်တွင်းဘက်သို့ လျင်မြန်စွာသွားလေ၏။
ရာဇ၀တ် ၀န်ကလေးသည် ၄င်း၏အရှေ့၌ရပ်ကာ .... “ အဖေမို့ မငြင်းနိုင်ဘူး၊အင်း...ဒုက္ခ၊ ဒုက္ခ... မြင်ရပုံလည်း ပုံပန်းမလှ၊ အဖေရယ်လို့ ပြောရမှာ အင်မတန် ခက်တာပဲ။ အခု ဘယ်အကြိုအကြားက ပေါ်လာတာလဲ ၊ စုတ် လှချည်လား ”
“ မင်းတို့အားလုံး ဒီရောက်နေတာကို ဖေဖေသိတာ လေးလကျော်ပြီ ။ ဖေဖေ ပြရုပ်မကောင်းလို့ မလာဘူး၊ ဖေဖေဘာဖြစ်နေတယ်ဆိုတာတော့ မပြောပါရစေနဲ့တော့ကွယ်၊ အကဲသာ ခတ်ပါတော့ ” ဟု ပြောသဖြင့် သေချာစွာကြည့်လိုက်သော အခါ....
“ ပျော်ရာမှာပဲ နေပါတော့လား ဖေဖေရယ် ၊ ဘာလို့ လာပြီး သတိပေးရတာလဲ ”
“ မနေနိုင်လို့ လာရပါတယ် သားရယ်။ ဖေဖေကြာကြာမနေရတော့ပါဘူး ၊ ဆေးဖိုးဝါးခကလေးသာ ပေးလိုက်ပါတော့ ၊ ဖေဖေ မြန်မြန် သွားပါ့မယ်။ နောက်ကိုလည်း မလာတော့ဘူး ” ဟု ပြောလေ၏။
“ သြော် ... သံဝေဂ ရလို့လာတာ မဟုတ်ဘဲကိုး ။ သေခါနီးမှာ ကောင်းကောင်းကလေးများ နေပါတော့လား ဖေဖေ ”
“ မနေနိုင်ဘူး .... မနေနိုင်ဘူး ၊ ဖေဖေလည်း သားအကြောင်းကို ဘယ်သူမှ သိအောင်မပြောဘူး ၊ အခု ငတ်နေတယ်၊ မာလည်း မမာဘူး ၊ အဟူး ... အဟူး.....”
“ ဆေးဝါးစားပြီး အေးအေးနေပါလား ၊ ဒီမှာ ကြည့်မယ့်လူတွေ အများကြီးပဲ ”
“ လူတွေများလို့ ဖေဖေ မနေနိုင်တာပေါ့ ၊ ဖေဖေ တော်ရာမှာ သေမယ် ၊ သေမှပဲ ဖေဖေတော့ ၀ဋ်ကျွတ် မှာပဲ ”
ရာဇ၀တ်ဝန်ကလေးသည် ၀မ်းနည်းစွာ ဦးခေါင်းကို ခါပြီး “ နေဦး ” ဟု ပြော၍ ထွက်သွားလေ၏။ အတန်ကြာမှ ပေါ်လာပြီး ငွေစက္ကူ လေး ၊ ငါးရွက်ကို ပေးလေရာ ဦးဘိုးကြောင်သည် တုန်လှုပ်သောလက် နှင့်ယူပြီး “ ဒါနောက်ဆုံးပဲ ၊ ဒီ ငွေများဟာ ဖေဖေ့ကို အဆုံးစီရင်မှာပဲ ။ ကိုင်း ... ဖေဖေ သွားမယ်၊ ဖေဖေ ရှိတယ်လို့ စိတ်မှာ မအောက်မေ့နဲ့ ၊ သေပြီ လို့ မှတ်လိုက် ” ဟု ပြောပြီး ထိုင်ရာမှ ကုန်းကိုင်းသော ကိုယ်ဟန်ကို တရွေ့ရွေ့သွားရှာလေတော့ သတည်း။
ထိုအခိုက် ဦးမြ ၊ ဒေါ်မှုန် ၊ ဒေါ်စံတို့သည် ကလေးများနှင့် အိမ်ထဲမှ ထွက်၍လာကြရာ ရာဇ၀တ်ဝန်ကလေးက ၄င်းတို့ထံပြေးပြီး မယားမကြားအောင် တီးတိုးစကားပြော၍ လက်ညှိုးညွှန်ပြ လေရာ တရွေ့ရွေ့ဝေး၍ သွားသောသ ဏ္ဌန်ကို လှမ်း၍ ကြည့်ကြလျက် အံ့သြ၍ နေကြလေ၏။ ဒေါ်စံသည်ကား ပျောက်ကွယ်၍ သွားသည့်တိုင်အောင် ကြည့်ရှာလေ၏။
ပြီးပြီ ။
ပီ-မိုးနင်း
0 comments:
Post a Comment